မင်းသား ဟယ်ရီ နဲ့ မီဂန်တို့ ဝင်ငွေ ဘယ်က ရကြလဲ

Harry

ဓာတ်ပုံ ရင်းမြစ်, Netflix

ဓာတ်ပုံ ပုံစာ, Netflix က ဟယ်ရီနဲ့ မီဂန် မှတ်တမ်းတင် ဇာတ်လမ်း စီးရီးကို စတင် ထုတ်လွှင့် ပြသ

ဆပ်ဆက်စ်မြို့စားနဲ့ မြို့စားကတော်တို့ရဲ့ အခန်းဆက် မှတ်တမ်းတင်ကားက အစပိုင်း ဇာတ်လမ်းတွေကို Netflix က စတင် ထုတ်လွှင့်ပြသလိုက်ပါပြီ။

‌မင်းသား ဟယ်ရီနဲ့ မီဂန်တို့ဟာ ‌တော်ဝင် မိသားစုဆီကနေ ဝင်ငွေ မရတော့ပါဘူး။ သူတို့စုံတွဲက သူတို့ရဲ့ ဝင်ငွေတွေကို အများအားဖြင့် စီးပွားရေး ဆိုင်ရာ ဆောင်ရွက်မှု တွေဆီကနေ ရတာပါ။

တော်ဝင် မိသားစုကနေ ဟယ်ရီနဲ့ မီဂန်တို့ ဘာ့ကြောင့် ထွက်လိုက်တာလဲ။

သူတို့ နှစ်ယောက်လုံးနဲ့ သိတဲ့ သူငယ်ချင်းတယောက်က မိတ်ဆက် ပေးရာကနေ ဆပ်ဆက်စ်မြို့စားနဲ့ မြို့စားကတော်တို့ ၂၀၁၆ ခုနှစ်ထဲမှာ သိခဲ့ကြပါတယ်၊ ၂၀၁၈ ထဲ မှာတော့ သူတို့ လက်ထပ်ခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်းမှာတော့ တော်ဝင်မိသားစုဝင်ရာထူးတွေကနေ သူတို့ နုတ်ထွက်လိုက်ကြပါတယ်။

မီဒီယာတွေရဲ့ နှောင့်ယှက်မှုကို သူတို့ ဒေါသထွက်ခဲ့တယ်၊ ဘာကင်ဟမ်နန်းတော်က သူတို့ တော်ဝင်အဝန်းအဝိုင်းမှာ ဆပ်ဆက်စ် မြို့စား၊ မြို့စား ကတော်အဖြစ်ကနေ ရပ်ဆိုင်းလိုကြတယ်လို့ အဲဒီအချိန်က သူတို့ ပြောခဲ့ ကြပါတယ်။

တခြား တော်ဝင်အသိုင်းအဝိုင်းဝင်တွေလည်း “ထိခိုက်ခံစားခဲ့ကြရတယ်” လို့ ပြောကြ ပါတယ်။

ဟယ်ရီက မင်းသားအဖြစ် ဆက်ရှိနေပြီး သူတို့ မောင်နှံဟာ ဆပ်ဆက်စ် မြို့စားနဲ့ မြို့စား ကတော် ဆိုတဲ့ အ‌ဆောင်အယောင် ဘွဲ့ထူးကို ရထားဆဲပါ။ ဒါပေမဲ့ တော်ဝင် အရာ မှာတော့ သူတို့ မရှိတော့ပါဘူး။

Harry

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင်မကြီး စျာပန အခမ်းအနားမှာ မင်းသား ဟယ်ရီနဲ့ မင်းသား အင်ဒရူးတို့ အရပ်သား ဝတ်စုံတွေသာ ဆင်မြန်းခဲ့

ဟယ်ရီဟာ ဘုရင့်စစ်တပ် ဘွဲ့ထူးလည်း စွန့်လွှတ်ထားတဲ့အတွက် ဘုရင်မကြီး အဲလစ်ဇဘက် စျာပနမှာ တော်ဝင် စစ်ယူနီဖောင်းကို မဝတ်တော့ပါဘူး။

ဒါပေမဲ့ သူနဲ့အတူ သူ့လိုပဲ တော်ဝင်ဆိုင်ရာ အလုပ်တွေကို မလုပ်တော့တဲ့ ယော့ခ် မြို့စား တို့ဟာ ဘုရင်မကြီး အခေါင်းတော် အနား ဂုဏ်ပြု မတ်တပ်ရပ်တဲ့ အခိုက်မှာတော့ တော်ဝင် စစ်ယူနီဖောင်း ဝတ်ခွင့်ရခဲ့ပါတယ်။

