နွံကန် ပြိုမှာ ကြောက်နေရတဲ့ မြို့

ဓာတ်ပုံ ရင်းမြစ်, မှော်ဆရာ'FACEBOOK
ကချင်ပြည်နယ် ၊ ဖားကန့် မြို့က လူနေရပ်ကွက်တွေနဲ့ နီးတဲ့ ကျောက်စိမ်း လုပ်ကွက်မှာ တူးဖော်ထားတဲ့ နွံရေကန်ကြီးဟာ ဒီနှစ် မိုးတွင်းရာသီမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေတွေလျှံတက်လာနေပြီး နွံကန်ပေါက်ကျလာမှာကို ဖားကန့်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒီ နွံကန်ဟာ ဖားကန့်မြို့က မှော်ဝမ်းရပ်၊အေးမြသာယာရပ်၊မြို့မရပ်ကွက်တွေနဲ့ နီးတဲ့ ကန်ဖြစ်ပြီးတော့ အဲဒီကန်ပြိုလာမှာကို ဖားကန့်မြို့ခံတွေက စိုးရိမ်နေကြတာပါ။
မြေမျက်နှာပြင်အရ ဒီနွံကန်ဟာ ဖားကန့်မြို့ အထက်မှာရှိနေပြီး ဖားကန့်မြို့က အောက်ဘက်မှာ ရှိနေတာကြောင့် လူတွေက စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း စစ်တမ်းတွေအရ ဖားကန့်မြို့နယ်တစ်ခုလုံးရဲ့ လူဦးရေမှာ သုံးသိန်းဝန်းကျင်ခန့်ရှိပြီး ရွှေ့ပြောင်းလုပ် သားတွေကိုပါ ထည့်တွက်ပါက လူဦးရေ လေးသိန်းခွဲခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
မှော်ဝမ်းရပ်ဆိုတာ ဖားကန့်မြို့အဝင်ရပ်ကွက်ဖြစ်ပြီး အေးမြသာယာတို့ မြို့မ ရပ်ကွက်တို့ဆိုတာ လူနေထူထပ်တဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တယ်၊ အိမ်တစ်အိမ်မှာ အိမ်ထောင်စု ၅ စုလောက်ကို နေထိုင်ကြတာရှိတယ် လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U NAING'FACEBOOK
နာမည်ကျော် ကျောက်စိမ်းမြေ ဖားကန့်မှာ ကျောက်မျက်တူးဖော်ထားတဲ့နေရာတွေမှာ တွင်းချိုင့်ကြီးတွေ ဖြစ်ကျန်ခဲ့ပြီးနောက် ရေကန်ကြီးတွေဖြစ်ပေါ်လာတာဖြစ်ပြီး ဖားကန့်မှာ အဲဒီလို လူလုပ်ရေကန်ကြီးတွေ အမြောက်အမြားရှိနေတာလည်း ဖြစ်ပါတယ်။
အဲ့ဒီရေကန် တွေဟာ သဘာဝအတိုင်း ရှိနေတာမဟုတ်တဲ့အတွက်ကြောင့် မိုးများပြီဆိုရင် ကန်ပြိုကျတာ ပေါက်တာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
ဒါ့အပြင် အဲဒီရေကန်တွေထဲကို ကျောက်စိမ်းတူးဖော်ရာကနေ ထွက်ရှိလာတဲ့မြေစာတွေကို လာရောက် စွန့်ပစ်တာကြောင့် ရေမျက်နှာပြင်မြင့်တက်ပြီး ပြိုကျတာမျိုးတွေလည်း ရှိတတ်ပါတယ်။
အဲဒီလို ရေကန်ကြီးတွေပေါက်တာ၊ မြေပြိုကျတာတွေကြောင့် ဖားကန့်မှာ လူ သေဆုံးသူတွေ အမြောက်အမြားရှိခဲ့ပြီး အဲဒီထဲမှာ အလောင်း ပြန်မရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မင်းသိန်းထွန်း'FACEBOOK
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဖားကန့်မြို့နယ် မှော်ဝမ်းကြီးကျေးရွာအနီးက ဗလခမှော်မှာ ဧပြီ ၂၂ ရက် ည ၁၁နာရီခွဲခန့်က နွံကန် ပေါက်ကျပြီး ကုမ္ပဏီလုပ်ကွက်တွေအတွင်း ပြိုကျသွားခဲ့တဲ့အတွက် လူ ၅၄ ဦး သေဆုံးခဲ့ပါတယ်။
