ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အချစ်-အမုန်းဆက်ဆံရေးကို အသက်ပြန်သွင်းမယ့် တရုတ်သမ္မတရှီရဲ့ ဗီယက်နမ်ခရီး
- ရေးသားသူ, ဂျွန်နသန် ဟတ်
- ရာထူးတာဝန်, အရှေ့တောင်အာရှဆိုင်ရာသတင်းထောက်
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တစ်ယောက် နိုင်ငံတော်အဆင့် အလည်အပတ် ခရီးစဥ်အနေနဲ့ ဗီယက်နမ်နိုင်ငံကို သွားရောက်ပြီး ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ဖုကျောက်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံကြတဲ့အခါ ကွန်မြူနစ်ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ဒီအိမ်နီးချင်းနှစ်နိုင်ငံကြားက သမိုင်းဝင် ချစ်ကြည်ရင်းနှီးမှုကို ဖော်ကျူးတဲ့ ထောပနာစကားတွေ ထွက်လာကြဖို့ မျှော်လင့်ရပါတယ်။
မစ္စတာ ကျောက်ဟာ ဘေကျင်းကို ပြီးခဲ့တဲ့နှစ်တုန်းက သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ပြည်ပဂုဏ်သရေရှိ လူပုဂ္ဂိုလ်တွေကို ချီးမြှင့်တဲ့အမြင့်ဆုံး ဂုဏ်ပြုဆုပေးခဲ့သလို မစ္စတာ ရှီက သူတို့ဆက်ဆံရေးဟာ ‘‘ရဲဘော်ရဲဘက်နဲ့ ညီရင်းအကို’’လို ဆက်ဆံရေး ဖြစ်သလို တရုတ်-ဗီယက်နမ်ဟာ ‘‘နှုတ်ခမ်းနဲ့သွားလိုပဲ တောင်တွေနဲ့မြစ်တွေရောယှက်နေတာ’’ လို့ ပြောပါတယ်။
ဗီယက်နမ်နိုင်ငံဟာ ယဥ်ကျေးမှုအပြင် နိုင်ငံရေးနဲ့စီးပွားရေးမှာ တရုတ်ဗဟိုပြုတဲ့မစ္စတာရှီရဲ့ ‘‘ဘုံရည်မှန်းချက်တူညီရာအသိုက်အဝန်း’’ကို ပါဝင်မယ်လို့ ကြေညာနိုင်ခြေရှိပြီး အဲဒီစိတ်ကူးအယူအဆဟာ ကမ္ဘာ့အရေးတွေမှာ အမေရိကန်ဦးဆောင်နေမှုကို စိန်ခေါ်မှုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရပါတယ်။
ဒါဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ စက်တင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ဗီယက်နမ် ခရီးစဥ်မှာ ဗီယက်နမ်ဟာ ‘‘မဟာဗျူဟာမြောက်ဘက်စုံမိတ်ဖက်’’အဖြစ် ဆက်ဆံရေးမြှင့်တင်တဲ့အထိ ဗီယက်နမ်နဲ့မဟာမိတ်အဖြစ် ယှဥ်ပြိုင်ရေးမှာ အမေရိကန်ထက်သာဖို့ တရုတ်ရဲ့ပါးပါးနပ်နပ်ခြေလှမ်းမှုဖြစ်လာပါတယ်။ နိုင်ငံတကာမိတ်ဖက်ရွေးချယ်ရေးမှာ သတိရှိရှိခြေလှမ်းနေတဲ့ဗီယက်နမ် အတွက်တော့ ဘေကျင်းနဲ့ ဝါရှင်တန်ကြား တန်းတူရည်တူဆက်ဆံမှုအခြေအနေကို ရောက်စေပါတယ်။
