‘‘အာဖဂန်မှာ မိုင်းနင်းမိပြီး မျက်စိကွယ်ခဲ့ပေမဲ့ အပြေးသမားအဖြစ်နဲ့ ဘဝရှင်သန် နိုင်ခဲ့တယ်’’

ဓာတ်ပုံ ရင်းမြစ်, WALI NOORI
ဝါလီ နိုရီဟာ အာဖဂန်နစ္စတန်က ဗြိတိသျှစစ်တပ်မှာ စကားပြန်အဖြစ် တာဝန်ထမ်းဆောင်နေရာက ၂၀၀၉ ခုနှစ်မှာ မိုင်းနင်းမိခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် သူ့အသက် ၂၀ အရွယ်မှာ အမြင်အာရုံ ကွယ်ပျောက်သွားခဲ့ရပါတယ်။
သူဟာ ကဘူးလ်မြို့က တောင်တန်းတွေပေါ်မှာ ပြေးလွှား ကြီးပြင်းလာခဲ့ရသူဖြစ်ပေမဲ့ အခုတော့ ဝါလီ တယောက် ဒါမျိုး ပြေးလွှားတာတွေ မလုပ်နိုင်တော့ပါဘူး။
ယူကေကို ပြောင်းလာပြီးနောက် သူ့ဘဝ တဆစ်ချိုးမှာ အရှုံးမပေးတဲ့ စိတ်ဓါတ်တွေ ပိုတိုးဖြစ်လာတဲ့အကြောင်းကို ဝါလီနိုရီက ပြောပြထားပါတယ်။
‘‘သေနိုင်တယ်ဆိုတာကို သိသိကြီးနဲ့ အလုပ်ကို လက်ခံခဲ့တယ်’’

ဓာတ်ပုံ ရင်းမြစ်, WALI NOORI
ကဘူးလ်မြို့မှာ ကြီးပြင်းတဲ့ ကျွန်တော်ဟာ လက်ဝှေ့သမားကောင်း တစ်ယောက်ပါ။ ကြံ့ခိုင်ဖို့ အပြေးလေ့ကျင့်လေ့ ရှိပါတယ်။ အထက်တန်း ပညာသင်ပြီးတဲ့အခါ တက္ကသိုလ်တက်ချင်ပေမဲ့ မိသားစုက ဆင်းရဲတော့ စာဆက်မသင်နိုင်ခဲ့ဘူး။ မိသားစုကို ကူညီထောက်ပံ့ဖို့ လိုတယ်လေ၊ ကျွန်တော့်မှာ မွေးချင်း ညီမ ၅ ယောက်နဲ့ ညီအကို ၄ ယောက်ရှိပြီး အဖေက အလုပ်မလုပ်နိုင်တော့ သူတို့ ကျွန်တော့် အကူအညီလိုတယ်။
ဒါကြောင့် ကျွန်တော် အသက် ၁၈ နှစ်မှာ ဗြိတိသျှ စစ်တပ်ထဲမှာ စကားပြန်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြံပေးလုပ်တယ်။ ကျွန်တော်က ကျောင်းတက်တုန်းက အင်္ဂလိပ်စာ တော်တယ်လေ၊ ကျွန်တော့် အလုပ်က ဗြိတိသျှ စစ်တပ်၊ အာဖဂန်တပ်ဖွဲ့တွေနဲ့ ဒေသခံ အရပ်သားတွေကြား ဆက်သွယ် ပြောဆိုနိုင်အောင် ကြားက စကားပြန် ကူညီ လုပ်ပေးရတာ၊ ဒီအလုပ်က အရမ်းအရေးကြီးပါတယ်။
ဟယ်မန်ပြည်နယ်ကို သွားမလားလို့ ကျွန်တော့်ကိုမေးတော့ သွားရင် သေကောင်းသေနိုင်တာကို သိပေမဲ့ ကျွန်တော်လည်း သွားမယ်လို့ပြောပြီး ဒီအလုပ်ကို လက်ခံလိုက်တယ်။ အဲဒီမှာ ငရဲပြည်အတိုင်းပဲ။ ချုံခိုတိုက်ခိုက်ခံရတာတွေလည်း နေ့တိုင်းကြုံရတယ်။ လူတွေလည်း နေ့တိုင်းသေဆုံးနေတာမြင်ရပေမဲ့ ကျွန်တော် တုန်လှုပ်မှုမရှိခဲ့ပါဘူး။
အဲဒီမှာနေရင်း ၂ နှစ်လောက်အကြာမှာ တစ်ရက်မှာ ကျွန်တော် ကင်းလှည့်ရင်း လက်လုပ်မိုင်း နင်းမိတယ်လေ။ ကျွန်တော် တစ်ကိုယ်လုံး လေထဲ မြောက်တက်သွားပြီး ပြန်အကျမှာ ပုံပျက်ပန်းပျက်နဲ့။ ကျွန်တော့်အထင် သေပြီပေါ့။ ဒါပေမဲ့ အဲဒီတဒင်္ဂက အိပ်မက်တစ်ခုလိုပဲ။ မျက်နှာတစ်ခုလုံး လက်လုပ်မိုင်းစတွေအပြည့်စိုက်ပြီး သွား ၂၈ ချောင်းလုံး အကုန်ကျိုးကုန်တယ်။