“အခု ဖားကန့်မြို့ခံတွေ စိုးရိမ်နေတဲ့ နွံကန်က ဖားကန်ကနေ ဆိုင်ကယ်နဲ့ သွားရင် ၁၅ မိနစ်လောက်သွားရပြီးတော့ ၂၀၁၉ ခုနှစ်က ပြိုကျခဲ့ ဗလခ မှော်နဲ့ သိပ်မဝေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ အဲဒီ နွံကန်က ဘယ်လောက်အန္တရာယ်ရှိလည်း ဆိုရင် အဲဒီအနီးက လူတင်မဟုတ်ဘူး၊ ဖားကန့်မြို့ဘက်ကို ရောက်လာမှာ တောက်လျှောက်လာမှာ အကုန်လုံးက ရင်တမမဖြစ်နေတာ အခုက မိုး ကမကုန်သေးဘူး ရေက ထပ်ထပ်တက်လာတာ “လို့ ဖားကန့်မြို့ခံတစ်ဦးက ပြောပါတယ်။
အခု အခြေအနေမှာ မိုးရွာပြီး ကန်ထဲ ရေထပ်များလာမယ်ဆိုရင် ဒီရေကန်ကြီးဟာ အချိန်မရွေး ပေါက်ကျလာနိုင်သလို လက်ရှိမှာ ဒေသ အခေါ် ဥရုချောင်း (ဥရုမြစ်) ကလည်း ရေများနေတာကြောင့် ရေရှည် အတွက် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“မိုးမရောက်ခင် ကတည်းက သုတေသန လုပ်ခဲ့တာတွေရှိတယ်၊ အရင်က ဖြစ်ခဲ့ဖူးတဲ့နေရာတွေကို အန္တရာယ်ရှိတဲ့ နေရာတွေကို အောက်ကနေ ကြို မြောင်းဖောက်ထားတာတွေရှိတယ်၊ ကန်တွေရေလျှံတာ ကျိုးတာ ဖြစ်ရင် ကန်ရဲ့အောက်ခြေမှာရှိတဲ့ ရွာတွေကို ရေအလုံအရင်းနဲ့ မဆောင့်အောင်လို့ ကြိုမြောင်းဖောက်တာတွေရှိတယ်”လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းက ပြောပါတယ်။
အန္တရာယ် ဖြစ်နိုင်တဲ့နေရာတွေကို ကြိုတင်ကာကွယ်ဖို့ ဒေသအာဏာပိုင်တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တော့ရှိတယ်လို့ သူကဆက်ပြောပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw
ဖားကန့်မှာ စည်းကမ်းမဲ့ ကျောက်စိမ်း တူးဖော်မှုကြောင့် ၂၀၀၇ က နေ ၂၀၁၈ ထိ ၁၀နှစ် တာ ကာလအတွင်း တောင်အလုံး ၅၀ လောက် ပျောက်ဆုံးသွားပြီး မြစ်ချောင်း ၂၃ ခု ကောသွားတယ်လို့ စိမ်းလန်းသော မြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပြောခဲ့ပါတယ်။
တောင်တွေ ပျောက်ဆုံးပြီး မြစ်ချောင်း တွေကောသွားတဲ့အတွက် မြေမျက်နှာပြင် အနေအထားတခုလုံးဟာ ပြောင်းလဲသွားတယ်၊ မြေမျက်နှာပြင် ပြောင်းလဲသွားတဲ့ အတွက် မိုးရွာတဲ့အခါ ရေတွေက စီးနေကျလမ်းကြောင်း အတိုင်း မစီးဆင်းတော့ဘဲ ရေဦးတည့်ရာစီးဆင်းသွားတဲ့အခါ လူနေရပ်ကွက်တွေ အတွင်းမှာ ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေဖြစ်လာတယ်လို့လည်း စိမ်းလန်းသောမြေရဲ့ တာဝန်ခံ ဦးနောင်လတ်က ဘီဘီစီကို ပြောခဲ့ပါတယ်။
ပြောင်းလဲသွားတဲ့ ရေစီးကြောင်းဟာ တောင်စောင်းတွေကို အရှိန်အဟုန်နဲ့ တိုက်စားတဲ့ အခါ မြေပြိုမှုတွေဖြစ်ပွားရတယ်ဆိုတာ မှန်ကန်ကြောင်း ဘူမိဗေဒပညာရှင် ဒေါက်တာစိုးမိုးကျော်ဝင်းကလည်း ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် မိုင်းခွဲလို့ဖြစ်တဲ့ မြေကြီး အက်ကြောင်းတွေထဲကိုရေဝင်ပြီး တောင်ပြိုတာတွေလည်း ဖြစ်နိုင်တယ်လို့ လည်း သူ က ဆိုပါတယ်။