သိက္ခာပျက်ယွင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး ဂျက်ဖရီ အက်ပ်စတိန်းနဲ့ မိတ်ဆွေ ဖြစ်မှုကြောင့် အငြင်းပွားစရာတွေ ကြုံခဲ့ရတဲ့ မင်းသား အင်ဒရူးဟာ ၂၀၁၉ ခုနှစ်မှာ တော်ဝင်ဆိုင်ရာ အလုပ်တွေ မလုပ်တော့ဘဲ ရပ်ဆိုင်းခဲ့ပါတယ်။

မီဂန်နဲ့ ဟယ်ရီတို့ ဘယ်မှာ နေကြလဲ

ဆပ်ဆက်စ်မြို့စားနဲ့ မြို့စား က‌တော်တို့ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက မွန်တက်စီတို ကို ၂၀၂၀ ခုနှစ် ဇွန်လမှာ ရွှေ့ပြောင်းခဲ့ကြပါတယ်။

သူတို့ရဲ့ သား အာချီကို ပြုစုပျိုးထောင်ဖို့နဲ့ သူတို့ အစပြုတည်ထောင်လိုက်တဲ့ အာချီဝဲလ် ဖောင်ဒေးရှင်း (Archewell Foundation) ကို အာရုံစိုက်ဖို့ စတာတွေ အတွက်ကြောင့်လို့ သူတို့ပြောခဲ့ပါတယ်။ သူတို့ သမီး လီလီဘက်က ၂၀၂၁ မှာ မွေးဖွားလာပါတယ်။

ဘုရင်မကြီး နန်းသက် ၇၀ ပြည့်တဲ့ (ပလက်တီနမ် ဂျူဘလီ) ၂၀၂၂ ခုနှစ် ဇွန်လ မှာ တခါ၊ ဘုရင်မကြီး စျာပနကျင်းပတဲ့ စက်တာဘာလမှာ တခါ ဗြိတိန်ကို သူတို့ မောင်နှံ ပြန်လာခဲ့ပါတယ်။

ချားလ် ဘုရင် နန်းတက်တဲ့ အခမ်းအနားလုပ်ရင် သူတို့ တက်မယ်၊ မတက်မယ် သေသေချာချာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မီဂန်နဲ့ ဟယ်ရီတို့ ဝင်ငွေ ဘယ်လိုရှာကြသလဲ

Harry

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြို့စားနဲ့ မြို့စားကတော်တို့ဟာ တီဗီ နဲ့ ပေါ့ကတ်စ် အစီအစဉ်တွေ အတွက် လုပ်ဆောင်ပေး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တီဗီ နဲ့ ပေါ့ကတ်စ်

သူတို့မောင်နှံရဲ့ မီဒီယာ ကုမ္ပဏီ (Archewell Productions) က Netflix အတွက် အစီအစဉ် အတော်များများ လုပ်ပေးခဲ့ပြီး အဲဒီအတွက် ဒေါ်လာ သန်းချီ ရတယ်လို့ မှတ်ယူကြပါတယ်။

ကျော်ကြားတဲ့ အမျိုးသမီးတွေအကြောင်း တင်ပြတဲ့ Archetypes စီးရီးတွေ အပါအဝင် ပေါ့ကတ်စ်တွေကို သူတို့ မီဒီယာ ကုမ္ပဏီ အာချီဝဲလ် ကနေ Spotify အတွက် လုပ်ပေးပါတယ်။

၂၀၂၁ ခုနှစ် မတ်လအတွင်း ဟယ်ရီနဲ့ မီဂန်တို့ဟာ အမေရိကန် ရုပ်သံအစီအစဉ် တင်ဆက်သူ အော်ပရာ ဝင်းဖရီးကို အင်တာဗျူး ပေးခဲ့ပါတယ်၊ ဒါပေမဲ့ သူတို့ အဲဒီအတွက် ငွေ မယူဘူးလို့ ပြောပါတယ်။

စာအုပ်တွေ

 မီဂန်က The Bench လို့ အမည်ရတဲ့ ကလေးတွေအတွက် စာအုပ် တအုပ်ကို ရေးပြီး ၂၀၂၁ ထဲမှာ ပုံနှိပ်ထုတ်ဝေပါတယ်။