သမ္မတရှီရဲ့ အခုတစ်ပတ် ခရီးစဥ်အတွင်းမှာ တရုတ်ဟာ ဗီယက်နမ်ရဲ့ မီးရထားလမ်းအခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရေးအတွက် သူ့ရဲ့ အဆင့်မြင့်မီးရထားနည်းပညာကို မျှဝေမှာဖြစ်ပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံတောင်ပိုင်းကနေ ဗီယက်နမ် ဆိပ်ကမ်းဖြစ်သလို ဗီယက်နမ်မှာ မြေရှားသတ္တုတွင်းတွေအချို့ရှိရာ ဒေသကို ဖြတ်သန်းတဲ့ ဟိုင်ဖုန်ကို ချိတ်ဆက်မယ့် မီးရထားလမ်းလည်း ပါဝင်မှာဖြစ်ပါတယ်။ တရုတ်ဟာ လျှပ်စစ်ယာဥ်တွေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးအတွက်အရေးပါတဲ့သတ္တုတွေကို ကမ္ဘာမှာ အများဆုံးသန့်စင် တင်ပို့တဲ့နိုင်ငံလည်းဖြစ်နေတာပါ။
နှစ်နိုင်ငံ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ မဆွေးနွေးမယ့်အကြောင်းကတော့ တောင်တရုတ်ပင်လယ်အတွင်းက ကျွန်းတွေကို ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ကိစ္စ ဒါမှမဟုတ် ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၈၀ ပြည့်နှစ်တွေမှာ အဖုအထစ်ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေး တနည်းအားဖြင့် နှစ်ဖက်စစ်သားထောင်ချီသေဆုံးခဲ့တဲ့ ၁၉၇၉ ခုနှစ်တုန်းက နယ်စပ်စစ်ပွဲအရေး တွေဖြစ်နိုင်ပါတယ်။ ဆွေးနွေးခဲ့တယ်ဆိုရင်တော့ အနည်းဆုံးတော့ လူသိရှင်ကြား ထုတ်ပြောတာ မရှိမယ့် အခြေအနေပါ။
ဒါ့အပြင် "nghìn năm bắc thuộc" လို့ ဗီယက်နမ်လို ခေါ်ပြီး မြောက်ပိုင်းကို နှစ်ပေါင်း ၁၀၀၀ ကျူးကျော်မှုလို့ သိကြတဲ့ တရုတ်ရဲ့ သမိုင်းဝင် ကာလရှည် နယ်ချဲ့မှု ဒါမှမဟုတ် မဲခေါင်မြစ်ပေါ်မှာ တရုတ်ဆည်တွေဆောက်လုပ်မှုကြောင့် ဗီယက်နမ်အပေါ် ရိုက်ခတ်မှုတွေကိုလည်း ဆွေးနွေးမယ့်အထဲ ပါဝင်နိုင်ခြေမရှိပါဘူး။
ဒါပေမဲ့ ဒီလိုပွတ်တိုက်မှုအသစ်တွေဟာ တရုတ်နိုင်ငံထက် အင်တာနက်ကို တင်းကျပ်မှုနည်းတဲ့ ဗီယက်နမ်နိုင်ငံအတွင်းမှာတော့ အွန်လိုင်းပေါ်မှာ ပြောကြဆိုကြတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။
‘‘ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။ ကျေးဇူးပြုပြီး မလာပါနဲ့လား သမ္မတရှီ’’ လို့ ဗီယက်နမ် ဖေ့ဘွတ်ခ် သုံးစွဲသူ တစ်ဦးက ရေးသားပါတယ်။ ‘‘ရှီကျင့်ဖျင်က Nine-dash-line ကို ဖယ်ရှားလိုက်မယ်ဆိုရင် နှစ်နိုင်ငံဟာ ချက်ချင်းဆိုသလို ညီနောင်တွေ ဖြစ်လာမှာလို့ နောက်ထပ်တစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။
