စစ်အာဏာသိမ်း ၄ နှစ်မြောက်မှာကျရောက်တဲ့သင်္ကြန် ပြန်လည်စည်ကားလာသလား

ဓာတ်ပုံ ရင်းမြစ်, EPA
ဧပြီလ ၁၃ ရက်ကနေ ၁၆ ရက်အထိ မြန်မာနှစ်သစ်ကူး သင်္ကြန်အခါရက်ဟာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ နေ့ထူးနေ့မြတ်လို့ သတ်မှတ်ထားတာဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ်ရဲ့ သင်္ကြန်ရေကတော့ နိုင်ငံအနှံ့မှာ မပက်ဖြန်းနိုင်သေးပါဘူး။
ရခိုင်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း ဘက်တွေလို စစ်မီးတောက်နေတဲ့ နေရာတွေမှာ သင်္ကြန်ရေနဲ့ ပက်ဖြန်းလို့ မအေးချမ်းနိုင်ကြသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်လို့ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားရသူတွေ၊ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူတွေ၊ ဆင်းရဲဒုက္ခရောက်ကြရသူတွေကို စာနာတဲ့အနေနဲ့ရော စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာ ဝင်မကစားဘူးဆိုတဲ့ အတွေးတွေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ရေကစားသူတွေ နည်းခဲ့တာပါ။
ဒီနှစ်မှာတော့ စစ်ကောင်စီအုပ်ချုပ်ရေး သက်ရောက်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီတိုင်းအပါအဝင် မြို့တချို့မှာတော့ စစ်ကောင်စီက စီစဉ်ထားတဲ့ မဏ္ဍပ်တွေမှာတော့ ဒီနှစ် လူစည်ကားလာတာတွေ့ရပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ ပါဝင်သူတွေလည်း ရှိကြသလို စိတ်ပင်ပန်းတာတွေကို ရေကစားပြီး ဖြေဖျောက်ချင်သူတွေလည်း ပိုများလာတာပါ။
ဗုံးသံကြားက မန္တလေး သင်္ကြန်

ဓာတ်ပုံ ရင်းမြစ်, MDY Image
ပုံမှန်ကာလတွေမှာ သင်္ကြန်အကြိုနေ့တွေမှာ ရေကစားသူ သိပ်မရှိကြပေမဲ့ ၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက် အကြိုရက်ကစပြီး မန္တလေးမြို့မှာ ရေကစားသူတွေ များလာတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
သင်္ကြန်အကြိုနေ့ မနက်ခင်း ကတည်းက အရင်နှစ်တွေထက် ထူးထူးခြားခြား လမ်းပေါ်မှာ ရေကစားသူတွေ၊ လည်ပတ်သူတွေ များလာတာကြောင့် အံ့ဩနေကြရတယ်လို့ လည်း ပြောပါတယ်။
တစ်ခုထူးခြားတာကတော့ ကားတွေနဲ့ရေပက်ခံထွက်သူတွေဟာ အရင်နှစ်တွေကထက် ပိုသိသိသာသာ များလာပြီး မဏ္ဍပ်တွေကိုလည်တာလား၊ မန္တလေးမြို့ကို လည်ပတ်ပြီး ရေပက်ခံထွက်တာလားဆိုတာတော့ သေချာမသိဘူးလို့လည်း မြို့ခံတစ်ယောက်က ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီနှစ်သင်္ကြန်က စပြီး လူစည်ကားတဲ့နှစ်လို့ ပြောရမယ်။ ဒီနှစ်မှာ သိသိသာသာ များလာတာက ရပ်ကွက်သင်္ကြန်တွေ ပိုများလာတယ်။ အိမ်ရှေ့၊ လမ်းထိပ်တွေမှာ အုန်းလက်မဏ္ဍပ်တွေနဲ့ ကစားနေတာ၊ ပုံမှန်ဆို အကြိုနေ့တွေက အဲ့လိုမစည်ဘူးနော်။ မနေ့က အကြိုနေ့ကို နေ့လယ် နှစ်နာရီ သုံးနာရီကိုပဲ ပက်နေကြတာ၊ ကလေးတွေဆို တအားပျော်နေကြတာ”လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဧပြီ ၁၄ ရက် အကျနေ့မှာတော့ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နားမှာ နှစ်ကြိမ် ဗုံးပေါက်ကွဲပြီး အနည်းဆုံး လူ ၁၀ ယောက် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဗုံးပေါက်တာ သုံးဆင့်ဆက်တိုက်ကြားတာဗျ။ ထိခိုက်တဲ့အထဲမှာ ကလေးနှစ်ယောက်ပါတယ်။ ဒဏ်ရာတွေတော့ အရမ်းမပြင်းကြဘူး။ အဲ့ဒါပြီးတော့ လူတွေကလည်း ပုံမှန်ပဲ ဆက်ကစားနေကြပါတယ်”လို့ လူမှုကူညီရေးအဖွဲ့တစ်ခုကနေ သိရပါတယ်။
ဒီဗုံးပေါက်ကွဲမှုကိုတော့ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာကိုတော့ မသိကြရသေးပါဘူး။
မန္တလေးမြို့မှာ ရေကစားမဏ္ဍပ် အကြီးရော၊ အသေးပါ စုစုပေါင်း ၂၅ ခုကို ခွင့်ပြုပေးထားပြီး မြို့ရဲ့ အချက်ချာကျတဲ့ မန္တလေးကျုံးဘက်မှာ ရေကစားမဏ္ဍပ်ကြီးတွေကို ဆောက်ပေးထားတာဖြစ်ပါတယ်။
ဒါ့အပြင် လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းပေးထားပြီး အန္တရာယ်ကင်းကင်း လည်ပတ်နိုင်ဖို့အတွက် လုံခြုံရေးကိုလည်းဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်ကနေ ပြောထားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အရပ်သားတွေ အသံတိတ်နေတဲ့ ရခိုင်သင်္ကြန်

ဓာတ်ပုံ ရင်းမြစ်, Khine Murn Chun
ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီစခန်းတွေကို ဆက်တိုက် ထိုးစစ်ဆင်နေတာကြောင့် လူစုလူဝေးနေရာတွေကို စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ရှိနိုင်တဲ့အတွက် သင်္ကြန်ပွဲတော် ရေကစားဆင်နွှဲတာမလုပ်ဖို့ အေအေ က မေတ္တာရပ်ခံထားပါတယ်။
“ဒါက အေအေက သင်္ကြန်ရေမကစားဖို့ ထုတ်တဲ့ ပထမဆုံး ထုတ်ပြန်ချက်”လို့ စစ်တွေမြို့ခံတစ်ယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်သင်္ကြန်ကာလအထိ စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက မဏ္ဍပ်တွေဆောက်သလို ရက္ခိုင့်တပ်တော်က ဦးစီးပြီးတော့လည်း ကျင်းပခဲ့တာတွေ ရှိပါတယ်။
ဒီနှစ်မှာတော့ ရခိုင်တပြည်နယ်လုံးမှာ အရပ်သားတွေ ဆောက်တဲ့ သင်္ကြန်မဏ္ဍပ်မရှိဘဲ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် နှစ်ခုမှာသာ စစ်ကောင်စီရဲ့ မဏ္ဍပ်ရှိတာပါ။ တခြားမြို့နယ်တွေမှာ မဏ္ဍပ်တွေမရှိသလို သွးလာရေကစားကြတဲ့ လူငယ်တွေလည်း မရှိကြဘူးလို့ ရခိုင်တိုင်းရင်းသားတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“သက်ကြီးပိုင်းတွေလောက်ပဲ ဘုရားကျောင်းကန် သွားတာရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်တုန်းကလည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တာကြောင့် သင်္ကြန်ကစားတာတွေ ရပ်နားခဲ့ရပါသေးတယ်။
