" USAID သာလုံးဝရပ်ခဲ့ရင် ကိုယ်ထူကိုယ်ထစနစ်နဲ့သွားရမယ်"

ဓာတ်ပုံ ရင်းမြစ်, USAID Burma
အမေရိကန်အစိုးရအစွမ်းထက်မှုဌာန (DOGE) ကိုဦးဆောင်နေတဲ့ အီလွန်မတ်စ်က အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကို ပိတ်ပစ်မယ်ဆိုတဲ့ပြောဆိုချက်ဟာ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေကြား နောက်ထပ်ရိုက်ခတ်မှုကြီးတစ်ခုကိုဖြစ်လာစေပါတယ်။
"ရက် ၉၀ ကိုကျော်လွန်သွားရင်ဆိုတဲ့အခြေအနေကို တိုင်ပင်နေကြရပြီ" လို့ ကရင်ဒုက္ခသည်များကော်မတီ (KRC) ရဲ့ အတွင်းရေးမှူး စောပွယ်ဆေးက ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီ ၂၃ ရက်ကထုတ်ပြန်တဲ့ USAID ရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်မယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့အမိန့်ကြောင့် အမေရိကန်ရဲ့ နိုင်ငံတကာအကူအညီတွေကို ရက် (၉၀) စာ အထောက်အပံ့ရက်ဆိုင်းခံထားရတာကိုဖြေရှင်းနေချိန်မှာပဲ အီလွန်မတ်စ်ရဲ့ ပြောဆိုချက် ထပ်မံထွက်ပေါ်လာတာပါ။
ဒါဟာ ထိုင်း - မြန်မာနယ်စပ်မှာရှိနေတဲ့ မြန်မာဒုက္ခသည်တွေရော ပြည်တွင်းက စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေရရှိဖို့အတွက်ပါ မရေရာတဲ့အခြေဆိုက်သွားစေခဲ့ပါတယ်။
မြန်မာကို USAID အကူအညီဘယ်လိုသွားနေလဲ
အမေရိကန်မှာတော့ USAID ဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၃ ရက်၊ တနင်္လာနေ့ရုံးတက်ရက်ကို အိမ်မှာပဲ နေခိုင်းထားပြီး ရာနဲ့ချီတဲ့ ဝန်ထမ်းတွေရဲ့ အီးမေးလ်တွေလည်း ဖွင့်မရ ဖြစ်ကုန်ကြောင်း စီဘီအက်စ် သတင်းမှာ ပါရှိပါတယ်။
သမ္မတထရမ့်ရဲ့ အကြံပေး အီလွန်မတ်စ်က အမေရိကန် ကွန်ဂရက် လွှတ်တော်က ဥပဒေနဲ့ ဖွဲ့စည်း တည်ထောင်ထားတဲ့အဖွဲ့တစ်ခုကို ပိတ်ဖို့အတွက် အာဏာမရှိဘူးလို့ ဆိုကြပေမဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုရဲ့ အုပ်ချုပ်မှုအောက် ပို့ပစ်ဖို့ ကြိုးစားနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။
အခုလိုမရေရာတဲ့အနာဂတ်နဲ့ရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ဟာ ခေတ်အဆက်ဆက်မြန်မာဒုက္ခသည်တွေအတွက် အထောက်အပံ့ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နယ်စပ်ဒေသတွေမှာရှိတဲ့ မြန်မာဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာရှိတဲ့ စစ်ရှောင်တွေရဲ့ ပညာရေး၊ ကျန်းမာရေးကအစ စားနပ်ရိက္ခာနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို USAID က တဆင့် အမေရိကန်အစိုးရက ထောက်ပံ့ကူညီလေ့ရှိတာကြောင့်ပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာအတွက်အကူအညီပေးဖို့အမေရိကန်လွှတ်တော်က အတည်ပြုခဲ့တဲ့ Burma Act အရ ထောက်ပံ့ငွေကြေးတွေကလည်း USAID ကနေပဲ လိုအပ်တဲ့နေရာတွေကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်တနှစ်တာအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အကူအညီအတွက် အမေရိကန်ဒေါ်လာ (၉၃) သန်းကျော်ကို USAID ကတဆင့်အကူအညီပေးထားကြောင်း နှစ်ချုပ်စာရင်းအရ သိရပါတယ်။
