ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာမှာ အရပ်သားတွေကို အစ္စရေး ပိုကာကွယ်ပေးဖို့ အိုင်စီဂျေ အမိန့်ထုတ် - ဇန်နဝါရီ ၂၆ ရက် နိုင်ငံတကာသတင်းများ
ဂါဇာမှာ အရပ်သားတွေကို ပိုပြီး အကာအကွယ်ပေးဖို့ အစ္စရေးကို နိုင်ငံတကာ ရာဇဝတ် တရားရုံး အိုင်စီဂျေ က အမိန့်ထုတ်လိုက်ပေမဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့တော့ မတောင်းဆိုခဲ့ပါဘူး။
ဂါဇာမှာ အစ္စရေးဟာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ တောင်အာဖရိက ကနေ အစ္စရေးကို အိုင်စီဂျေ မှာ တိုင်တန်း တရားစွဲခဲ့တာပါ။
ဒါကြောင့် ဒီအမှုကို အိုင်စီဂျက ကြားဖြတ် အစီအမံတရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အိုင်စီဂျေ ဥက္ကဋ္ဌ တရားသူကြီး ဂျုံးဒေါ့နော့ဟျူးကတော့လက်ရှိ အခြေအနေမှာ အစ္စရေးဟာ လူမျိုးတုံး သတ်ဖြတ်မှု ကွန်ဗန်းရှင်းအောက်ကအချက်တွေကို ချိုးဖောက်ခဲ့သလားဆိုတာ တရားရုံးအနေနဲ့ သေသေချာချာ စိစစ်လေ့လာဖို့ မလိုသေးဘဲ၊ တရားရုံးအနေနဲ့ ဒီအမှုအကြောင်းချင်းရာကို လေ့လာစမ်းစစ်တဲ့ အဆင့်ကျမှသာ ဘယ်လိုတွေ့ရှိလဲဆိုတာ သိရမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ထိပ်တန်း တရားရုံး ဖြစ်တဲ့ အိုင်စီဂျေ အနေနဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ လအတန်ကြာ အချိန်ယူရမှာ ဖြစ်ပါတယ်။
ဒီတရားစွဲမှုနဲ့ ပတ်သက်လို့ အစ္စရေးကတော့ ဒါတွေဟာ သူတို့အပေါ် မမှန်မကန် စွပ်စွဲ ပြောဆိုချက်လို့ ဆိုပါတယ်။
အိုင်စီဂျေ အနေနဲ့ကတော့ အမိန့်ချမှတ် နိုင်တာသာ ရှိပြီး သူတို့အမိန့်ကို လိုက်နာ အကောင်အထည် ဖော်ဖို့ အပြစ်ပေး အရေးယူနိုင်တဲ့ အနေအထားတော့ မရှိပါဘူး။
အစ္စရေးလေကြောင်း တောင်အာဖရိက နိုင်ငံက ဂျိုဟန်းနစ်စဘတ်မြို့ကို ပျံသန်းမှု ရပ်တော့မယ်
အစ္စရေး လေကြောင်းလိုင်း အီလ် အယ်လ် အဲလိုင်းဟာ မတ်လကုန်ကစပြီး တောင်အာဖရိက နိုင်ငံ ဂျိုဟန်းနစ်စဘတ်မြို့ကို ပျံ့သန်းမှုတွေ ရပ်ဆိုင်းမယ်လို့ ကြေညာပါတယ်။
သူတို့ လေကြောင်းလိုင်း အသုံးပြုတဲ့ ခရီးသွားတွေ သိသိသာသာ ကျဆင်းတာကြောင့်လို့ ဆိုပါတယ်။
ဒါပေမယ့် တောင်အာဖရိကက အစ္စရေးကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ သည်ဟိတ်ခ်မြို့က နိုင်ငံတကာ ရာဇဝတ် တရားရုံး အိုင်စီဂျေ မှာ တရားစွဲခဲ့ပြီးနောက် အခုလို အစ္စရေးလေကြောင်း တောင်အာရိကကို ပျံသန်းမှု ရပ်ဆိုင်းကြောင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အစ္စရေး အများအပြားဟာ တောင်အာရိကကို မသွားလိုတော့ဘဲ သူတို့လက်မှတ်တွေ ဖျက်သိမ်းလာကြတယ်လို့ အီအယ်လ် အယ်လ် လေကြောင်းလိုင်းပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။
