အာဏာသိမ်း ၅ နှစ်၊ အာဆီယံဗဟိုပြုမြန်မာ့အရေးဖြေရှင်းရေးမူနဲ့ နိုင်ငံတကာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်နေ့ အတွက် ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါစတဲ့နိုင်ငံတွေရဲ့ထုတ်ပြန်ချက်မှာ တူညီစွာပါနေတဲ့အချက်က "အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆက်ထောက်ခံနေဆဲ" ဆိုတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။
ဒေသတွင်းအဖွဲ့အစည်းကတဆင့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေ မြန်မာမှာ ပြန်ရအောင်လုပ်မယ်လို့ ဒီနိုင်ငံတွေက ဆိုထားပါတယ်။
အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ ဧပြီမှာရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် (ASEAN Five-Point Consensus) ကိုပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဒီနှစ်ပိုင်းတွေအတွင်း တွန်းတွန်းတိုက်တိုက်ပြောခဲ့ကြပေမဲ့ ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌဖြစ်လာချိန်အထိ တစုံတရာအရွေ့မတွေ့ရသေးပါဘူး။
ဒါကြောင့် ၂၀၂၆ ခုနှစ်ထဲမှာ နိုင်ငံတကာက ဗဟိုချက်ပြုလာတဲ့ အာဆီယံရဲ့ မြန်မာ့အရေးဖြေရှင်းတာထက် ပြည်တွင်းစုဖွဲ့မှုကို ပိုပြီးဦးစားပေးမယ့်အခင်းအကျင်းကို ရည်ရွယ်ထားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောလာပါတယ်။
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲကြားက မြန်မာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့နိုင်ငံရေးဟာ နှုန်းစံအခြေပြုတာကနေ အကျိုးစီးပွားကနေအင်အားစုဖွဲ့တဲ့အခင်း အကျင်းကို ပြောင်းလာပြီဖြစ်လို့ ၂၀၂၆ ခုနှစ်ဟာ ပြည်တွင်းစုဖွဲ့မှုကို ပိုပြီးဦးစားပေးမယ့်နှစ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။
ယူကရိန်း - ရုရှားစစ်ပွဲ၊ အရှေ့အလယ်ပိုင်းအပြင် အမေရိကန်နိုင်ငံရေးအပြောင်းအလဲကြောင့်ပါ ပိုပြီးရှုပ်ထွေးတဲ့ ကမ္ဘာ့ပထဝီနိုင်ငံရေးအခင်းအကျင်းဖြစ်နေတာကြောင့် အခုခုနှစ်ထဲမှာ နိုင်ငံတကာက မြန်မာ့အရေးကို အလေးပေးအာရုံစိုက်ဟန်သိပ်မတွေ့ရဘူးလို့ အကဲခတ်တွေကလည်း သုံးသပ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချတာအပြင် အာဏာသိမ်းနှစ်ပတ်လည်ရောက်တည်း လူထုနဲ့တသားတည်ရှိကြောင်း ကြေညာချက်ထုတ်လေ့ရှိတဲ့ ရန်ကုန်အခြေစိုက်အမေရိကန်သံရုံးက အာဏာသိမ်း ၅ နှစ်ပြည့်အတွက် တစုံတရာမထုတ်ပြန်တာကလည်း ထူးခြားပါတယ်။
အာဏာသိမ်းမှု ၅ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်အတွက် နိုင်ငံတကာရဲ့ ထုတ်ပြန်ချက်မှာ "အာဆီယံ သဘောတူညီချက် ၅ ချက်ကို ဆက်ထောက်ခံတယ်" ဆိုပြီးပါဝင်လာတာကြောင့် ဒေသတွင်းကနေ ချဉ်းကပ်မယ့်ဟန်ကိုသာ ဆက်တွေ့ရပါတယ်။
လက်ရှိမှာတော့ အာဆီယံရဲ့အခန်းကဏ္ဍကိုကျော်လွန်ပြီး ဆောင်ရွက်မယ့်အနေအထားမတွေ့ ရသေးဘူးလို့ အကဲခတ်တွေက ဆိုကြတာပါ။
အခုနှစ်မှာ အာဆီယံဘုံသဘောတူညီချက်ရဲ့သက်တမ်းကလည်း ၅ နှစ်ပြည့်ပါတော့မယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီတုန်းက အင်ဒိုနီးရှားနိုင်ငံမှာလုပ်ခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီးနောက် သဘောတူညီချက် ၅ ချက်ထွက်လာခဲ့ပါတယ်။
