ဇွန် ၁၄ ရက် ထိပ်တန်းသတင်းများ - ဒေါ်အောင်ဆန်းစုကြည်ကို သွားမတွေ့ခဲ့ဘူးလို့ စစ်ကောင်စီ ငြင်းဆို

ကျပ် သိန်းငါးရာ ချီးမြှင့်မယ့် တအာင်းထီ ရောင်းချ

တအာင်းထီ

ဓာတ်ပုံ ရင်းမြစ်, Ta'ang Lottery

ထီလက်မှတ် တစ်စောင် ကျပ်နှစ်ထောင်နဲ့ ရောင်းချမယ့် တအာင်းထီကို အမြင့်ဆုံးဆုငွေ ကျပ်သိန်းငါးရာချီးမြှင့်မယ်လို့ တအာင်းတပ် TNLA ထိန်းချုပ်မှုအောက်မှာရှိတဲ့ ထီလုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့က ကြေညာလိုက်ပါတယ်။

တအာင်းပညာရေးကိုထောက်ပံ့ဖို့ ရည်ရွယ်တယ် ဆိုတဲ့ တအာင်းထီ ကို ဇူလိုင် ၁ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး တအာင်းအမျိုးသားပညာရေးကော်မတီက ဦးဆောင်ဖွင့်လှစ်တယ်လို့ သိရပါတယ်။

ထီရောင်းချငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုချီးမြှင့်မှာဖြစ်ပြီး ၇၀ ရာခိုင်နှုန်းကို တအာင်းပညာရေးကိုထောက်ပံ့သွားမယ်လို့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

ဆုကြေးငွေတွေကိုတော့ အမြင့်ဆုံး ကျပ်သိန်းငါးရာကစပြီး ကျပ်သိန်းတစ်ရာဆု၊ ကျပ်သိန်းငါးဆယ်ဆု၊ ကျပ်ဆယ်သိန်းဆု၊ ကျပ်ငါးသိန်းဆု နဲ့ ကျပ်တစ်သိန်းဆု အထိ ချီးမြှင့်သွားမယ်လို့ ကြေညာပါတယ်။

Online ကရော ထီအရောင်းကိုယ်စားလှယ်တွေက တစ်ဆင့်ပါ ရောင်းချမယ် လို့သိရပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သာမက လားရှိုး နဲ့ ကျောက်မဲ လို စစ်တပ်ရှိတဲ့ မြို့တွေမှာပါ ထီထိုးနိုင်တယ်လို့ ထီလုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့က ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ထီလုပ်ငန်းကို အစိုးရကပဲ ထိန်းချုပ်ဖွင့်လှစ်ခဲ့ရာကနေ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ အမျိုးသာညီညွတ်ရေးအစိုးရရဲ့ နွေဦးထီ ၊ ချင်းပြည်နယ်မှာ တူမီးထီ၊ ကရင်ပြည်နယ်မှာ ကော့သူးထီ နဲ့ အခု ရှမ်းပြည်နယ်မှာ တအာင်းထီ စသဖြင့် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့် ကျန်းမာရေးမကောင်းဖြစ်နေ

သမ္မတဦးဝင်းမြင့်

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu/AFP

တောင်ငူထောင်မှာ အကျဉ်းချခံထားရတဲ့ သမ္မတဦးဝင်းမြင့် ကျန်းမာရေးမကောင်းလို့ ပြင်ပဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ တောင်းဆိုထားတဲ့အကြောင်း မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေလကဖြစ်ပွားခဲ့တဲ့ တောင်ငူထောင်ကအကျဉ်းသားတွေ ထွက်ပြေးတဲ့ ဖြစ်စဉ်မတိုင်ခင်ကလည်း မိသားစုဝင်တွေက တောင်းဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။

ဦးဝင်းမြင့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးကို မေးမြန်းထားပြီး ပြန်အကြောင်းပြန်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အကျဉ်းချခံထားရတဲ့ NLD အစိုးရအဖွဲ့ဝင်တချို့ကို ထောင်ပြင်ပက ဆေးရုံတွေမှာ ဆေးကုသခွင့်ပေးခဲ့ဖူးတဲ့ဖြစ်စဥ်တွေ ရှိခဲ့ဖူးပါတယ်။