ဟယ်ရီရဲ့ ကိုယ်တိုင်ရေး အထ္ထုပတ္တိ Spare ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကျ ရင် ဖြန့်ချိမှာပါ။ နှစ်ဖက် စီစဉ်သဘောတူချက်အရ ပုံနှိပ်ထုတ်ဝေတဲ့ ပင်ကွင်း ရန်ဒမ် စာအုပ်တိုက် (Penguin Random House) က ပရဟိတ အဖွဲ့တွေဖြစ်တဲ့ Sentebale ကို ဒေါ်လာ ၁.၅ သန်း၊ WellChild အဖွဲ့ကို ပေါင် ၃၀၀, ၀၀၀ လှူဒါန်းသွားမှာပါ။

အခြား

 ၂၀၂၁ ခုနှစ် မတ်လအတွင်း ဟယ်ရီဟာ ကယ်လီဖိုးနီးယားက ဘဝ အောင်မြင်ရေး ဆိုင်ရာ BetterUp ကုမ္ပဏီမှာ "သက်ရောက်မှုဆိုင်ရာ အရာရှိ - chief impact officer" အဖြစ် အလုပ်ရပါတယ်။

တော်ဝင်မိသားစုက နုတ်ထွက်လိုက်တဲ့အတွက် မင်းသား ဟယ်ရီ နဲ့ မီဂန်တို့ ဘာတွေ ဆုံးရှုံးခဲ့လဲ

နှစ်စဉ် ဝင်ငွေ

တော်ဝင် အမှုတော်ထမ်းရွက်စဉ်က သူတို့ နှစ်စဥ်ဝင်‌ငွေရဲ့ ၉၅% က ဟယ်ရီရဲ့ ဖခင်၊ အဲဒီအချိန်က ဝေလ မင်းသားကြီး ဆီကနေ ရတာပါ။

၂၀၁၈ - ၁၉ ဘဏ္ဌာနှစ် (သူတို့ လက်ထပ်ပြီး ပထမနှစ်) မှာ ချားလ်ရဲ့ Duchy of Cornwall အမွေဘဏ္ဌာစီမံမှု ကနေ သူတို့ကို အများပြည်သူတာဝန်ထမ်းတဲ့ အတွက် ပေါင် ၅ သန်း‌ကျော် ပေးခဲ့ပါတယ်။ 

အခွန်ထမ်းပြည်သူတွေကနေပေးတဲ့ တော်ဝင် အချုပ်အခြာဆိုင်ရာ ရန်ပုံငွေကနေ သူတို့ ဝင်ငွေရဲ့ ၅% ကို ရပါတယ်။

Harry

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟယ်ရီ နဲ့ မီဂန်တို့ ၂၀၁၈ ခုနှစ် မေလထဲမှာ လက်ထပ်ခဲ့

သူတို့ တော်ဝင်မိသားစုတာဝန်တွေကနေ နုတ်ထွက်ခါစ အပြောင်းအလဲကာလမှာ ဘဏ္ဌာရေးအရ အမှီအခိုကင်းနိုင်အောင် ချားလ်က “အတော်များတဲ့” ထောက်ပံ့မှု လုပ်ခဲ့တယ်လို့ ချားလ်ရဲ့ ရုံးက ဆိုပါတယ်။

Duchy of Cornwallရဲ့ ငွေစာရင်းတွေအရ သူတို့ စုံတွဲဟာ မင်းသား ဝီလျံနဲ့ ကိတ် တို့ စုံတွဲ လိုပဲ ၂၀၂၀ ခုနှစ် ဧပြီနဲ့ ဇွန်လကြားမှာ ပေါင် ၄.၅ သန်း ရခဲ့ပါတယ်။

“အဲဒီ ရန်ပုံငွေထောက်ပံ့မှုတွေက ၂၀၂၀ ‌နွေရာသီမှာ အဆုံးသတ်သွားတယ်” လို့ ပြောခွင့်ရသူ တယောက်က ပြောပါတယ်။

ကိုယ်ရံတော်တွေ

သူတို့ တရားဝင်တာဝန်တွေကို စွန့်လွှတ်လိုက်တဲ့အခါ မြို့စားနဲ့ မြို့စားကတော် အတွက် လုံခြုံရေးဆိုင်ရာ ကိုယ်ရံတော် အစီအစဉ်တွေ ရုတ်သိမ်းလိုက်ကြပါတယ်။