- အကြမ်းဖက်မှုအားလုံးချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူအဘက်ဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန်
- သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေ ရှာကြရန်
- အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ ကူညီမှုကိုရယူပြီး ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို ညှိနှိုင်းပေးရန်
- အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းကူညီပေးရေးဌာနကတဆင့် လူသားချင်းစာနာမှုအကူအညီတွေ ပေးသွားရန်
- အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး ပြည်တွင်းက သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံရန်
ဒီအချက် ၅ ချက်တွေကို အာဏာသိမ်းယူခဲ့တဲ့စစ်တပ်က မလိုက်နာတာကြောင့် အကောင်အထည် ဖော်ရမယ့်ကာလအပိုင်းအခြားနဲ့ အရေးယူမှုတွေကိုပါ ထည့်သွင်းဖို့အတွက် လူ့အခွင့်အရေး လှုပ်ရှားတဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆက်တိုက်ထောက်ပြခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကော်မရှင်ကတော့ ဒီ ၅ ချက်ဟာ အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှသာ ထွက်ပေါ်လာ တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို မထိခိုက်တဲ့ကိစ္စတွေမှာ တက်နိုင်သမျှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာမှာပြောခဲ့ပါတယ်။
ဒါပေမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတွေဖြစ်ခဲ့တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားတို့က ဒီသဘောတူညီချက်ကိုအကောင်အထည်ဖော်ခဲ့ကြပြီး လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင် ကလည်း ဆက်အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။
၂၀၂၆ နှစ်စ ဇန်နဝါရီလမှာပဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေးသက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးတွေ (Stakeholder Engagement Meetings on Myanmar – SEMs) တွေကို ဦးဆောင်ကျင်းပခဲ့တဲ့ မလေးရှားနိုင်ငံက အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။
ဇန်နဝါရီနောက်ဆုံးအပတ်ထဲမှာပဲ လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်ဦးဆောင်ပြီး တော်လှန်ရေး အင်အားစုတွေပါဝင်တဲ့ SEMs အစည်းအဝေးကို ဆက်ကျင်းပခဲ့ကာ ဒီ ၅ ချက်အပေါ် ထပ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
"ဖိလစ်ပိုင်က မြန်မြန်ဆန်ဆန်တော့လုပ်တယ်။ မလေးရှားက လုပ်ခဲ့တဲ့လုပ်ငန်းစဉ်ကို ဆက်ယူမလား၊ အစကတည်ဆောက်ဦးမလားဆိုတာ စောင့်ကြည့်ရမယ်" လို့ Forum of Federations ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဝင်းမင်းက ပြောပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့အတွက် ညှိနှိုင်းရေးရုံး (coordination office) ဖွင့်ပြီး မြန်မာ့အတွက် အမြဲတမ်းအထူးကိုယ်စားလှယ်တစ်ဦးခန့်အပ်နိုင်ပြီးနောက်မှသာ ဘုံသဘောတူညီချက် ၅ ချက် ရဲ့ ဘောင်ထဲကနေ ထိရောက်တဲ့လုပ်ဆောင်ချက်တွေကို လုပ်နိုင်လိမ့်မယ်လို့ ဦးဝင်းမင်းက သုံးသပ်ပါတယ်။