“၂၀၁၉ မှာက တိုက်ပွဲမရှိတဲ့တချို့မြို့တွေမှာသင်္ကြန်မဏ္ဍပ်တွေရှိခဲ့တယ်။ အခုနှစ်မှာက မြို့ရော နယ်ရော တစ်ခုမှာမှ မရှိတာပါ”လို့ သူက ပြောပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့နေရာတွေက သင်္ကြန်ပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ရန်ကုန်၊ ပဲခူး၊ နေပြည်တော်နဲ့ ဧရာဝတီတိုင်းဒေသထဲက မြို့နယ်တွေမှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ လည်ပတ်သူတွေ ရေကစားသူတွေ ရှိနေတာပါ။
ပဲခူးတိုင်း တောင်ငူမြို့နယ်မှာဆိုရင်လည်း မြို့မုခ်ဦး ဗိုလ်မှူးဖိုးကွန်းလမ်းထိပ်မှာ ဗဟိုမဏ္ဍပ်ရှိပြီး သွားလာရေကစားသူတွေလည်း ရှိနေပါတယ်။
“ကိုယ်တိုင်ကတော့ ပျော်ပါးလှုပ်ရှား သက်ဝင်နေတယ်ဆိုတာမျိုး အဖြစ်မခံချင်လို့ မသွားတာပါတယ်၊ ပြီးတော့ နေကလည်း အရမ်းပူတယ်။ တဖက်မှာလည်း ပျော်ဖို့ အခွင့်အရေးမပေးနိုင်ရင် ပျော်ချင်သူတွေ ပျော်ပါစေလို့ မသိချင်ယောင် ဆောင်ပေးရမယ်ထင်တယ်”လို့ တောင်ငူမြို့ခံတစ်ယောက်က ပြောပါတယ်။
ဧရာဝတီတိုင်း မအူပင်ခရိုင်၊ မအူပင်မြို့က ဗဟိုမဏ္ဍပ်မှာလည်း ရေပက်၊ ရေကစားသူတွေလည်း ရှိနေပါတယ်။
ရန်ကုန်မြို့မှာဆိုရင် မြို့တော်ခန်းမရှေ့၊ ပြည်သူ့ရင်ပြင်လို စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ မဏ္ဍပ်တွေနဲ့ မြို့နယ်အလိုက် အုပ်ချုပ်ရေးရုံးတွေက ဆောက်ထားတဲ့မဏ္ဍပ်တွေ၊ ဟိုတယ်မဏ္ဍပ်တွေ လောက်မှာသာ လူစည်ကားပြီး ကျန်တဲ့နေရာတွေမှာတော့ ငြိမ်သက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
“ရပ်ကွက်တွေထဲမှာတော့ သူ့နေရာလေးနဲ့သူ စည်ကားပါတယ်။ မြောက်ဒဂုံမှာတော့ မဝတလမ်းဆုံမှာ မဏ္ဍပ်တစ်ခုရှိတယ်။ လမ်းတစ်ခြမ်းပိတ်ပြီး ရေပက်ခံကားတွေပဲ အဝင်ခံပြီး လုပ်တာ။ စည်တယ်။ အပေါ်မှာ အဆိုတော်တွေက ဆိုတယ်။ အောက်က လိုက်ကကြတယ်။ အဲဒီနေရာမှာ လူများပါတယ်”
ရပ်ကွက်အလိုက် ကိုယ်အသိမိတ်ဆွေတွေနဲ့စုပြီး ရေကစားကြတာရှိသလို ကလေးတွေက လမ်းသွားလမ်းလာတွေကို ရေပက်ကြတာတွေလည်းရှိပါတယ်။
အရင်နှစ်တွေက တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်သူတွေက တော်လှန်သင်္ကြန်ဆိုပြီး ရေမကစားကြဖို့ လှုံ့ဆော်တာတွေရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ အဲဒီလိုလှုံ့ဆော်တာတွေ မရှိပါဘူး။
ဒါ့အပြင် ရန်ကုန်မှာ အာဏာမသိမ်းခင်တုန်းက အခြေအနေလို မဏ္ဍပ်ထိုင် ရေကစားမျိုးမရှိတော့ဘဲ ဒီနှစ် သင်္ကြန်မှာတော့ အမိုးရောက်မှာ ရေကစားလာကြပါတယ်။ အဲဒါကတော့ ဟိုတယ်ကြီးတွေထဲနဲ့ ဟော်တယ်အချို့ရဲ့ အပေါ်ဆုံးထပ် ဘားတွေမှာ အမိုးအောက် သင်္ကြန်ပွဲတော် ဆင်နွှဲလာကြတာဖြစ်ပါတယ်။ အဲဒီလိုဝန်ဆောင်မှုပေးတဲ့ဘားတွေကလည်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ကြော်ငြာနေကြတာတွေ့ရပါတယ်။