ဒီထောက်ပံ့ငွေအများစုဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၊ အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အပါအဝင် မဟာမိတ်အဖွဲ့တွေကတဆင့် မြန်မာကို အကူအညီစီးဆင်းတာဖြစ်ပါတယ်။
"Humanitarian Assistance (လူသားချင်းစာနာထောက်ထားမှုအကူအညီ) နဲ့ Development Assistance (ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီ) ဆိုပြီး USAID က နှစ်မျိုးခွဲပေးလေ့ရှိတယ်။ အခုက Development အပိုင်းကိုရပ်ချင်တဲ့ပုံပါ" လို့ လော့အိန်ဂျလိစ်ရောက်မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (LA2M) ၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက သုံးသပ်ပါတယ်။
ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ USAID အသုံးစရိတ်တွေကို ပြန်သုံးသပ်မယ့် ရက် (၉၀) ကာလမှာတော့ ထောက်ပံ့ရေးအကူအညီအကုန်လုံးရပ်ဆိုင်းနေတာဖြစ်ပြီး မြန်မာနယ်စပ်ကဒုက္ခသည်တွေနဲ့ စစ်ရှောင်သိန်းချီအပေါ် သက်ရောက်မှုရှိနေတာပါ။
ကရင်နီ လူဦးရေသောင်းနဲ့ချီအပေါ် သက်ရောက်မှုရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
ပြည်နယ်တဝက်ကျော် စစ်ဘေးသင့်နေတဲ့ ကယား (ကရင်နီ) ပြည်နယ်မှာဆိုရင် USAID အထောက်အပံ့ ရပ်ဆိုင်းမှုက ခန့်မှန်းလူဦးရေ အယောက် ၅,၅၀၀၀ အပေါ်ကို သက်ရောက်မှုရှိတယ်လို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ ကနဦးစာရင်းအရ သိရပါတယ်။
စားနပ်ရိက္ခာနဲ့ရေသန့်ရှင်းရေး (WASH) အကူအညီရပ်ဆိုင်းတာရဲ့သက်ရောက်မှုစာရင်းသာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးသက်ရောက်မှုတွေအတွက် စာရင်းပြုစုနေဆဲလို့ IEC အတွင်းရေးမှူး ကိုဗညားက ဘီဘီစီကို ပြောပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) က ဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးရေးပရောဂျက်လည်းရပ်နားထားရပြီ လူဦးရေအယောက် ၃,၀၀၀ ကျော်အပေါ် သက်ရောက်မှု ရှိပါတယ်။
"ထိုင်း - မြန်မာနယ်စပ်က ဒုက္ခသည်တွေရတဲ့အကူအညီရဲ့ ၅၀ ရာခိုင်နှုန်း နဲ့ ပြည်တွင်းကစစ်ဘေးရှောင်တွေ ရတဲ့ အကူအညီရဲ့ ၂၀ ရာခိုင်နှုန်းက USAID က လာပြီး အခုရပ်ထားရပါတယ်" လို့ ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) ရဲ့ ဥက္ကဋ္ဌ မော်ဖရေးမြာက ပြောပါတယ်။
ထိုင်းနိုင်ငံမှာနှစ်ဆယ်နဲ့ချီရှိနေတဲ့ ကရင်နီဒုက္ခသည်စခန်းတွေမှာသာမက ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှု ကြောင့် ပြည်တွင်းမှာရှိနေတဲ့ကရင်နီစစ်ရှောင်တွေကူညီရေးအတွက်ပါ USAID ထောက်ပံ့မှုက အဓိကကျခဲ့တဲ့အခြေအနေပါ။
အခုတော့ ထောက်ပံ့ငွေရပ်ဆိုင်းတာကို ဖြေရှင်းဖို့အတွက် ကိုယ်ထူကိုယ်ထဆောင်ရွက်တဲ့ ပုံစံနဲ့ ဆောင်ရွက်ထားပြီး ရက် (၉၀) စာအတွက်တော့ အရေးပေါ်ရန်ပုံငွေကနေ ထုတ်ယူသုံးစွဲနေရပြီလို့ မော်ဖရေးမြာကဆက်ပြောပါတယ်။
မဲဆောက်မှာရော ဘာတွေဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