အသက်ရှုတာ ခဏရပ်လိုက်တယ်။ ဒါပေမဲ့ လက်ကို ပါးစပ်ထဲနှိုက်လိုက်ပြီး လည်ချောင်းနား ရောက်လုနီး မိုင်းစ တစ်စကို ထုတ်ပစ်လိုက်တလိုက်တယ်။ ကျွန်တော် ဘာမှလည်း မမြင်ရတော့ဘူး။ ကျွန်တော့်ကို ရဟတ်ယာဉ်နဲ့ ကဘူးလ်က စစ်ဆေးရုံဆီ ကယ်ထုတ်ခဲ့တယ်။ အဲဒီနောက် သီတင်း နှစ်ပတ်လောက် မေ့မြောနေခဲ့တာပေါ့။
ကျွန်တော့်ဘဝ ဆုံးပြီလို့ပဲ မှတ်ခဲ့တာ

ဓာတ်ပုံ ရင်းမြစ်, WALI NOORI
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆရာဝန်တွေကလည်း ကျွန်တော်ကို အသက်ရှင်လိမ့်မယ်လို့ ထင်မလားဘူး။ နိုးလာတော့ ကျွန်တော် စကားမပြောနိုင်ဘဲ နာမည်ကို စာနဲ့ ရေးပြရတယ်၊ ဒါနဲ့ပဲ ကျွန်တော့် မိသားစုနဲ့ ဖြစ်ပျက်ပုံတွေကို ပြောပြပေးနိုင်မယ့် ကျွန်တော့် သူငယ်ချင်း သူတို့ ဆက်သွယ်ကြတယ်။
အမေနဲ့ အဖေက ကျွန်တော့်ကို ပထမဆုံးတွေ့တော့ သူတို့ ဖြေမဆည်နိုင် ဖြစ်ကြတယ်၊ ကျွန်တော်က ထိုင်နိုင်သေးတော့ အခြေအနေ သိပ် မဆိုးလှဘူးပေါ့။ သူတို့ကို ပြုံးပြဖို့ ကြိုးစားပေမဲ့ စကားတော့ မပြောနိုင်ခဲ့ဘူး။
ဒါနဲ့ မျက်နှာက အနာတွေနဲ့ ခန္ဓာကိုယ်က အကျိုးအပဲ့တွေကို အမေရိကန်တွေက ကုပေးတဲ့ လေတပ်စခန်းထဲက ဘာဂရမ် ဆေးရုံဆီ ကျွန်တော့်ကို လွှဲပေးလိုက်တယ်။ လည်ပင်းအပေါက်ဖောက်ပြီး အသက်ရှုရတဲ့အခြေအနေဖြစ်ခဲ့တယ်။ တပ်ဆေးရုံမှာ တစ်လနေခဲ့ရပြီးနောက်မှာ ပြန်မြင်ရလို ရငြား မျက်လုံးခွဲစိတ်ပေးနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ အိန္ဒိယနဲ့ ပါကစ္စတန်က ဆေးရုံတွေဆီ ရောက်သွားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒီအချိန်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော့်ဘဝရဲ့ အမှောင်ဖုံးတဲ့ အချိန်တွေပေါ့။ ကျွန်တော် အပြေးလေ့ကျင့်ရတာကို ကြိုက်ပေမဲ့ အဲဒီတုန်းက ကျွန်တော့် အထင် ဒါတွေ ပြန်မလုပ်နိုင်တော့ဘူးလို့ တွေးခဲ့မိတာ။ ကျွန်တော်က တကိုယ်တည်းသမားလည်းဖြစ်တော့ နောက်ဆုံးမှာ အာဖဂန်က မိသားစုဆီပဲ ပြန်နေရတာပေါ့။ ကျွန်တော့်ဘဝ ရှေ့ဆက် ဘယ်လို ဖြတ်သန်းရမှန်းမသိ ဖြစ်ခဲ့ပြီး ကျွန်တော့်ကို လက်ထပ်ချင်သူရှိမှာ မဟုတ်ဘူးလို့ တွေးထားခဲ့မိတာ။