သူကတော့ တောင်တရုတ်ပင်လယ်အတွင်းက ပိုင်နက် နယ်မြေအားလုံးနီးပါးကို အထူးပိုင်နက်အဖြစ် အခိုင်အမာပြောထားတဲ့ အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန် တရုတ်ရဲ့ ပင်လယ်ရေပိုင်နက်မြေပုံကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။
ဗီယက်နမ်ဟာ အရှေ့တောင်အာရှမှာ တခြားနေရာတွေထက်စာရင် တရုတ်ဆန့်ကျင်ရေး လူထုအမြင် ပိုပြီးပြင်းထန်ပါတယ်။ ပြင်သစ်ကိုရော၊ အမေရိကန်ကိုပါ တိုက်ခိုက်ပြီးတဲ့နောက် လွတ်လပ်ရေးရယူခဲ့တဲ့အမျိုးသားရေးကို ဂုဏ်ယူတတ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတာ၊ နောက် မြောက်ဘက်က အိမ်နီးချင်းနိုင်ငံကြီးကိုပါ ကြောက်ရွံ့တဲ့သမိုင်းကြောင်းရှိတာကြောင့် ဒီအမြင်ဟာ ဗီယက်နမ်ပြည်တွင်းမှာ ပိုပြီးလှုပ်လှုပ်ခတ်ခတ်ရှိတာပါ။ ဒီလူထုအမြင်တွေကိုလည်း ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင်တွေက သေသေသပ်သပ်ကိုင်တွယ်ဖြေရှင်းပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေလည်း မကြာမကြာဆိုသလို ပေါ်ပေါက်လေ့ရှိပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကဆိုရင် ဗီယက်နမ်က သူတို့ပိုင်တယ်လို့ မှတ်ယူထားတဲ့ ရေပိုင်နက်မှာ တရုတ်က ရေနံတူးစင်တည်ဆောက်ခဲ့ပြီးတဲ့နောက် အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့တာကြောင့် လူတော်တော်များများ သေဆုံးခဲ့ပြီး ပြည်ပပိုင် စက်ရုံ ဒါဇင်နဲ့ချီလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ ဗီယက်နမ်ထုတ်ကုန်ပစ္စည်းတွေကိုပဲ တင်ပြီး တရုတ်ထုတ်တွေ တခုမှ မတင်ဘူးလို့ ပြောဆိုရောင်းချတဲ့ စျေးဆိုင်တွေလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဟနွိုင်းမြို့မှာ ထွက်ပေါ်လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အစိုးရနှစ်ခုစလုံးဟာ ၂၀၁၄ ရေနံတူးစင် တည်ဆောက်မှုလိုမျိုး ရန်စတဲ့လုပ်ရပ် တွေကို ရှောင်ရှားလာကြပြီး ဒီအရေး လူထုအမြင် အေးအောင်လုပ်နေပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အပေါ်ယံသာသာ ကြိုးပမ်းမှုသာဖြစ်နေပါတယ်။ ဗီယက်နမ်မှာ နွားလျှာသဖွယ်ပုံဖော်ရည်ညွှန်းတဲ့ တောင်တရုတ်ပင်လယ်အတွင်းက U ပုံသဏ္ဍာန် တရုတ်ရဲ့ ပင်လယ်ရေပိုင်နက်မြေပုံ (nine-dash line) နဲ့ပတ်သက်တဲ့ စိတ်ခံစားချက်တွေကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။ ဘယ်လောက်အထိ မြင့်တက်ခဲ့လဲဆိုရင် ဘာဘီရုပ်ရှင်မှာဆိုရင် တရုတ်က အခိုင်အမာပြောထားတဲ့မြေပုံကို ဖော်ပြ ထားတာကြောင့် ဗီယက်နမ်အာဏာပိုင်တွေက အဲဒီရုပ်ရှင်ကို ဒီနှစ်မှာ ပိတ်ပင်ခဲ့ပါတယ်။
