ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Barbie ရုပ်ရှင်ဇာတ်ကားကို ဗီယက်နမ်က ပိတ်တာက တရုတ်ဆွဲထားတဲ့ မြေပုံကြောင့်လို့ ဆိုတဲ့ သတင်း နဲ့ ဇူလိုင် ၃ ရက် ညပိုင်း နိုင်ငံတကာ သတင်းတွေ
အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေကို အစ္စရေး စစ်ဆင်ရေးလုပ်နေ
သူတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ ဂျက်နင်း ဒုက္ခသည်စခန်းက ပါလက်စတိုင်း စစ်သွေးကြွတွေကို အစ္စရေးက စစ်ဆင်ရေး အကြီးအမား လုပ်နေ ပါတယ်။
နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး အစ္စရေး စစ်ဆင်ရေး ဖြစ်ပြီး ဒရုန်းတွေ၊ မြေပြင်တပ် တွေ နဲ့ အတူ ပစ်ခတ်တာတွေလည်း အများအပြားပါ။
ပါလက်စတိုင်း ၈ ယောက် သေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ဒဏ်ရာရ ခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးဘက်ကတော့ သူတို့ အဆို အကြမ်းဖက်သမား အနည်းဆုံး ၇ ယောက် လျော့သွားအောင် လုပ်လိုက်ပြီလို့ ဆိုပါတယ်။
မသင်္ကာ စရာ ပါလက်စတိုင်း အယောက် ၂၀ လောက်ကိုလည်း ဖမ်းထားတယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
အစ္စရေး စစ်ဆင်ရေး ပြောခွင့်ရ ဗိုလ်မှုးချုပ် တယောက်က စစ်ဆင်ရေးဟာ အနောက်ဘက်ကမ်းက မြောက်ဘက်ပိုင်း အရပ်တွေ အထိ ကျယ်ပြန့်သွားနိုင်တယ် လို့ ပြောပါတယ်။
ထိုင်းလွှတ်တော် တရားဝင် စတင်
စစ်ခေါင်းဆောင်တွေ ၁၀ နှစ် နီးပါးကြာ လွှမ်းမိုးထားပြီးတဲ့နောက် ထိုင်းအစိုးရအသစ် တရပ် ကို ရွေးချယ်မဲ့ လွှတ်တော်ကို ထိုင်းဘုရင် ဝိဂျရာလောင်ကွန်း က တရားဝင် ဖွင့်လှစ်ပေးလိုက်ပါတယ်။
မေလမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီသစ်တခုဖြစ်တဲ့ ရှေ့သို့ ချီ (Move Forward) ပါတီက ရွေးကောက်တင်မြှောက်ခံ လွှတ်တော်အမတ်နေရာ အများဆုံးနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီပါတီရဲ့ ခေါင်းဆောင် ဖိတာ လင်ဂျာရွန်ရတ် ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက် နိုင်ဖို့ အတွက် ပါတီ ၈ ပါတီ ညွန့်ပေါင်းဖွဲ့ထားပါတယ်။ ပုံမှန် အခြေအနေတွေမှာ ဆိုရင်တော့ သူဟာ ဝန်ကြီးချုပ် ဖြစ်လာဖို့ အကောင်းဆုံး အခြေအနေမှာ ရှိပါတယ်။
ဒါပေမဲ့ ထိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဝန်ကြီးချုပ်ရွေးချယ်ရာမှာ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ မဲတွေကလည်း ရှိနေသေး တဲ့အတွက် နိုင်ငံရေးအရ၊ ဥပဒေကြောင်း ကန့်သတ်ချက်တွေအရ အသက် ၄၂ နှစ် အရွယ် ဟားဗတ် တက္ကသိုလ်ဆင်း ရှေ့သို့ ချီ ပါတီ ခေါင်းဆောင် ဖိတာ တယောက် ဝန်ကြီးချုပ် ဖြစ်လာရေးက ကျိန်းသေပေါက် သေချာမှု မရှိသေးပါဘူး။
အဝေးရောက် ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဆုကြေးထုတ်