ဒါပေမဲ့ ၂၀၁၂ မှာတော့ မိဘတွေ စီစဉ်မှုနဲ့ အိမ်ထောင်ကျခဲ့တယ်။ အဲဒီကတည်းက ကျွန်တော့် ဇနီးသည်က ကျွန်တော့် ဘဝကို အရာရာ ဖြည့်ဆည်းပေးခဲ့တာပါပဲ။ ကျွန်တော့်ရဲ့ မျက်မမြင်သုံး တုတ်ကောက်ကိုလည်း လွှင့်ပစ်လိုက်ပြီး သူဟာ ကျွန်တော့အတွက် တုတ်ကောက်တချောင်းပါတဲ့ဆိုပြီး အားပေးတယ်။ သူက အရမ်းကြင်နာတတ်တာ။ ကျွန်တော် ဝမ်းနည်းတဲ့အခါတိုင်း ကျွန်တော့်ဘေးမှာ သူရှိပါတယ်လို့ အမြဲပြောတယ်။ ကျွန်တော်တို့မှာ ချစ်စရာ ကလေး ၃ ဦး ထွန်းကားတယ်။ ကျွန်တော်တို့ သိပ်ကို ကံကောင်းတာပေါ့ဗျာ။
‘မင်းသားဟယ်ရီနဲ့တွေ့ရတော့ ပျော်လိုက်ရတာဗျာ’

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, WALI NOORI
အာဖဂန်နစ္စတန်မှာ နေရင်း ကျွန်တော် အလုပ်လုပ်ချင်ပေမယ့် လုပ်ခွင့်မရခဲ့ဘူး။ ဗြိတိသျှစစ်တပ်က ကျွန်တော်ကို တနှစ်စာ လခပေးခဲ့ပေမဲ့ ဘဝကို ရုန်းကန်ခဲ့ရတယ်။ ဘာကြောင့်လဲဆို အဲဒီမှာက မသန်စွမ်းတွေ ရပ်တည်နိုင်အောင် စီမံပေးထားတာမျိုးတွေ မရှိဘူးလေ။
၂၀၁၄ ခုနှစ်မှာတော့ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို ဗြိတိန်မှာ နေလို့ရတယ်လို့ဆိုပြီး ဗြိတိသျှအစိုးရက နေထိုင်ခွင့်ပေးခဲ့တယ်။ ကိုချက်စတာဆိုတဲ့အရပ်မှာ နေသားတကျဖြစ်ဖို့ ၂ နှစ် အချိန်ယူခဲ့ရပြီး အဲဒီအချိန်တွေကို ပြန်မတွေးချင်လောက်အောင် ဖြစ်ခဲ့တယ်။
ဒီမှာ နေရတာ အရမ်း ကြိုက်တယ်။ ငြိမ်းချမ်းတယ်။ အထူးသဖြင့် ကိုချက်စတာ ဟယ်ရီရာစ် ဆိုတဲ့ အပြေးသမားတွေအတွက် ဖွဲ့ထားတဲ့ကလပ်အသင်းမှာ မိတ်ဆွေကောင်းတွေ တွေ့ခဲ့ရတယ်။ ဒီမှာ ကျွန်တော်တို့ဘဝ လုံခြုံတယ်လေ။
အပြေးသမားတွေအတွက် စီစဉ်ညွှန်ပြပေးသူတွေလည်း ရှိတော့ ကျွန်တော်လည်း ပြန်အပြေးလေ့ကျင့်မှပဲ ဆိုပြီး ကြိုးစားခဲ့ရာက လွတ်လပ်မှု အရသာနဲ့ စိတ်ကျန်းမာရေးပါ ထူထူထောင်ထောင် ဖြစ်လာတယ်။ အရင်က ရထားတဲ့ဒဏ်ရာကြောင့် ခေါင်းကိုက်လေ့ရှိပေမဲ့ ပြေးတဲ့အခါကျရင် အဲဒီခေါင်းကိုက်တာ ပျောက်သွားတယ်။
Invictus Games ဆိုတဲ့ စစ်ပွဲအတွင်း ဒဏ်ရာရသူတွေအတွက် အထူးကျင်းပပေးတဲ့ အားကစားပွဲတော် ဝင်ပြိုင်ခွင့်ရဖို့ ၅ နှစ် စောင့်ခဲ့ရတယ်။ မနှစ် စက်တင်ဘာတုန်းက ယူကေကို ကိုယ်စားပြုပြီး ဝင်ပြိုင်ခွင့်ရတာကို အရမ်း ဂုဏ်ယူမိတယ်။ မီတာ ၁ဝဝ၊ မီတာ ၂ဝဝ၊ မီတာ ၄ဝဝ နဲ့ မီတာ ၁၅ဝဝ ပြေးပွဲတွေမှာ ကျွန်တော် ရွှေတံဆိပ် ၄ ခု ရခဲ့တယ်။ မင်းသား ဟယ်ရီနဲ့ ဇနီးသည် မက်ဂန်တို့နဲ့ တွေ့ခွင့်ရခဲ့ပြီး သူတို့ရဲ့ နွေးနွေးထွေးထွေးနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံမှုတွေ ရခဲ့တယ်။