အာဆီယံရဲ့ ဖွဲ့စည်းပုံအရ အလှည့်ကျဥက္ကဋ္ဌတွေတစ်နှစ်တစ်ကြိမ်ပြောင်းတာနဲ့အတူ မြန်မာအရေး ကိုယ်စားလှယ်တွေ တစ်နှစ်တစ်ကြိမ်ပြောင်းတာက ထိရောက်တဲ့ဖြေရှင်းမှုဖြစ်ဖို့ အားနည်းချက် ဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။
ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာမူနဲ့ အာဆီယံ

ဓာတ်ပုံ ရင်းမြစ်, MOI
အာဆီယံအပါအဝင် နိုင်ငံတကာဟာ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားကို အလဲထိုးနိုင်ဖို့အတွက် ပြတ်သားတဲ့အရေးယူမှုလိုပြီလို့ SAC-M ရဲ့ မြန်မာ့အာဏာသိမ်း ၅ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
SAC-M ဆိုတာ မြန်မာ့အရေးကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်းတွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
ဒါပေမဲ့အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဟာ "ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ" လို့ ဦးဝင်းမင်းက မြန်မာစကားပုံနဲ့ ခိုင်းနှိုင်းပါတယ်။
ဒါကို အကောင်အထည်ဖော်ဖို့အတွက် သုံးနိုင်ငံအလှည့်ကျဥက္ကဋ္ဌတွေ ပူးတွဲကိုင်တွယ်တဲ့ ပုံစံတစ်ခုကို အာဆီယံကကျင့်သုံးလာပေမဲ့ အချိန်ကန့်သတ်ချက်ရှိနေတာက ဖြေရှင်းရေးအတွက် စိန်ခေါ်ချက်ဖြစ်နေတာလို့ လူငယ်နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
"မြန်မာနိုင်ငံဟာ အာဆီယံအတွက်ကြီးကျယ်တဲ့ စိန်ခေါ်မှုဖြစ်တယ်" လို့ သူက ဆက်ပြောပါတယ်။
အခုဆိုရင် ဥက္ကဋ္ဌဟောင်း မလေးရှား၊ လက်ရှိ ဖိလစ်ပိုင်နဲ့ လာမယ့်နှစ်ဥက္ကဋ္ဌ စင်္ကာပူတို့ သုံးနိုင်ငံပူးတွဲလုပ်မယ့်သဘောပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံသုံးနိုင်ငံ လုပ်ဆောင်ချက်ကို အသိအမှတ်ပြုပြီး ဘုံသဘောတူညီချက် ၅ ချက်က အရေးပါတယ်လို့ အာဏာသိမ်း ၅ နှစ်ပြည့်တဲ့နေ့မှာပဲ ထုတ်ပြန်ပါတယ်။
ဘီဘီစီစကားပြောခွင့်ရတဲ့ နိုင်ငံရေးအကဲခတ်တချို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ဦးဆောင်ပါဝင်သူတွေကတော့ ၂၀၂၆ ခုနှစ်မှာတော့ အာဆီယံရဲ့အရွေ့အပေါ် မှီတည်လို့မရနိုင်ဘူးလို့ ဖြေကြပါတယ်။
အာဆီယံအနေနဲ့လက်တွေ့ကျတဲ့လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ဖို့လိုနေတဲ့ အခြေအနေပါ။
"အာဆီယံက ဒီထက်ပိုပြီးလက်တွေ့ကျတဲ့ လုပ်နိုင်တာတွေ၊ လုပ်စရာတွေအများကြီးလုပ်လို့ ရပါတယ်။ အနိမ့်ဆုံး စစ်ဘေးရှောင်ပြည်သူလူထုကိုထောက်ပံ့တာ၊ လေကြောင်းတိုက်ခိုက်မှုတွေမလုပ်ဖို့ ဖိအားပေးကန့်သတ်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တိုးမြှင့်ဖိအားပေးတာ၊ တန်းတူရည်တူ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ပေါ်ပေါက်လာဖို့ အခြေခံတွေ ဖြည့်ဆည်းပေးတာမျိုးတွေ စသဖြင့် လုပ်ပေးနိုင်တာတွေ များပါတယ်" လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ (ဗမသ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မယုယက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
GSCB အတွင်းရေးမှူးအဖွဲ့ဝင် ကိုနန်းလင်းကတော့ အာဆီယံနဲ့ ကုလသမဂ္ဂကြား ဟန်ချက်ညီမှု ရှိဖို့လိုအပ်တယ်လို့ ထောက်ပြပါတယ်။
