ပူတင် အနား ပုံစံအမျိုးမျိုးနဲ့ ပေါ်နေသူတွေကို ဆော့ဖ်ဝဲသုံးပြီး ဘယ်လိုဖော်ထုတ်ခဲ့လဲ

ပူတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နောက်ခံမှာ ပါတဲ့သူတွေဟာ ယခင် ပူတင်ရဲ့ မီဒီယာ ဓာတ်ပုံတွေမှာလည်း တခြား ပုံစံမျိုးနဲ့ တွေ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ဘီဘီစီက စစ်ဆေးကြည့်ခဲ့

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် က ၂၀၂၃ နှစ်သစ် မိန့်ခွန်း ဓာတ်ပုံနောက်ခံမှာ သဘာဝကျတဲ့ လူတွေမဟုတ်ဘဲ သရုပ်ဆောင်တွေ သုံးတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာရော၊ သတင်းတွေမှာပါ ပျံ့နှံ့နေပါတယ်။

အဲဒီ မိန့်ခွန်းနောက်ခံမှာ ပါတဲ့သူတွေဟာ ယခင် ပူတင်ရဲ့ မီဒီယာ ဓာတ်ပုံတွေမှာလည်း တခြား ပုံစံမျိုးနဲ့ တွေ့ရတယ်ဆိုတဲ့ အဲဒီ ပြောဆိုမှုတွေကို ဘီဘီစီက မျက်နှာမှတ်မိတဲ့ ဆော့ဖ်ဝဲသုံးပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။

ဘီဘီစီရုရှားဌာနခွဲက ၂၀၂၀ မှာ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု တခုမှာဆိုရင် ပူတင်နဲ့ စကားပြောတယ်ဆိုတဲ့ နေ့စဉ်ဘဝ သာမန်လူတွေဟာ တကယ်တမ်း ဒေသခံ ဝန်ထမ်းတွေ ဖြစ်နေတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ဖူးပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်း ကနေ တပ်ဆုတ်ခွာမှု ရုရှားတွေအမြင်ကွဲ

ရွှေရောင်ဆံပင်နဲ့ အမျိုးသမီး

ယူကေနိုင်ငံက သတင်းစာတွေ ဖြစ်တဲ့ the Sun နဲ့ Daily Mail အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြမှုတွေအရ လတ်တလော ပူတင်ရဲ့ ၂၀၂၃ ခုနှစ် နှစ်သစ် မိန့်ခွန်းမှာ စစ်ဝတ်စုံ ဝတ်ထားတဲ့ ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးဟာ ယခင် ၂၀၁၆ ပူတင်ရဲ့ ငါးမျှားခရီးစဉ်နဲ့ ၂၀၁၇ ပူတင်ရဲ့ ခရစ်ယာန် ဘုရားကျောင်းသွားတဲ့ ခရီးစဉ်တွေမှာလည်း ပါဝင်နေတာကို နောက်ခံ ဓာတ်ပုံတွေအရ တွေ့ရတယ်လို့ ဖော်ပြနေကြပါတယ်။

ပူတင်

ဓာတ်ပုံ ရင်းမြစ်, Twitter

ဓာတ်ပုံ ပုံစာ, နှစ်သစ် မိန့်ခွန်းမှာ စစ်ဝတ်စုံ ဝတ်ထားတဲ့ ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးဟာ ယခင် ၂၀၁၆ ပူတင်ရဲ့ ငါးမျှားခရီးစဉ်နဲ့ ၂၀၁၇ ပူတင်ရဲ့ ခရစ်ယာန် ဘုရားကျောင်းသွားတဲ့ ခရီးစဉ်တွေမှာလည်း ပါဝင်နေတာကို တွေ့ရတယ်လို့ ဖော်ပြနေကြ

ယူကရိန်းသတင်းဖော်ပြချက်တခု အရကတော့ အဲဒီအမျိုးသမီးဟာ ရုရှားရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ကာကွယ်ရတဲ့ လုံခြုံရေး တပ်ဖွဲ့ ဖြစ်တဲ့ ရုရှားပြည်ထောင်စုလုံခြုံရေး (Federal Guards Service – FSO) က ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ဆော့ဖ်ဝဲနဲ့ တိုက်စစ်ရာမှာ ၇၅ ရာခိုင်နှုန်းနဲ့ အထက် တူညီတယ်ဆိုတဲ့ အဖြေထွက်ရင် လူတယောက်တည်းရဲ့ ဓာတ်ပုံတွေ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်တယ်လို့ ယူကေနိုင်ငံ ဘရက်ဖို့ တက္ကသိုလ်က အမြင်ပိုင်း ဆိုင်ရာ တွက်ချက်မှု ဌာန ဒါရိုက်တာ ပါမောက္ခ ဟာဆန် ယူဂေးလ်က ဆိုပါတယ်။

