ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန်ဆီ မူးယစ်ဆေးအများဆုံးတင်သွင်းနေတဲ့ မူးယစ်ရာဇာကို ရုပ်ရှင်ဆန်ဆန် ဖမ်းမိ
- ရေးသားသူ, မက်ဇ်မက်ဇာ နဲ့ ဝဲလ်ဂရန့်
- ရာထူးတာဝန်, ဘီဘီစီ/မက္ကဆီကို သတင်းထောက်
ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး မူးယစ်ရာဇာလို့ ဆိုရမယ့် အစ္စမေး အယ်မာယို ဇမ်ဘာဒါကို အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် အယ်လ်ပါဆိုမြို့မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဇမ်ဘာဒါဟာ အခု အမေရိကန်မှာ အဖမ်းခံထားရပြီဖြစ်တဲ့ နောက်ထပ်မူးယစ်ရာဇာတစ်ဦးဖြစ်သူ အယ်လ်ချာပို နဲ့အတူ မက္ကဆီကိုမှာ ဆီနာလိုဝါမူးယစ်ဂိုဏ်းကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။
ဒီဂိုဏ်းက ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုအများဆုံးနဲ့ ဩဇာအကြီးဆုံး မူးယစ်မှောင်ခိုဂိုဏ်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုထဲကို မူးယစ်ဆေးဝါးအများဆုံးတင်သွင်းနေတဲ့ ဂိုဏ်းလို့ အမေရိကန်တရားရေးအရာရှိတွေက ပြောပါတယ်။
ဇမ်ဘာဒါ အဖမ်းခံရတာကြောင့် မက္ကဆီကိုမှာအံ့သြ ကုန်ကြပြီး အယ်လ်ချာပိုရဲ့ သားကြောင့် အဖမ်းခံရလို့ ပိုလို့အံ့သြကုန်ပါတယ်။
ဇမ်ဘာဒါ သတင်းပေးရင် ဒေါ်လာ ၁၅ သန်း ပေးမယ်
ဇမ်ဘာဒါဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး မူးယစ်ရာဇာတစ်ဦးလို့ဆိုနိုင်ပြီး အမေရိကဒေသမှာတော့ ဩဇာအကြီးဆုံး မူးယစ်ရာဇာပါ။
သူအဖမ်းမခံရရေးအတွက် မက္ကဆီကိုအစိုးရတစ်ဖွဲ့လုံးကို လာဘ်ပေးထားတယ်လို့တောင် စွပ်စွဲခံခဲ့ရပြီး အာဏာပိုင်တွေလက်ကနေ ဆယ်စုနှစ်များစွာ လွတ်မြောက်နေခဲ့သူလည်း ဖြစ်ပါတယ်။
ဇမ်ဘာဒါဟာ မက္ကဆီကိုမှာ နွားနို့ကုမ္ပဏီကြီးတစ်ခု၊ ဘတ်စ်ကားလိုင်းတစ်လိုင်း၊ ဟိုတယ်တစ်လုံးနဲ့ အိမ်ခြံမြေတွေအပါအဝင် တရားဝင်စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားတယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဇမ်ဘာဒါရဲ့ တူ ချေယို အန်ထရက်စ်လို့သိကြတဲ့ အလီဆီယို အင်ပယ်ရီယယ် ကက်စထရိုကလည်း အမေရိကန်က အလိုရှိနေသူဖြစ်ပြီး မက္ကဆီကိုမှာ မေလတုန်းက အလစ်အငိုက်တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။
အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအုပ်ချုပ်မှုအဖွဲ့ (DEA) က ဇမ်ဘာဒါကို ဖမ်းနိုင်အောင် သတင်းပေးနိုင်ရင် ဆုငွေ ဒေါ်လာ ၁၅ သန်းအထိ ချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဇမ်ဘာဒါကို ဖက်တန်နဲယ် မူးယစ်ဆေးတွေ ထုတ်လုပ်ဖြန့်ချိဖို့ ကြံစည်မှုနဲ့ အမေရိကန်ဥပဒေအရာရှိတွေက ဖေဖော်ဝါရီမှာ တရားစွဲဆိုခဲ့ပါတယ်။
ဖက်တန်နဲယ်ဟာ ဟီးရိုးအင်းထက် ပိုမိုအားပြင်းပြီး အသက် ၁၈ ကနေ ၄၅ နှစ်ကြား အမေရိကန်နိုင်ငံသားတွေ သေဆုံးမှုအတွက် အဓိကအကြောင်းရင်းဖြစ်တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောထားပါတယ်။