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံမှာ တာဝန်ရှိ မရှိကို ကုလသမဂ္ဂရဲ့ယန္တရားတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာတာမျိုးလိုကိစ္စရပ်တွေအပါအဝင် စစ်တပ်ကျူးလွန်မှုနဲ့ပတ်သက်လို့ ဆောင်ရွက်ချက်တွေမှာ ကုလနဲ့ အာဆီယံပူးပေါင်းဆောင်ရွက်မှု မရှိနေဘူးလို့ ဆိုတာပါ။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကတော့ "အာဆီယံနဲ့ နီးနီးကပ်ကပ်ဆောင်ရွက်နေတယ်" လို့ ဇန်နဝါရီ ၂၈ ရက် သတင်းစာရှင်းလင်းပွဲမိန့်ခွန်းမှာ ထည့် ပြောခဲ့ပါတယ်။
ဒါပေမဲ့ အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ မြန်မာ့အရေးကိုင်တွယ်ရေး အရှေ့မရောက်တာဟာ တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်မှုမရှိတာကြောင့်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပြန် တာပါ။
မြန်မာ့အရေးဖြေရှင်းဖို့အတွက် နိုင်ငံတကာက ထိတွေ့ဆက်ဆံရာမှာ စစ်တပ်မှာ စစ်တပ်ကိုသာထိတွေ့ရပေမဲ့ တော်လှန်ရေးအင်အားစုတွေမှာတော့ ကွဲပြားမှုတွေ ရှိနေတယ်ဆိုပြီး ထောက်ပြမှုတွေဆက်တိုက်ရှိခဲ့တာပါ။
"နိုင်ငံခြားရေးမူဝါဒမှာ ညီညွတ်ရေးတည်ဆောက်ဖို့အရေးကြီးတယ်" လို့ လူငယ်နိုင်ငံရေး အကဲခတ်က ပြောပါတယ်။
တော်လှန်ရေးအင်အားစုတွေကြား ဘက်ပေါင်းစုံကြားညီညွတ်မှုကို ပြည်တွင်းမှာ တည်ဆောက်ပြီး သင့်တော်တဲ့ပုံစံတစ်ခုနဲ့ ပိုပြီးထိရောက်အောင်လုပ်သင့်ပြီလို့ သူက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်၊ ၅ နှစ်ပြည့်တော်လှန်ရေးအစုအဖွဲ့တွေရဲ့ထုတ်ပြန်မှုမှာလည်း ညီညွတ်ရေး တည်ဆောက်ဖို့မဖြစ်မနေလိုပြီလို့ တိုက်တွန်းထားပါတယ်။
"ညီညွတ်မှုအားနည်းတယ်။ အသွင်ကူးပြောင်းရေး အစီအမံသေချာမရှိနေဘူးဆိုတဲ့ ၂ ချက်နဲ့ အဓိက ထောက်ပြကြတယ်။ လာမယ့်နှစ်တွေမှာ ပိုကြိုးစားရမှာဖြစ်တယ်" လို့ GSCB အတွင်းရေးမှူး အဖွဲ့ဝင် ကိုနန်းလင်းက ပြောပါတယ်။
"ဒီအချက်တွေကိုပဲထောက်ပြပြီး မကူညီပဲနေတာ ထိရောက်တဲ့အကူအညီမပေးတာတော့ မဖြစ်သင့်ဘူး။ အပြန်အလှန်သက်ရောက်မှုရှိနေတယ်" လို့ သူက ဆက်ပြောပါတယ်။
အာဏာသိမ်း ၅ နှစ်တာအတွင်း သံတမန်ရေးရာမှာ စစ်တပ်ဟာ ချောင်ပိတ်မိနေတဲ့အခင်းအကျင်းကနေ လွန်မြောက် အားကောင်းလာခဲ့ပြီး တော်လှန်ရေးအင်အားစုတွေက စွမ်းဆောင်နိုင်စွမ်း မပြနိုင်ခဲ့တဲ့အခြေအနေလို့ ဝေဖန်မှုတွေကြုံနေရပါတယ်။ အထူးသဖြင့် မနှစ် ၂၀၂၅ ခုနှစ်ဟာ တော်လှန်ရေးဒီရေ အနိမ့်ကာလလို့ ဆိုကြပါတယ်။
"၂၀၂၆ မှာ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ အတွေးအခေါ် စည်းရုံးရေး ဒါတွေကို စုဖွဲ့တည်ဆောက်တာတွေကို အလေးပေးလုပ်ဖို့ စဉ်းစားထားတယ်။ အဲဒီကနေမှတဆင့် ကျွန်တော်တို့ခေါင်းဆောင်မှုအတွက် စုစည်းမှုကို မြှင့်တင်မယ်ဆိုတဲ့ စဉ်းစားချက်မျိုးကို မဟာဗျူဟာလိုမျိုး တောက်လျှောက်လုပ်နေတယ်" လို့ ကိုနန်းလင်းက ပြောပါတယ်။
ပြောင်းလဲနေတဲ့ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ မြန်မာအတွက်အခွင့်အလမ်းရနိုင်ဖို့ရှိ၊ မရှိကို မျက်ခြေမပြတ်ကြည့်ပြီး ပြည်တွင်းအင်အားနဲ့ နိုင်ငံတကာကြားချိန်ညှိကြမယ့်သဘောပါ။
"နိုင်ငံတကာဖိအားပေးမှုက အရန်ပါပဲ။ ကိုယ့်အားကိုယ်ကိုးပြီး ပိုအားစိုက်ထုတ်ကြဖို့ပါပဲ" လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ (ဗမသ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မယုယက ပြောပါတယ်။