နိုင်ငံခြား အင်အားစုတွေနဲ့ ပေါင်းတယ်၊ နိုင်ငံလုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ ဟောင်ကောင်က အဝေးရောက် လှုပ်ရှားတက်ကြွသူ ၈ ယောက်ကို စွပ်စွဲကာ ဟောင်ကောင် ရဲတွေက သူတို့ထဲက ဘယ်တယောက်ကို မဆို ဖမ်းမိနိုင်ဖို့ သတင်း ပေးနိုင်ရင် ဟောင်ကောင် ဒေါ်လာ တသန်း ဆုကြေး ပေးမယ်လို့ ကြေညာပါတယ်။ အဲဒီ ဆုကြေးငွေဟာ အမေရိကန် ဒေါ်လာ ၁၃၀, ၀၀၀ နဲ့ ညီမျှပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က ပြင်းထန်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေထွက်လာပြီးနောက်ပိုင်း အခုလို ဆုကြေး ထုတ်တာဟာ ဒီအကြိမ်ဟာ ပထမဆုံးပါ။
ဆုကြေးထုတ်ခံရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူတွေထဲမှာ ထင်ရှားသူတွေ ဖြစ်တဲ့ နေသန် လောနဲ့ တက်ဒ် ခွေ တို့ လည်းပါဝင်ပါတယ်။
သူတို့ ၈ ယောက် ဟာ အပြစ်ပေးစီရင်ခံရရင် ထောင်ဒဏ် တသက် အထိ ကျခံရနိုင် ပါတယ်။
ပြင်သစ် မငြိမ်သက်မှု အနည်းငယ်လျော့လာ
ပြင်သစ်နိုင်ငံက မငြိမ်သက်မှုတွေ ၊ အဓိကရုဏ်း ဖြစ်မှုတွေမှာ မီးလောင်နေတဲ့ မော်တော်ယာဉ်တွေကို မီးငြိမ်းဖို့ ကြိုးစားနေစဉ် မီးသတ်သမားတယောက် သေဆုံးသွားပါတယ်။
ဆယ်ကျော်သက်ရွယ် လူငယ်တယောက် ရဲက ပစ်ခတ်လို့ သေဆုံးခဲ့ပြီးတဲ့နောက် ပြင်သစ် နိုင်ငံတလွှားမှာ ၆ ည မြောက် အကြမ်းဖက်မှုတွေ ဖြစ်နေပြီး တနင်္ဂနွေညက လူပေါင်း ၁၅၀ ကျော်ကို ရဲက ထပ်ဖမ်းထားပါတယ်။
နိုင်ငံအနှံ့မှာ ရဲ တပ်ဖွဲ့ဝင်ပေါင်း ၄၅,၀၀၀ ကို တာဝန်ချထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရဲပစ်ခတ်မှု ကြောင့် အဲဒီလူငယ် သေဆုံးခဲ့တဲ့ ပဲရစ်က ဆင်ခြေဖုံးအရပ်တခုက မြို့ပိုင်ရုံးအပြင်ဘက်မှာ လူတွေ စုဝေးခဲ့ကြပြီး လုံခြုံရေး အရ စိန်ခေါ်မှုတွေရင်ဆိုင်နေရတဲ့ ဒေသခံ မြို့ပိုင်နဲ့ ဒေသခံ နိုင်ငံရေးသမားတွေကို သူတို့ ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ ဒေသခံ မြို့ပိုင်ကလည်း အကြမ်းဖက်မှု တွေ အဆုံးသတ်ဖို့ ပန်ကြားခဲ့ပါတယ်။
အဓိကရုဏ်းလုပ်သူတွေက ပဲရစ် မြို့တော်ဝန် ရဲ့ နေအိမ်ကို အရင်နေ့ တုန်းက တိုက်ခိုက်ခဲ့ကြပါတယ်။
တရုတ်ဆွဲတဲ့ တောင်တရုတ်ပင်လယ် မြေပုံပါတဲ့ အမေရိကန် ရုပ်ရှင်ကို ဗီယက်နမ်က ပိတ်ပင်
အမေရိကန် ရုပ်ရှင် ဘာဘီ (Barbie) ဇာတ်ကားမှာ တောင်တရုတ် ပင်လယ်က အငြင်းပွားနယ်မြေကို တရုတ် ပိုင်နက်လို့ ဖော်ပြတဲ့ မြေပုံသုံးထားတဲ့ ဇာတ်ကွက် ပါတဲ့ အတွက် ဗီယက်နမ်က ဒီဇာတ်ကားကို ပိတ်ပင်လိုက်ပါတယ်။
တောင်တရုတ်ပင်လယ် မြေပုံတွေမှာ အင်္ဂလိပ် အက္ခရာ U ပုံစံ မျဉ်းတို ၉ ခုနဲ့ ဆွဲထားတဲ့ တရုတ်မြေပုံက အဲဒီရေပြင် ဧရိယာအများအပြားကို သူတို့ ပိုင်ဆိုင် ကြောင်း ပြဆိုထားပြီး ဗီယက်နမ်က အဲဒီဧရိယာတွေက သူတို့ ရေပြင်ပိုင်နက်လို့ သဘောထား ပါတယ်။
ဗီယက်နမ်က တရုတ်ဟာ တောင်တရုတ် ပင်လယ်ထဲမှာ သူတို့ အချုပ်အခြာ ပိုင်နက်ကို ချိုးဖောက်တယ်လို့ ထပ်ခါ ထပ်ခါ စွပ်စွဲထားပါတယ်။
တရုတ်ရဲ့ မျဉ်းတို ၉ ခု ရေပိုင်နက် မြေပုံပါဝင်တဲ့ ရုပ်ရှင်တွေကို ဗီယက်နမ်က အရင် ကလည်း တားမြစ်ခဲ့ဖူးပါတယ်။