ဗြိတိန်ကနေ ဟယ်ရီ ထွက်ခွာသွားစဉ်အချိန်က ရဲအစောင့်အရှောက်တွေ မပေးရင် သူ့ မိသားစုကို ပြန်ခေါ်လာဖို့ရာမှာ သိပ်အန္တရာယ်ကြီးတယ်လို့ ပြောခဲ့ပါတယ်။

လုံခြုံရေးအစောင့်အရှောက်အရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ တင်ပြမှုကို တရားရုံးချုပ်က ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ကြားနာဖို့ လက်ခံခဲ့ပါတယ်။

Harry

ဓာတ်ပုံ ရင်းမြစ်, CARLY B. TALBOT

ဓာတ်ပုံ ပုံစာ, ဝင်ဆာ ဖရော့မိုးအိမ်တော်ထဲက ဖရော့မိုး တိုက်ငယ်

 ဖရော့မိုး တိုက်ငယ်

သူတို့ လက်ထပ်တော့ ဘုရင်မကြီးက ဟယ်ရီနဲ့ မီဂန်အတွက် ဝင်ဆာက ဖရော့မိုး တိုက်ငယ်လေးတခုကို ပေးပါတယ်။

အဲဒီတိုက်ငယ်လေး ပြန်လည်မွမ်းမံ စားရိတ် ပေါင် ၂.၄ သန်းကို တော်ဝင် ဘဏ္ဌာတွေ ထဲကပဲ ပေးခဲ့ပါတယ်။

ဟယ်ရီတို့မောင်နှံက အဲဒီငွေပမာဏကို သူတို့ တော်ဝင်ရာထူး စွန့်လွှတ်ချိန်မှာ ပြန်ပေး ခဲ့ပါတယ်။

ဟယ်ရီနဲ့ မီဂန်တို့ တခြားအမွေတွေ ဘာတွေရှိသေးလဲ။

ဝီလျံနဲ့ ဟယ်ရီဟာ ၁၉၉၇ ခုနှစ်မှာ ဆုံးပါးသွားတဲ့ သူတို့ရဲ့ မိခင် မင်းသမီး ဒိုင်ယာနာ အမွေထားခဲ့တဲ့ ပေါင် ၁၃ သန်းကို ရရှိခဲ့ပါတယ်။

အော်ပရာ ဝင်းဖရီးနဲ့ မေးမြန်းခန်းမှာ ဟယ်ရီက သူတို့ အမေရိကန်ကို ရွှေ့ဖို့ အဲဒီငွေ ကို သုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်အမေ ထားရစ်ခဲ့တာ ကျွန်တော်ရပါတယ်။ အဲဒါသာ မရှိရင် ဒါကို လုပ်နိုင် ခဲ့မှာ မဟုတ်ပါဘူး။”

Harry

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဲရစ်မှာ ၁၉၉၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ကားတိုက်မှုတခုမှာ မင်းသမီး ဒိုင်ယာနာ သေဆုံးခဲ့

 သူ့ အဘွား (ဘုရင်မကြီး) ရဲ့ မိခင် သူ့ အဘေးဆီကနေလည်း အမွေတွေ ပေါင် သန်းနဲ့ ချီပြီး ဟယ်ရီ ရခဲ့ လိမ့်မယ်လို့လည်း ဆိုကြပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ဘုရင်မကြီးဆီကနေ သူ အမွေရ မရတော့ မသိရသေးပါဘူး။

ဆပ်ဆက်စ် မြို့စားကတော်ဟာ သူ သရုပ်ဆောင်ဘဝတုန်းက Suits လို့အမည်ရတဲ့ တရားရေးကဏ္ဏဆိုင်ရာ တီဗီ ဇာတ်လမ်းတွဲတွေအတွက် သရုပ်‌ဆောင်စဉ် အပိုင်းတခု ကို ဒေါ်လာ ၅၀,၀၀၀ ရခဲ့ပြီး ရေချယ် ဇိန်း အဖြစ် သူဟာ ဇာတ်လမ်းတွဲ ၇ တွဲကျော် (အပိုင်း ၁၀၀ ကျော်) အတွက် သရုပ်ဆောင် ခဲ့ပါတယ်။

မီဂန်ဟာ ဘဝနေထိုင်မှုပုံစံ ဘလော့ဂ်တခုလည်း ရေးနေသလို ကနေဒါ ဖက်ရှင် တံဆိပ် တခု အတွက်လည်း ဒီဇိုင်းတွေ ဖော်ပေးနေသူ ဖြစ်ပါတယ်။