“ဖက်တန်နဲယ်ဟာ ကျွန်တော်တို့နိုင်ငံကြုံနေရတဲ့ ကြောက်စရာအကောင်းဆုံး မူးယစ်ဆေးဝါးပါ၊ ကျွန်တော်တို့ အသိုင်းအဝိုင်းကို အဆိပ်ခတ်နေတဲ့ မှောင်ခိုဂိုဏ်းခေါင်းဆောင်၊ အဖွဲ့ဝင်၊ အပေါင်းပါအားလုံးကို အပြစ်ပေးနိုင်ဖို့ တရားရေးဝန်ကြီးဌာနက ဆက်လုပ်သွားမှာပါ” လို့ အမေရိကန်ရှေ့နေချုပ် မားရစ် ဂါးလန့်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဇမ်ဘာဒါဟာ ဖက်တန်နဲယ် အမှုအပြင် မူးယစ်မှောင်ခိုမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ငွေမည်းခဝါချမှု၊ အုပ်စုဖွဲ့ရာဇဝတ်ဂိုဏ်းထောင်မှုတွေနဲ့ တရားစွဲဆိုခံရမှာဖြစ်ပါတယ်။
လှည့်စားခံရတဲ့ မူးယစ်ရာဇာ
ဇမ်ဘာဒါ နဲ့အတူ ဆီနာလိုဝါမူးယစ်ဂိုဏ်းကို ထောင်ခဲ့တဲ့ အယ်လ်ချာပို ဂုဇ်မန်းက အခုအချိန်မှာတော့ အမေရိကန်က အကျဉ်းထောင်တစ်ခုထဲမှာ ရှိနေပါတယ်။
၂၀၁၉ ခုနှစ်မှာ သူ့ကို ရုံးတင်တုန်းက သူ့ရှေ့နေတွေက ဇမ်ဘာဒါဟာ အကြောက်တရားကင်းကင်း၊ တရားစီရင်မခံရဘဲ လွတ်လပ်စွာနေခွင့်ရရှိရေးအတွက် မက္ကဆီကိုအစိုးရတစ်ဖွဲ့လုံးကို လာဘ်ပေးထားတယ် လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
“အမှန်အတိုင်းပြောရင် ကျွန်တော့် အမှုသည် ဂုဇ်မန်းက ဘာမှ မထိန်းချုပ်ခဲ့ပါဘူး၊ တကယ်ထိန်းချုပ်ခဲ့တာက ဇမ်ဘာဒါပဲ” လို့ ဂုဇ်မန်းရဲ့ ရှေ့နေ ဂျက်ဖရီ လစ်ချ်မန်းက ဂျူရီလူကြီးတွေကို ပြောခဲ့ပါတယ်။
အယ်လ်ချာပို ရဲ့ သား ဂုဇ်မန်း လိုပက်ဇ်က “သူ့အဖေ အဖမ်းခံရတာဟာ မာယို ဇမ်ဘာဒါ ကြောင့်”လို့ ယူဆတာကြောင့် အမေရိကန်အာဏာပိုင်တွေထံမှာ အဖမ်းခံခဲ့ပြီး ဇမ်ဘာဒါကို အာဏာပိုင်တွေလက်ထဲအပ်ခဲ့တာလို့ ဖောက်စ်သတင်းဌာနက သတင်းသမား ဘရိုင်ယန် လဲနာစ်က ပြောပါတယ်။
ဇမ်ဘာဒါနဲ့အတူ ဂုဇ်မန်းလိုပက်ဇ်လည်း အဖမ်းခံခဲ့ရတယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဂုဇ်မန်းလိုပက်ဇ်ဟာ ဇမ်ဘာဒါကို သီးသန့်လေယာဉ်တစ်စင်းပေါ်တက်စေဖို့ လှည့်စားနိုင်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့ပါတယ်။
မက္ကဆီကိုက လျှို့ဝှက်တည်ဆောက်ထားတဲ့ လေယာဉ်ကွင်းတွေကို သွားရောက်စစ်ဆေးမယ်ဆိုပြီး ဇမ်ဘာဒါကို အယုံသွင်းခဲ့တာလို့ ဆိုပါတယ်။
လေယာဉ်ဟာ တောင်ဘက်ကို ပျံသန်းမယ်လို့ ဇမ်ဘာဒါက ထင်ခဲ့ပေမယ့် မက္ကဆီကိုရဲ့ မြောက်ဘက်ကို ပျံသွားပြီး အမေရိကန်ပြည်ထောင်စု အယ်လ်ပါဆိုမှာ ဆင်းသက်ခဲ့တယ်လို့ ဖောက်စ်သတင်းဌာနက အမေရိကန်ရဲဘက် သတင်းအရင်းအမြစ်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီးဌာနနဲ့ အက်ဖ်ဘီအိုင်တို့က ဇမ်ဘာဒါကို လပေါင်းများစွာ စုံစမ်းထောက်လှမ်းမှုလုပ်ခဲ့အပြီးမှာ အခုလို ဖမ်းမိခဲ့တာလို့ မက္ကဆီကိုနဲ့ အမေရိကန်အစိုးရအရာရှိတွေကို ကိုးကားပြီး ဝေါစထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။
ဆီနာလိုဝါဂိုဏ်းဟာ ဖက်တန်နဲယ်ကို ဦးဆောင်ထုတ်လုပ်ပြီးအမေရိကန်ထဲကို နှစ်ပေါင်းများစွာ ခိုးသွင်းခဲ့လို့ နိုင်ငံသားထောင်ပေါင်းများစွာသေဆုံးပြီး လူ့အသိုင်းအဝိုင်းများစွာ ထိခိုက်နစ်နာခဲ့ရတယ် လို့ အမိမြေလုံခြုံရေးဝန်ကြီး အလက်ဟန်ဒရို မေယော်ကာစ်က ပြောပါတယ်။
“ဒီလိုဖမ်းဆီးနိုင်ခဲ့တာဟာ ဆီနာလိုဝါဂိုဏ်းလို နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွဲရေးဆိုတဲ့ အလုပ်ကို အက်ဖ်ဘီအိုင်နဲ့ မဟာမိတ်တွေ မမှိတ်မသုန်လုပ်နေတယ်ဆိုတဲ့ နမူနာတစ်ခုပါ” လို့ အက်ဖ်ဘီအိုင် ဒါရိုက်တာ ခရစ် ရေးကပြောပါတယ်။