အကြောင်းအရင်းမျိုးစုံနဲ့ တရားမဝင် မြန်မာစစ်ရှောင်နဲ့ ဒုက္ခသည်တွေခိုလှုံနေတဲ့ ထိုင်း - မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်က အရပ်ဖက်အဖွဲ့တွေကလည်း ဒီအခြေအနေကိုကျော်လွှားဖို့အတွက် ကိုယ်ထူကိုယ်ထ စနစ်နဲ့သွားမယ်လို့ ဘီဘီစီကို ပြောကြပါတယ်။
"မယ်လစခန်းကပိတ်ထားရတဲ့ ဆေးရုံကိုတော့ စခန်းထဲက မိသားစုဝင်တွေဆီက တစ်အိမ်ထောင် ဘယ်လောက်ဆိုပြီးကောက်ခံမယ်၊ ဒီရတဲ့ငွေနဲ့ ဆေးရုံကိုပြန်ဖွင့်ထားတယ်"
"ဒါကလည်း ငွေကြေးကုန်ကျစရိတ်ရဲ့ ၁၀ ပုံ ၁ ပုံစာပဲရှိတာပါ" လို့ ကရင်ဒုက္ခသည်များကော်မတီ (KRC) ရဲ့ အတွင်းရေးမှူး စောပွယ်ဆေး က လက်ရှိဖြေရှင်းဆောင်ရွက်ထားပုံကို ရှင်းပြပါတယ်။
ဒီဒုက္ခသည်စခန်းတွေကို ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က USAID က စီးဆင်းလာတဲ့ ထောက်ပံ့ငွေနဲ့ အကူအညီပေးခဲ့တာဖြစ်ပါတယ်။
IOM က အကူအညီရပ်ချိန်မှာ ဒုက္ခသည်စခန်းတွေက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် အဓိက သက်ရောက်ခဲ့ပြီး နေ့တွင်းချင်းဆေးရုံတွေရပ်နားခဲ့တာပါ။
ဒါပေမဲ့ စခန်းတာဝန်ခံတွေနဲ့ ထိုင်းဒေသန္တရအာဏာပိုင်တွေဆွေးနွေးပြီး ဆေးရုံကို ပြန်ဖွင့်ထားပါပြီ။
ရက် (၉၀) ပြန်စိစစ်နေတဲ့ကာလမှာ ဝန်ထမ်းတွေက စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ပြီး ကုန်ကျစရိတ်ကို ဒုက္ခသည်တွေက ကိုယ်ထူကိုယ်ထ မျှဝေခံမယ့်ပုံစံနဲ့သွားဖို့စီစဉ်ထားကြပါတယ်။
"ကျွန်တော်တို့မဲဆောက်မှာအကူအညီတွေရပ်လို့မဖြစ်ဘူး။ မဖြစ်ဖြစ်အောင် cover ဖြစ်အောင် လုပ်နေတယ်" လို့ မဲဆောက်မြို့အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
သူ့အဖွဲ့အစည်းကရရှိတဲ့ ထောက်ပံ့ငွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ USAID က ရတာဖြစ်ပြီး ပရောဂျက်တစ်ခုကို လုံးဝရပ်နားခဲ့ရကာ နှစ်ခုကတော့ ဆိုင်းငံ့အနေအထားဖြစ်ပါတယ်။
KNU တပ်မဟာတွေက စစ်ရှောင်တွေလည်း အခက်ကြုံ

ဓာတ်ပုံ ရင်းမြစ်, AFP
USAID ရဲ့ ထောက်ပံ့ငွေရပ်ဆိုင်းတာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာတွေမှာခိုလှုံနေတဲ့ ပြည်တွင်းစစ်ဘေးရှောင်အရေအတွက် အယောက် ၃၀,၀၀၀ အပေါ်မှာလည်း သက်ရောက်မှုရှိပြန်ပါတယ်။
တနင်္သာရီတိုင်းထဲက စစ်ရှောင်တွေအပြင် တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ် သာမက လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ တပ်မဟာ (၅) နယ်မြေထဲက စစ်ရှောင်တွေအတွက်ပါ အကူအညီပေးရေး အတွက် အခက်အခဲတွေရှိလာပါတယ်။
ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ (CIDKP) ရဲ့ ပရောဂျက်လေးခုအထိရပ်နားထားရပြီး ခန့်မှန်း အမေရိကန်ဒေါ်လာ တစ်သန်းနီးပါးထောက်ပံ့မှုဆိုင်းငံ့ခံထားရတဲ့အခြေအနေပါ။
"အရေးပေါ်ထောက်ပံ့ရေးပရောဂျက် နဲ့ စစ်ဘေးရှောင်တွေကိုရှေးဦးသူနာပြုသင်ကြားပေးတဲ့ ပရောဂျက် နှစ်ခုကတော့ Burma Act အရ USAID က ထောက်ပံ့တာပါ"
"USAID က ထောက်ပံ့တဲ့ စစ်ကာလအလွန်ကိုမျှော်မှန်းဆောင်ရွက်တဲ့ ပရောဂျက်နဲ့ ကျန်းမာရေးဆိုင်ရာ ပရောဂျက်လည်းရပ်ထားရပါတယ်" လို့ CIDKP ရဲ့ ဒုတိယညွှန်ကြားရေးမှူး စောခဲလီ က ဘီဘီစီကို ပြောပါတယ်။
