မော်ရိုကိုငလျင် လူ ၁,၀၀၀ ကျော် သေ၊ မြောက်ကိုရီးယား စိန်ရတု စစ်ရေးပြပွဲနဲ့ စက်တင်ဘာ ၉ ညချမ်းသတင်းများ

မော်ရိုကိုငလျင် လူ ၁,၀ဝဝ ကျော် သေ

morocco

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အပျက်အစီးပုံတွေအောက်မှာ မိသားစုတွေ ပိတ်မိ

သောကြာနေ့ညက မော်ရိုကိုမှာ ငလျင်ကြီးလှုပ်လို့ အခုထိ လူ ၁,၀ဝဝ ကျော် သေဆုံးခဲ့ပြီလို့ သိရပါတယ်။

လူအများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။

လူနေကျဲတဲ့ အတ်တလပ်စ် တောင်တန်းဒေသမှာ ၆.၈ ပြင်းအားရှိတဲ့ ငလျင် လှုပ်ခဲ့ပြီး နိုင်ငံ အနောက်တောင်ပိုင်း မဲရားကတ်ရှ် မြို့ကနေ ကီလိုမီတာ ၇ဝ လောက် ဝေးပါတယ်။

ရွာလုံးကျွတ် စိစိညက်ညက်ကျေသွားပြီး အပျက်အစီးပုံတွေအောက်မှာ မိသားစုတွေ ပိတ်မိနေကြပါတယ်။

ဒီနေရာတွေကို သွားဖို့ကလည်း မြေပြိုမှုနဲ့ လမ်းပျက်စီးမှုတွေကြောင့် ခက်ခဲနေပါတယ်။

မဲရားကတ်ရှ်က ဆေးရုံတွေမှာလည်း ဒဏ်ရာရသူတွေနဲ့ ပြည့်နှက်နေပြီး သွေးလှူပေးကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက ဆော်သြနေပါတယ်။

အာဖရိကသမဂ္ဂကို ဂျီ ၂ဝ ဝင်ဖို့ ဖိတ်

India

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဂျီ ၂ဝ ပွဲ အိမ်ရှင် အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီ

အာဖရိက သမဂ္ဂကို ဂျီ ၂ဝ စက်မှုအင်အားကြီးအဖွဲ့ရဲ့ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဒေလီမှာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ အဖွင့်မှာ ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီလို အဖွဲ့ဝင်ခွင့်ပေးတဲ့အတွက် ကမ္ဘာ့စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အာဖရိကတိုက်ကို ပိုပြီး ကူညီပါ၀င်ခွင့် ရစေတယ်လို့ အဖွဲ့ ဥက္ကဋ္ဌ မောင်ဆာ ဖာကီမိုဟာမတ်က ပြောကြားခဲ့ပါတယ်။

ဒီလို ဖိတ်ခေါ်တာကို ကင်ညာနဲ့ နိုင်ဂျီးရီးယားတို့ကလည်း ကြိုဆိုခဲ့ကြပါတယ်။

မြောက်ကိုရီးယား စိန်ရတု စစ်ရေးပြပွဲ

north Korea

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း

မြောက်ကိုရီးယား တည်ထောင်တာ ၇၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲကြီးကို နိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

တရုတ် နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သလို ရုရှားဘက်က အက အဖွဲ့လည်း လာပါတယ်။

တရုတ်က မြောက်ကိုရီးယားရဲ့ အဓိက အရေးပါဆုံး မဟာမိတ်နဲ့ စီးပွားရေးအရ ကူညီသူ ဖြစ်ပေမယ့် ကင်ဂျုံအွန်း မကြာခင် ရုရှားသွားမယ်လို့ ယူဆနေကြပါတယ်။

သမ္မတ ပူတင်က ဂုဏ်ပြုလွှာ ပို့ခဲ့ပြီး နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးက မျက်နှာစာအားလုံးကို ဖြန့်ကြက်သွားမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားကြားမှာ လက်နက် အရောင်းအဝယ် သဘောတူမှု ရတော့မယ်ဆိုပြီး သတင်းဖြစ်နေပါတယ်။

ဂျပန်အရှေ့ပိုင်းမှာ မိုးကြီး

japan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မုန်တိုင်းကြောင့် မိုးကြီး

ဂျပန်နိုင်ငံအရှေ့ပိုင်းမှာ မိုးကြီးတဲ့အတွက် တိုကျိုမြို့တော် မြောက်ဘက်က နယ်တွေမှာ ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေသလို မြေပြိုနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။