စစ်တွေအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ NLD ရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြီးခဲ့တဲ့မေလက ရန်ကုန်မြို့မှာ မျက်စိလာခွဲခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် ရမည်းသင်းထောင်မှာ ချုပ်နှောင်ခံခဲ့ရဖူးတဲ့ NLD စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း နဲ့ နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့ကိုလည်း ထောင်ပြင်ပဆေးရုံတွေမှာ ဆေးကုသမှု ခံယူဖို့ ခွင့်ပြုခဲ့ဖူးပါတယ်။

သမ္မတ ဦးဝင်းမြင့်ဟာ အမှု ၈ မှု နဲ့ ထောင် ၁၂ နှစ် ချမှတ်ခံထားရတာပါ။

ဆားတောင်က ရွာသုံးရွာ မီးရှို့ခံရပြီး လူဆယ်ချီအဖမ်းခံရ

ဇွန် ၁၁ ရက်က မီးရှို့ခံခဲ့ရတဲ့ ဆားတောင်မြို့ထဲက ရုံးပင်ရွာ

ဓာတ်ပုံ ရင်းမြစ်, YP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့က သာဇင်၊အိုင်းဓမ္မနဲ့ အင်းမကျေးရွာတို့ နှစ်ရက်ဆက်တိုက် မီးရှို့ ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က စစ်ကြောင်းထိုး မီးရှို့ခံခဲ့ရလို့ အိမ်‌ခြေ ရှစ်ရာ နဲ့ တစ်ထောင်ကြားရှိတဲ့ သာဇင်ရွာရဲ့ သုံးပုံနှစ်ပုံလောက် မီးလောင်ပျက်စီးသွားခဲ့ တယ်လို့ ‌ဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။

ရွာကို မီးမရှို့ခင် စစ်ကောင်စီတပ်တွေနဲ့ ‌ဒေသခံ ပြည်သူ့ကာကွယ်‌ရေးတပ်တွေကြားမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး သာဇင်ကျေးရွာက ရွာသား ၄၀ ဝန်းကျင် အဖမ်းခံခဲ့ရတယ်လို့ ‌‌ဒေသခံတွေက ‌ပြောပါတယ်။

အဖမ်းခံရသူတွေထဲက အမျိုးသမီးတွေကိုပြန်လွှတ်ပြီး အမျိုးသား ၃၀ လောက်ကို သာဇင်ရွာ အနောက်ဘက်က ဘောဂကျောင်းတိုက်မှာ ဖမ်းဆီးထားတယ်လို့ စစ်ကိုင်းတိုင်း သတင်းတွေကို ဖော်‌ပြပေးနေတဲ့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။

“မနေ့က ဆားတောင် အနောက်ဘက်က သာဇင်ပေါ့။ မီးဝင်ရှို့တယ်။ ဒီနေ့ သာဇင် အနောက်ဘက်က အိုင်းဓမ္မကို ရှို့တယ်။ ပြီးတော့ အင်းမရွာကို ထပ် ရှို့တယ်။ ဒီနေ့တော့ သာဇင်ဘက်ကို ပြန်ခေါက်သွားပြီဗျ။”

အခု စစ်‌ကြောင်းက ဝက်လက်ဘက်ကနေ စစ်ကိုင်းမြို့နယ်ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခု ဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာ သိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းမှာ မီးရှို့ခံခဲ့ရတဲ့ အိမ်ပေါင်း ငါးသောင်းသုံးထောင်ကျော် ရှိနေပြီလို့ ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

NLD ပါတီဝင် ၁၂၀၀ ဖမ်းဆီးခံထားရ

NLD ရုံးချုပ်အနီး တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် (၇၇) ဦး အပါအဝင် ပါတီဝင် ၁၂၀၀ ဖမ်းဆီးခံထားရတယ်လို့ NLD လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဖမ်းဆီးခံထားရစဉ် သတ်ဖြတ်ခံရသူ နဲ့ ပြင်ပမှာ သတ်ဖြတ်ခံရသူ (၃၈၁၈) ဦးရှိတဲ့အထဲ NLD ပါတီဝင် (၉၃) ဦး ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