ဟယ်ရီက ကျွန်တော့် လက်ဆွဲနှုတ်ဆက်တော့ သူဘယ်သူမှန်း ကျွန်တော်မသိဘူး၊ ''ခင်ဗျား ဘယ်သူလဲ'' ဆိုတော့ သူက ''ကျွန်တော် မင်းသား ဟယ်ရီပါ'' လို့ပြောတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ ရယ်မော စကားပြောဖြစ်ခဲ့ကြတယ်။ အဲဒီကာလလေးက ကျွန်တော့်ဘဝမှာ မယုံနိုင်လောက်အောင် ထူးခြားလှပါတယ်။
‘‘စက္ခုအလင်းမရပေမဲ့ ဘဝကို ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး’’

အခုဆို ကျွန်တော် အပြေးပြိုင်ပွဲတွေကနေ ဆုတံဆိပ် ၂၁ ခု၊ ရေကူးပြိုင်ပွဲကနေ ဆု ၃ ခု ရထားပါတယ်။ ကျွန်တော့်ဘဝကို အမြဲတမ်း ရှေ့ဆက်လျှောက်ဖို့သာပြင်ပြီး နောက်ပြန်လှည့်ကြည့်လေ့ မရှိပါဘူး။ တိုးတက်ဖို့သာ ကြိုးစားမယ်။ အရှုံးပေးဖို့တော့ မရှိပါဘူး။
ကျွန်တော့် အိပ်မက်က တနေ့မှာ မသန်စွမ်း အားကစားပွဲ ဝင်ပြိုင်ခွင့်ရဖို့ပါပဲ။ ပြိုင်ပွဲဝင်ဖို့ အရည်အချင်းတွေရှိပေမဲ့ လျှောက်လွှာတင်ဖို့ နောက်ဆုံးရက်နဲ့လွှဲနေလေ့ရှိတာပါ။ ဒါပေမဲ့ တစ်နေ့တော့ ဖြစ်လာမှာပါ။ ဒါ့အပြင် ၂၀၁၉ လန်ဒန် မာရသွန် ဝင်ပြိုင်ခဲ့သလို ကမ္ဘာ့မြို့ကြီး ၆ မြို့မှာ မာရသွန် လှည့်ပြိုင်ရတဲ့ ပြိုင်ပွဲကိုလည်း ဝင်ပြိုင်ချင်ပါတယ်။
ကျွန်တော့် ဘဝ အကြောင်းရေးထားတဲ့ စာအုပ်ကို လာမယ့် စက်တင်ဘာ ၁၂ ရက်၊ ကျွန်တော့်ဘဝ အမှောင်ကျသွားတာ ၁၅ နှစ်ပြည်တဲ့နေ့မှာ ဖြန့်ဝေဖို့ ရှိပါတယ်။ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ စစ်ပြန်အဖွဲ့အစည်းတွေမှာ သွားရောက် ဟောပြောလေ့ရှိပြီး လတ်တလော ယူကရိန်းစစ်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ စစ်ပြန်တချို့နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီပွဲတွေက ရတဲ့ ပိုက်ဆံတွေကို အာဖဂန် နစ္စတန်က စစ်ကြောင့် ခင်ပွန်းသည် ဆုံးရှုံးသွားရသူတွေ၊ မိဘမဲ့ ဖြစ်သွားတဲ့ ကလေးတွေအတွက် ပြန်လည် လှူဒါန်းလေ့ရှိပါတယ်။
ဗြိတိသျှ စစ်တပ်အတွက် အလုပ်လုပ်ပေးခဲ့ရလို့ ဆုံးရှုံးမှုတွေ အပေါ် ဝမ်းနည်း နောင်တရတာမျိုး မရှိခဲ့ပါဘူး။ အရင်တုန်းက ကျွန်တော့် ဘဝက ခက်ခဲကြမ်းတမ်းခဲ့ပေမဲ့ အခုတော့ ချောမွေ့နေပါပြီ။ အမြင်အာရုံကွယ်ပျောက် သွားလို့ ဘယ်တော့မှ အရှုံးမပေးဘူး။ ကျွန်တော့် ပတ်ဝန်းကျင်ကလူတွေကို အားပေးသွားချင်တယ်။ မသန်စွမ်းသူတွေလည်း ဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူဆွတ်ခူးနိုင်တယ်ဆိုတာကို ပြချင်ပါသေးတယ်။