CIDKP အတွက် USAID ဟာ ဒုတိယထောက်ပံ့ငွေအများဆုံးလမ်းကြောင်းတခုဖြစ်တာကြောင့် ဝန်ထမ်း အယောက် တစ်ရာနီးပါးကိုပါ လုပ်ခလစာမပေးနိုင်တဲ့အခြေအနေလို့ သိရပါတယ်။
CIDKP အပါအဝင် ဘီဘီစီမေးမြန်းခွင့်ရတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ USAID က ရပ်ဆိုင်းခံရတဲ့ ထောက်ပံ့ငွေတွေကို ကာမိဖို့အတွက် အခြားနိုင်ငံတကာအဖွဲ့တွေကနေ အကူအညီတောင်းခံတာတွေ အရေးပေါ် ဆောင်ရွက်နေရတယ်လို့ ဖြေကြပါတယ်။
ရက် (၉၀) အလွန်မှာ ဘာတွေဖြစ်လာနိုင်မလဲ

ဓာတ်ပုံ ရင်းမြစ်, KNWO
"ရီပတ်ဘလစ်ကန်တွေရဲ့သဘောအရ ဘတ်ဂျက်ကလျော့မှာပဲ။ ဒါပေမဲ့ သူတို့က ဝန်ဆောင်မှုကို လျော့ချင်တာမျိုးဆိုရင် အောက်ခြေကို ထိရောက်တာပိုများနိုင်မယ်" လို့ လော့အိန်ဂျလိစ်ရောက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (LA2M) ၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက သူ့ အမြင်ကို ပြောပါတယ်။
သမ္မတထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ ကြွေးကြော်ချက်အရ အသုံးစရိတ်တွေကို လျှော့ချမှာဖြစ်ပြီး USAID အပါအဝင် အရပ်ဖက်အဖွဲ့အစည်း NGO/ INGO တွေရဲ့ ကဏ္ဍကိုလျှော့ချင်တဲ့သဘောလို့ သူက ဆိုပါတယ်။
"အကူအညီတွေရဲ့ ၁၂.၅ ရာခိုင်နှုန်းပဲ လိုအပ်တဲ့သူတွေဆီ ရောက်နေလို့ပါ" လို့ ဦးဂျိမ်းရွှေက ဆက် ပြောပါတယ်။
ဒါပေမဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေကတော့ USAID ထောက်ပံ့ငွေ ရပ်ဆိုင်းတဲ့ ရက် (၉၀) အလွန် အခင်းအကျင်းအတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။
မဲဆောက်က လူ့အခွင့်အရေးဆိုင်ရာအကူအညီပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ကတော့ စိုက်ပျိုးရေးလုပ်ငန်း၊ တနိုင်တပိုင်စက်ချုပ်လုပ်ငန်းတွေလုပ်ကိုင်ပြီး ကိုယ်ပိုင်ဝင်ငွေရအောင်စီစဉ်ဆောင်ရွက်နေပါတယ်။
"ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ပြန်လုပ်ရမယ်၊ ရက် ၉၀ အလွန်က အခြေအနေမကောင်းပါဘူး" လို့ မဲဆောက်မြို့အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ရက် (၉၀) စာအတွက် အခြားနိုင်ငံတကာအကူအညီပေးရေးအစီအစဉ်တွေကနေ အရေးပေါ် ထောက်ပံ့မှု ရခဲ့ပေမဲ့ ရေရှည်အတွက် စီစဉ်ဆောင်ရွက်ဖို့လိုပြီလို့ သူက သုံးသပ်ပါတယ်။
စခန်းအပြင်ထွက်စီးပွားရေးလုပ်ကိုင်ခွင့်မရှိတဲ့ ထိုင်း - မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကတော့ ထိုင်းအာဏာပိုင်တွေနဲ့ဆွေးနွေးပေမဲ့ ငွေကြေးပိုင်းဆိုင်ရာအကူအညီအတွက် တစုံတရာကူညီမှု မရသေးဘူးလို့ သိရပါတယ်။
USAID ရဲ့ အပြောင်းအလဲဟာ နယ်စပ်ကဒုက္ခသည်စခန်းအပေါ် သက်ရောက်မှုကြီး တာကြောင့် စိုးရိမ်နေတဲ့အကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) ရဲ့ အတွင်းရေးမှူး စောပွယ်ဆေးက ပြောပါတယ်။
"ကိုယ်ထူကိုယ်ထစနစ်နဲ့သွားရတော့မယ်။ ရက် ၉၀ ကို ကျော်လွန်သွားရင်က နိဂုံးချုပ်တခုကို ရောက်သွားမလားပဲ"