ဗီယက်နမ်ဟာ သမ္မတရှီကျင့်ဖျင်လက်ထက်မှာ စတင်ဖော်ဆောင်တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (OBOR) ရင်းနှီးမြှုပ်နှံမှုအောက် ဝင်ရောက်ရေး လက်ခံဖို့ ဝန်လေးခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့ တစ်စိတ်တစ်ပိုင်းကတော့ ဒီရင်းနှီးမြှုပ်နှံမှုတွေဟာ တရုတ်စီးပွားရေးခြေရာကို မကျေချမ်းမှု လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားနိုင်ခြေ အန္တရာယ်ဖြစ်လာနိုင်တာကြောင့်လည်းဖြစ်ပါတယ်။
အဲဒီခြေရာကလည်း ကြီးမားပါတယ်။ ကြီးမားလွန်းလို့ တရုတ်အပေါ် လူထုအမြင်က ဘယ်လိုပင်ဖြစ်နေပါစေ ဗီယက်နမ်ခေါင်းဆောင်တွေအတွက် ထိခိုက်မှုအန္တရာယ်လည်း ကြီးမားလွန်းနေတာဖြစ်ပါတယ်။
တရုတ်ဟာ ဗီယက်နမ်ရဲ့အကြီးမားဆုံး ကုန်သွယ် မိတ်ဖက်လည်းဖြစ်ပါတယ်။ အပြန်အလှန်ကုန်သွယ်မှုဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်သိန်းနီးပါးရှိပါတယ်။ တရုတ်ဟာ ဗီယက်နမ်မှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်တဲ့နိုင်ငံဖြစ်ပြီး အမေရိကန်ထက် များပါတယ်။ အမေရိကန်ကုမ္ပဏီဟာ ထုတ်လုပ်ရေးအပိုင်းမှာ တရုတ်အပေါ် မီခိုနေရမှုကို လျှော့ချနိုင်ဖို့ နောက်ထပ်နည်းလမ်းရှာဖွေတဲ့အနေနဲ့ ဗီယက်နမ်မှာ ရင်းနှီးမြှုပ်နှံတာတွေလုပ်ဆို့ ဆွေးနွေးတာတွေလုပ်နေပေမဲ့လည်း တရုတ်- ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု မြင့်မားနေဆဲဖြစ်ပါတယ်။
အဲဒီရင်းနှီးမြှုပ်နှံမှုတွေထဲက အချို့ဟာ တရုတ်နဲ့ခွာခွာနေရေး အမေရိကန် မူဝါဒကြောင့် အမေရိကန်ရဲ့ ကန့်သတ်မှုတွေကို ရှောင်ရှားဖို့ တရုတ်ကုမ္ပဏီတွေက သူတို့ရဲ့ထုတ်လုပ်မှုအပိုင်းကို ဗီယက်နမ်ကို ရွှေ့နေချိန်မှာပဲ ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။
အဲဒီအရာတွေရဲ့ထိပ်ဆုံးမှာတော့ နှစ်နိုင်ငံခေါင်းဆောင်ပိုင်းရဲ့ အယူဝါဒဆိုင်ရာနှောင်ကြိုးဖြစ်ပါတယ်။ မစ္စတာရှီရော၊ မစ္စတာကျောက် ရော နှစ်ဦးစလုံးဟာ သူတို့ပါတီတွေရဲ့ အာဏာရှင်စွက်တဲ့အယူဝါဒတွေပြည့်နှက်တဲ့သဘောထားတင်းမာသူတွေဖြစ်တာ၊ အနောက် ဒီမိုကရေစီစံနှုန်းတွေကို အကောင်းမမြင်တာနဲ့ နိုင်ငံရေးဇာတ်ခုံမှာ သူတို့ပါတီတွေရဲ့ သံမဏိလိုခိုင်ခိုင်မာမာချုပ်ကိုင်နေမှုကို ဆက်ထားလိုတာတွေ တူညီကြပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ဗျူဟာမြောက် ရှေ့မျှော်ကြည့်မှုအပိုင်းမှာတော့ သိသိသာသာ မတူကွဲပြားမှုတွေ ရှိလာမှာဖြစ်ပါတယ်။