၂၀၂၃ ခုနှစ် မေလ(၃၁) ရက်နေ့အထိ ရရှိထားတဲ့ အဲဒီအဖွဲ့ရဲ့မှတ်တမ်းတွေအရ အကြမ်းဖက်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တစ်ထောင်ကျော်ရှိခဲ့ပြီး အိုးအိမ်အဆောက်အအုံ ငါးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် (၁၇၁) ဦး နဲ့ ပါတီဝင် သုံးရာကျော်ရဲ့ နေအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းဆည်းခံရတယ်လို့ NLD က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပါတီရုံးချုပ်အပါ ပါတီရုံးတွေ ကျူးကျော်ဖျက်ဆီးတာ နဲ့ ပါတီပိုင်ပစ္စည်းတွေကို အဓမ္မယူဆောင်တာ ၁၅၄ ကြိမ် ရှိခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

NLD ရဲ့ ထုတ်ပြန်ချက်ထဲ ပါတီဝင်တွေအပြင် အရပ်သားထိခိုက်သေဆုံးမှုတွေကိုပါ ဖော်ပြခဲ့ပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်ရဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး လမ်းစဉ် နဲ့ စစ်ကောင်စီရဲ့ကျူးလွန်မှုတွေ အပေါ်နိုင်ငံတကာဥပဒေတွေနဲ့အညီ ဖော်ထုတ်အရေးယူနိုင်ရေးကို အခုထက်ပိုမို ထိရောက်စွာ ဆောင်ရွက်ပေးစေလိုတယ် လို့ တိုက်တွန်းထားပါတယ်။

NLD ပါတီထောင်ပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာကျင်းပတဲ့အထွေထွေရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တိုင်းအနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်ကောင်စီက ပါတီတွေမှတ်ပုံပြန်တင်ခိုင်းတဲ့အချိန်မှာ မှတ်ပုံပြန်မတင်ခဲ့လို့ ဖျက်သိမ်းခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သွားမတွေ့ခဲ့ဘူးလို့ စစ်ကောင်စီ ငြင်းဆို

ဒေါ်အောင်ဆန်းစုကြည် တရားခွင်

ဓာတ်ပုံ ရင်းမြစ်, MOI

ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားတဲ့ နေရာကို စစ်ကောင်စီ အတိအကျမပြော

အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေ သွားတွေ့တယ်လို့ သတင်းတွေထွက်ပေါ်နေမှုကို စစ်ကောင်စီဘက်က ငြင်းဆိုလိုက်ပါတယ်။

‘’ကောလာဟလတွေပါ’’ လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒါပေမယ့် သတင်းဌာနတချို့ကတော့ နေပြည်တော်က သတင်းအရင်းအမြစ်တချို့ကို ကိုးကားပြီး လက်ရှိစစ်ကောင်စီဝင်တွေဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ကို နှစ်ကြိမ် သွားတွေ့ခဲ့တယ် လို့ ဖော်ပြခဲ့ကြပါတယ်။

NLD ပါတီ မှတ်ပုံပြန်တင်ရေးကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့လပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင်တချို့နဲ့ တွေ့ဖို့ စီစဉ်ပေးပြီးတဲ့နောက် စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားမတွေ့ခဲ့ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွေ့လိုက်ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့မှုအပေါ် ဘီဘီစီက မေးမြန်းခဲ့ပေမယ့် ဗိုလ်ချုပ်ဇော်မင်းထွန်း က အတိအကျ မဖြေဆိုခဲ့ပါဘူး။

ဒါ့အပြင် နေပြည်တော်အကျဉ်းထောင်ထဲမှာပဲ ချုပ်နှောင်ထားသလား လို့ ဘီဘီစီက ထပ်ဆင့်မေးမြန်းမှုအပေါ် ‘’နဂိုရှိတဲ့နေရာမှာပဲ ရှိပါတယ်’’ လို့ သာ ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်တယ်လို့ သူကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားပြီး နေပြည်တော်အချုပ်ထောင်မှာ ချုပ်နှောင်ထားပေမယ့် နောက်ပိုင်းမှာ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွေ့ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါတယ်။