ချီဘာခရိုင် မိုဘာရာမြို့မှာ တညထဲ မိုးရေချိန် ၃၇၁ မီလီမီတာထိ စံချိန်တင် ရွာသွန်းခဲ့ပါတယ်။

အခု ရေတော်တော် ပြန်ကျသွားပြီဖြစ်လို့ လမ်းတွေ၊ အိမ်တွေနဲ့ စျေးဆိုင်တွေမှာ တင်ကျန်ရစ်တဲ့ ရွှံ့ခဲတွေကို ကယ်ဆယ်ရေးသမားတွေ ရှင်းထုတ်နေရပါတယ်။

ချီဘာနယ်အနှံ့ မြေပြိုတာ တရာကျော်လောက် ရှိတယ်လို့ သတင်းရပါတယ်။

ဖူကူရှီးမားမှာတော့ မြစ်ရေလျှံတဲ့အတွက် ရှေးဟောင်းဘုရားကျောင်းတခုနားက ဥယျာဉ်တွေ ရေကြီးနစ်မြုပ်ခဲ့ပါတယ်။

မောလ်ဒီးဗ်စ်သမ္မတရွေးပွဲ တရုတ် အိန္ဒိယလွန်ဆွဲ

Maldives

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မောလ်ဒီးဗ်စ်သမ္မတ ဆိုလာ

လက်ရှိ မောလ်ဒီးဗ်စ်သမ္မတ အီဘရာဟင် မိုဟာမက် ဆိုလာ ပြန်အရွေးခံတဲ့ သမ္မတ ရွေးကောက်ပွဲမှာ မဲပေးဖို့ လူတွေ တန်းစီနေကြပါတယ်။

သူနဲ့ အဓိကပြိုင်ဘက်က မာလေ မြို့တော်၀န် မိုဟာမက် မူအီဇူ ဖြစ်ပြီး တရုတ်နဲ့ နီးစပ်တယ်လို့ နာမည်ထွက်တဲ့ ညွန့်ပေါင်းအုပ်စုက ထောက်ခံထားသူ ဖြစ်ပါတယ်။

မနက်အစောကြီးမဲထွက်ပေးသူ များတဲ့အတွက် အံ့သြကြောင်း ရွေးကောက်ပွဲ ကော်မရှင် အရာရှိတယောက်က ပြောပါတယ်။

မစ္စတာ ဆိုလာဟာ မောလ်ဒီးဗ်စ်နဲ့ အစဉ်အလာ ရင်းနှီးမှုရှိတဲ့ အိန္ဒိယနဲ့ နီးစပ်တဲ့ လမ်းကြောင်းကို ပြန်သွားချင်ပါတယ်။

အိန္ဒိယရော တရုတ်ကပါ မောလ်ဒီးဗစ်ရဲ့ မဟာဗျူဟာအရ အရေးပါမှုကို သိကြသလို အိန္ဒိယ သမုဒ္ဒရာဘက်မှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေကြပါတယ်။

ရှီးပဒီး ခူးဆွတ်မှု နီပေါ ထိန်းချုပ်

nepal

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟိမဝန္တာ ဗိုင်ယာဂရာလို့ သိတဲ့ ရှီးပဒီး

ဟိမဝန္တာ ဗိုင်ယာဂရာလို့ ခေါ်ကြတဲ့ ပေါက်ဖတ်သေကနေ ပေါက်ဖွားတဲ့ မှိုတမျိုးကို ခူးဆွတ် ရောင်းချတာနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်စည်းကမ်းတွေကို နီပေါအစိုးရက ပြင်ဆင်ခဲ့ပါတယ်။

နှစ်တိုင်း လူထောင်ချီပြီး တောင်ပေါ်မှာ ယာဆာဂမ်ဘာလို့ ခေါ်တဲ့ မှိုကို အရှာထွက်ကြပါတယ်။

မြန်မာပြည်မှာ ရှီးပဒီးလို့ သိကြတဲ့ ဒီမှိုကို အရှေ့အာရှဘက်မှာ ကာမအားတိုးဆေးလို့ ယူဆကြတဲ့အတွက် တစ်ကီလိုဂရမ်ကို ဒေါ်လာ ငါးထောင်လောက်ထိ ပေးဝယ်ရတတ်ပါတယ်။

နီပေါ သစ်တောနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဒီမှိုကို အကြီးအကျယ် ခူးဆွတ် ရောင်းချမှုအပေါ် စိုးရိမ်လို့ ဒီလို စည်းကမ်းတင်းကျပ်ခဲ့တာ ဖြစ်ပါတယ်။