တရုတ်ရဲ့ ရှေ့မျှော်မှုက ဒေသတွင်းမှာ လွှမ်းမိုးနိုင်ဖို့နဲ့ စစ်အေးကာလအလွန် အမေရိကန်ဦးဆောင်တဲ့ တစ်နိုင်ငံတည်းက ဦးဆောင်နိုင်မှုကို စိန်ခေါ်ပြီး ထိုးထွက်လာတဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ဖို့ ဖြစ်ပါတယ်။ ရုရှားနဲ့ သမိုင်းဝင်ဆက်ဆံရေးနီးစပ်တဲ့ ဗီယက်နမ်ကတော့ တရုတ်-အမေရိကန် ယှဥ်ပြိုင်မှုကြားမှာ ဆက်ဆံရေးကို ဟန်ချက်ညီအောင်ထိန်းပြီး လုံခြုံရေးနဲ့ အကျိုးစီးပွားရနိုင်သလောက်ဖော်ဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်။
မစ္စတာ ကျောက်ကတော့ ဒါကို အမြစ်ခိုင်ပြီး အကိုင်းယိမ်းလွယ်တဲ့ ‘‘ဝါး သံခင်းတမန်ခင်း’’ လို့ ခေါ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ ဆိုဗီယက် ခေတ် ဆိုဗီယက်ယိမ်း သံခင်းတမန်ခင်း အထီးကျန်မှုကို အဆုံးသတ်ခဲ့ပြီးတဲ့နောက် ဗီယက်နမ်ရဲ့ ‘‘မ လေးလုံး’’ မူဝါဒနဲ့အညီ ပြုလွယ်ပြောင်းလွယ်ဖြစ်တဲ့နိုင်ငံခြားရေးမူဝါဒဖြစ်ပါတယ်။ ‘‘မ’’ လေးလုံးကတော့ စစ်ဘက်မဟာမိတ်မပြုလုပ်ရေး၊ တစ်နိုင်ငံကို ဆန့်ကျင်နေတဲ့တခြားတစ်နိုင်ငံနဲ့အတူ မရပ်တည်ရေး၊ ဗီယက်နမ်မြေပေါ်မှာ ပြည်ပစစ်ခြေစိုက်စခန်းတွေ မရှိရေးနဲ့ နိုင်ငံတကာဆက်ဆံရေးတွေမှာ အင်အားမသုံးရေးတို့ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ ရန်သူမရှိ၊ မိတ်ဆွေသာရှိဖို့ ဖြစ်ပါတယ်။ တရုတ်အတွက်တော့ အခုနှစ်အတွင်း ဗီယက်နမ်က အမေရိကန်နဲ့ဆက်ဆံရေးတိုးမြှင့်မှုဟာ ဒေသတွင်းမှာ တရုတ်လွှမ်းမိုးမှုကို ဆန့်ကျင်ဖို့နဲ့ အမေရိကန်ရဲ့တည်ရှိမှုကို အခိုင်အမာပြောဆိုမှုကလွဲလို့ တခြား မရှိဘူးလို့ ယုံမှားစရာမရှိပါဘူး။
ဗီယက်နမ် ခေါင်းဆောင်တွေကတော့ တရုတ်နိုင်ငံဟာ သူတို့ရင်းနှီးဖို့ ဦးဆုံးကြိုးပမ်းတဲ့ မဟာမိတ်တွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဆက်ဆံရေးဟာ တောင်တရုတ်ပင်လယ်အတွင်းမှာဖြစ်တဲ့ တင်းမာမှု ဒါမှမဟုတ် တရုတ်ဘက်က တင်တင်စီးစီးလုပ်တဲ့လုပ်ရပ်လို့ ဗီယက်နမ်ဘက်က ထင်မြင်တဲ့ဖြစ်ရပ်တွေကြားမှာ ဓားစာခံအဖြစ် ညပ်နေဦးမှာဖြစ်ပါတယ်။