ဆိုးလ်မြို့က လူကုံထန် အရပ်မှာ အာဏာရပါတီအမတ် ခေါင်းကို ခဲနဲ့ထုခံရ
တောင်ကိုရီးယား နိုင်ငံရေးသမားတွေကြား သဘောထား ကွဲပြားမှု ရှိနေပေမယ့် အာဏာရပါတီ အမတ် ဖေရန်ဂျင်း တိုက်ခိုက်ခံရပြီး ဆေးရုံတက် ကုသနေရတဲ့အခြေအနေကို ရှုတ်ချလိုက်ပါတယ်။
သူဟာ မနေ့ ကြာသပတေးနေ့တုန်းက ဆိုးလ်မြို့တော်က လူချမ်းသာတွေ နေထိုင်ရာ ဂမ်နမ် အရပ်မှာ ဦးခေါင်းကို ခဲနဲ့ အကြိမ်ကြိမ်ထု တိုက်ခိုက်ခံခဲ့ရတာပါ။
သူ့ကို တိုက်ခိုက်သူဟာ အသက် ၁၅ နှစ်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့နေသူလို့ ရဲက ပြောပါတယ်။
သမ္မတ ယွန်းဆွတ်ယိုး ကတော့ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုလို့ ဆိုပါတယ်။
အခုလ အစောပိုင်းတုန်းကလဲ တောင်ကိုရီးယားမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အီဂျေမြောင်း ဟာ ဘူဆန် ဆိပ်ကမ်းမြို့မှာ သတင်းထောက်တွေနဲ့ စကားပြောနေစဉ် လည်ပင်းကို ဓားနဲ့အထိုးခံခဲ့ရတာ ဖြစ်ပါတယ်။
ပြည်ပ အလုပ်သမား သန်းနဲ့ချီပြီး ဂျပန်မှာ ပထမဆုံး လက်ခံ
ဂျပန်မှာ ပထမဆုံး အနေနဲ့ ပြည်ပလုပ်သားနှစ်သန်းကျော်ကို ခန့်ထားခဲ့ပါတယ်။
တိုင်းပြည်အတွင်းမှာ သက်ကြီးရွယ်အို ဦးရေတိုးလာပြီး လုပ်သားအင်အား လိုအပ်လျက် ရှိနေချိန်မှာ ခန့်ထားလိုက်တာပါ။
အခုနောက်ဆုံး ခန့်ထားခဲ့တဲ့ အထဲမှာ ဗီယက်နမ်နိုင်ငံက လုပ်သား ၄ ပုံတပုံ ရှိပြီး တရုတ်၊ဖိလစ်ပိုင်နဲ့ နီပေါတို့ကလည်း လာရောက် လုပ်ကိုင်ကြပါတယ်။
အရင်ကတော့ ဂျပန်မှာ ပြည်ပလုပ်သား လက်ခံမှု အရေအတွက် အနည်းအကျဉ်းသာ ရှိခဲ့ပြီး အခုတော့ မူဝါဒတွေ ပြောင်းလဲ လာတာ ဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံတကာက ဂျပန်မှာ လာရောက် လုပ်ကိုင်သူတွေ အနေနဲ့ ဂျပန်စကား ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုပြီး မိသားစု ခေါ်ခွင့် မရတဲ့ အခက်အခဲတွေ ရှိနေပါတယ်။
လစ်ဗာပူးနည်းပြ ရာထူးက ထွက်ခွာမယ်
နာမည်ကျော် လစ်ဗာပူးလ် ဘောလုံးအသင်း မန်နေဂျာ ယာဂန်ကလော့ပ် ဟာ အခုဘောလုံးရာသီ ကုန်ရင် ရာထူးက ဆင်းတော့မယ်လို့ ကြေညာလိုက်ပါတယ်။
အသက် ၅၆ နှစ်ရှိ ပရီးမီးယားလိဂ် ထိပ်တန်းအသင်း နည်းပြဟာ သူ့အနေနဲ့ အားအင်ကုန်ခန်း လာပြီလို့ ဆိုပါတယ်။
သူဟာ ၂၀၁၅ ကတည်းက လစ်ဗာပူးလ် အသင်းကို တာဝန်ယူခဲ့တာပြီး သူ့လက်ထက်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အပါအဝင် ဆုဖလားပေါင်း ၆ ခုကို ရယူပေးနိုင်ခဲ့ပါတယ်။