ထိုင်းသင်္ကြန်မှာ ရေကစားတဲ့ မြန်မာ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ထိုင်းနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ သင်္ကြန်ပွဲတွေမှာ မြန်မာနိုင်ငံသားတွေ လာရောက်လည်ပတ်ကြတာတွေကိုလည်း တွေ့ရပါတယ်။
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ကအဖွဲ့ က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှာ ထိုင်းနိုင်ငံ နှစ်သစ်ကူး ရေကစားပွဲတော် ဆုန်ခရမ်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ပေး လိုက်ပါတယ်။
ဘန်ကောက်မြို့ထဲက ခေါက်ဆန်လမ်း၊ ပသူနန်အရပ်၊ စီလုံလမ်း၊ နောက် စျေးဝယ်စင်တာကြီးတွေဖြစ်တဲ့ Siam Paragon၊ Central World၊ Big C စတဲ့ နေရာတွေမှာဆိုရင် လူတွေစည်ကားနေကြပါတယ်။
အဲ့ဒီလူအုပ်ကြီးတွေထဲမှာ မြန်မာဘယ်လောက်များလဲဆိုရင် အာဏာသိမ်းစစ်ခေါင်းဆောင်လည်းဖြစ်၊ စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တဲ့ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်ခေါ်ပြီး ရှုတ်ချပြောဆိုတဲ့ စုဝေးအော်ဟစ်သံတွေ ညံနေခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ သင်္ကြန်လည်တာနဲ့ ထိုင်းမှာ သင်္ကြန်လည်တာ ဘာကွာလဲဆိုရင် အော်ဟစ်ခုန်ပေါက်နေတဲ့ ရေပက်ခံကားတွေမရှိဘူး။ ဒီမှာ တုတ်တုတ်နဲ့လည်ကြတယ်။ မူးရူးပြီးတော့ နှမသားချင်း မစာမနာ လုပ်တာတွေ၊ အရှက်ရအောင် ပြောတာတွေက ထိုင်းမှာမရှိဘူး။ ရန်ကုန်မှာတော့ သင်္ကြန်လည်တိုင်း ပျော်ရမယ့်အစား ကိုယ့်ခန္ဓာကိုယ်ကို တခြားအမျိုးသားလက်တွေ ရောက်မလာအောင် ဂရုစိုက်နေရတယ်။ ထိုင်းမှာက ရေသေနတ်လေးတွေ၊ ရေပိုက်တွေနဲ့ပဲ မနာမကျင်အောင် ရေစိုအောင်ပက်တာ၊ ရန်ကုန်မှာတော့က ရေအားပြင်းတဲ့ ပန့်တွေနဲ့၊ မီးသတ်ပိုက်လို ပိုက်ကြီးတွေနဲ့ပက်တာ နားတွေပါအူပြီး အသားတွေပါ စပ်တာ။ ပြောရရင် ထိုင်းသင်္ကြန်က ပိုစည်းကမ်းရှိတယ်၊ အိန္ဒြေရတယ်၊ တစ်ခု လိုနေတာက စတုဒိသာတွေ လုံးဝမရှိတာပဲ။ မြန်မာမှာဆို ကျွေးတဲ့သူ အရမ်းပေါတာ”လို့ ဘန်ကောက်မြို့ ခေါက်ဆန်လမ်းမှာ လည်ပတ်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ယောက်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Moe Hmyaw
ချင်းမိုင်မြို့က အထင်ကရနေရာတွေမှာလည်း ရေပက်သူ ရေပက်ခံထွက်သူတွေ၊ မဏ္ဍပ်တွေနဲ့ စည်ကားနေပြီး မြန်မာနိုင်ငံသားတွေ တော်တော်များများ ရှိနေတယ်လို့လည်း ချင်းမိုင်မြို့မှာ ကားဝန်ဆောင်မှုပေးနေသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“မြန်မာဘယ်လောက်များလဲဆို ဘယ်ကိုသွားသွား မြန်မာစကားပြောတဲ့အသံတွေပဲ ကြားနေရတယ်။ ထိုင်းကိုလာဖို့ တာချီလိတ်ကနေ လာကြတာ၊ ကျွန်တော့်ကားနဲ့တောင် မနိုင်လို့ ထိုင်းကားသုံးစီးငှားပြီး ခေါ်ရတယ်။ ဒီနှစ် မြန်မာတွေလာတာ ပိုများတယ်”လို့ သူက ပြောပါတယ်။