အန္တရာယ်ဖြစ်နိုင်တဲ့ အလားအလာရှိတဲ့နေရာတွေက လူနေရပ်ကွက်တွေကိုလည်း ကြိုတင်ပြီး စနစ်တကျဖယ်ရှားရွှေ့ပြောင်းတာတွေ လုပ်ပေးသင့်တယ်လို့ ပညာရှင်တွေက အရင်ကထောက်ပြ ပြောဆိုခဲ့ဖူးပါတယ်။
ဖားကန့်မှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံကြီးစိုးနေပြီး တရားဥပဒေစိုးမိုးမှုမရှိလို့ စနစ်တကျထိန်းချုပ်ကွပ်ကဲဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw
၂၀၁၉ ခုနှစ် ဖားကန့်က နွံကန် ကျိုးပေါက်မှု ဖြစ်ပြီးတဲ့နောက် ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီ ၁၁ ခု နဲ့ လုပ်ကွက် ၁၇ ခု ကို လုပ်ငန်း ရပ်ဆိုင်းဖို့ ၂၀၁၉ ခုနှစ်အတွင်းက အစိုးရဘက်က ညွှန်ကြားခဲ့ ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ မှာတော့ ဖားကန့်မှာ ကျောက်စိမ်းထုတ်လုပ်မှုနဲ့ ပတ်သက်လို့ တူးဖော်မှူတွေ ဆက်လုပ်ပြုလုပ်နေကြပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ဖားကန့်မှော်မှာ မြေစာပုံပြိုကျလို့ လူ ၃၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူတွေကို အာဏာပိုင်တွေက တစ်ဦးကို ကျပ် ၁၀ သိန်းနှုန်းနဲ့ ထိခိုက် ဒဏ်ရာရရှိသူတွေကိုတော့ ကျပ် ၄ သိန်းခွဲ ထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်။
ဖားကန့်မှာ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့လို့ လူ ၁၇၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/GETTY IMAGES
စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေကြလို့ သူဌေးဖြစ်ရေး အိပ်မက်တွေနဲ့ ဖားကန့်ကို အနယ်နယ်အရပ်ရပ်က လာကြတဲ့ ရေမဆေးကျောက်ရှာသူ ၃ သိန်းကျော်ရှိနေပြီလို့ ပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ်က ထုတ်ပြန်ထားခဲ့ပါတယ်။
ကျောက်မှော်တွေနား၊ မြေစာပုံတွေနားမှာပဲ ခနော်နီ ခနော်နဲ့ ထိုးထားတဲ့ တဲတွေမှာ သူတို့တွေ မိသားစုလိုက် နေထိုင်ကြပါတယ်။
ဖားကန့်ကို ရောက်ရင် ကျိုးတို့ ကျဲတဲ ဝါးခြမ်းပြား အကာအရံပေါ် တာလပတ် အုပ်ထားတဲ့ တဲတွေကို ဟိုတစ်စု ဒီတစု မြင်ရပါတယ်။
မိုးကာလ မိုးတွေ လေတွေကျပြီဆိုရင် မိသားစုတွေ နေရေးထိုင်ရေး အခက်ကြုံကြရပါတယ်။
မိုးတွင်းဆို မြေစာပုံတွေ ခဏခဏ ပြိုလို့ မြေပိသေဆုံးမှုတွေ မကြာခဏ ဖြစ်နေလေ့ရှိပါတယ်။
အခုအခါ ဒီနွံကန် အန္တရာယ်ကလည်း ဖားကန့်မှာ နေထိုင်ကြသူတွေ အတွက် စိုးရိမ်မှုတွေ တိုးလာနေရတာဖြစ်ပါတယ်။