အဲဒီ ၂၀၂၃ ဓါတ်ပုံထဲက အမျိုးသမီးနဲ့ တူတယ်လို့ ထင်ရတဲ့ ၂၀၁၆ နဲ့ ၂၀၁၇ က ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးတွေကို ဘီဘီစီက မျက်နှာဖတ်တဲ့ ဆော့ဖ်ဝဲနဲ့ တိုက်ကြည့်တဲ့အခါမှာ ၂၉ ရာခိုင်နှုန်းနဲ့ ၂၈ ရာခိုင်နှုန်း အသီးသီး တူညီမှု ရှိတယ်လို့ အဖြေထွက်ခဲ့တာကို တွေ့ရပါတယ်။

ပူတင်
ဓာတ်ပုံ ပုံစာ, ၂၀၂၃ ဓာတ်ပုံထဲက အမျိုးသမီးနဲ့ တူတယ်လို့ ထင်ရတဲ့ ၂၀၁၆ နဲ့ ၂၀၁၇ က ရွှေရောင်ဆံပင်နဲ့ အမျိုးသမီးတွေကို ဘီဘီစီက မျက်နှာဖတ်တဲ့ ဆော့ဖ်ဝဲနဲ့ တိုက်ကြည့်တဲ့အခါမှာ ၂၉ ရာခိုင်နှုန်းနဲ့ ၂၈ ရာခိုင်နှုန်း အသီးသီး တူညီမှု ရှိတယ်လို့ အဖြေထွက်

၂၀၁၆ နဲ့ ၂၀၁၇ က ဓာတ်ပုံတွေမှာ ဆော့ဖ်ဝဲနဲ့ တိုက်စစ်ရာမှာတော့ ၉၉.၁ ရာခိုင်နှုန်း တူညီနေတယ်လို့ အဖြေ ထွက်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီ အမျိုးသမီးဟာ ရုရှားမီဒီယာတွေမှာ လာရီဆာ ဆယ်ဂူကီးနား အနေနဲ့ ဖော်ပြခံရပြီး ဒီ ၂၀၁၆ နဲ့ ၂၀၁၇ ဖြစ်စဉ် နှစ်ခုလုံးဟာ နော့ဗ်ဂရော့ ဒေသအတွင်းမှာ ဖြစ်ခဲ့တာပါ။

ဒီအမျိုးသမီးဟာ ဒေသခံ ပါလီမန်ရဲ့ အမတ်လည်း ဖြစ်ပြီး သူ့ရဲ့ ညီညွတ်သော ရုရှားပါတီဟာ လက်ရှိ တသီးပုဂ္ဂလ အဖြစ်သာ ရပ်တည်နေတဲ့ လက်ရှိ သမ္မတ ပူတင်ကို ထောက်ခံနေတဲ့ ပါတီလည်း ဖြစ်ပါတယ်။

၂၀၁၆ ဖြစ်စဉ်က သူ့ရဲ့ ဓာတ်ပုံနဲ့ သူ့ပါတီ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ သူ့ဓာတ်ပုံကို တိုက်စစ် ကြည့်ရာမှာ ၉၉.၈ ရာခိုင်နှုန်း တူညီတယ်လို့ အဖြေ ထွက်ခဲ့ပါတယ်။

ဒါ့အပြင် မစ္စ ဆယ်ဂူကီးနားဟာ နော့ဗ်ဂရော့ ဒေသအတွင်းက ငါးလုပ်ငန်း ကုမ္ပဏီတခု ထူထောင်သူ ဖြစ်တယ်ဆိုတာလည်း ဘီဘီစီက တွေ့ရှိရပါတယ်။

အဲဒီ အမျိုးသမီးနဲ့ တူတယ်လို့ ပြောဆိုနေကြတဲ့ ၂၀၂၃ ဓာတ်ပုံထဲက အမျိုးသမီးကိုတော့ ရုရှားမီဒီယာတွေက ဗိုလ်အဆင့် ရှိတဲ့ စစ်ဆရာဝန် အန်နာ ဆာဂီးဗနား ဆစ်ဒိုရန်ကို အဖြစ် ဖော်ပြကြပါတယ်။

၂၀၂၃ ဓာတ်ပုံထဲက အမျိုးသမီးနဲ့ ရုရှားသတင်းစာ အစ်ဘက်စ်တီးယား သတင်းစာ ဝက်ဘ်ဆိုဒ်က ဖော်ပြထားတဲ့ စစ်ဆရာဝန် ဆစ်ဒိုရန်ကိုနဲ့ မေးမြန်းခန်း ဗီဒီယိုထဲက ဓာတ်ပုံနဲ့ တိုက်စစ်ကြည့်ရာမှာတော့ ၉၉.၅ ရာခိုင်နှုန်းအထိ တထပ်တည်းကျတာကို တွေ့ရပါတယ်။

ယူကရိန်း ထောက်လှမ်းရေးဌာနရဲ့ ထုတ်ပြန်ချက်အရလည်း သူ့ကို ရုရှားတပ်ဖွဲ့ဝင်အဖြစ် ဖော်ပြထားတာကို တွေ့ရပါတယ်။

ပူတင်
ဓာတ်ပုံ ပုံစာ, ၂၀၁၆ ပူတင်ရဲ့ ငါးဖမ်း ခရီးစဉ် ဓာတ်ပုံမှာ ပါဝင်ခဲ့တဲ့ အမျိုးသား လေးဦးဟာ ပူတင်ရဲ့ ၂၀၁၇ ခရစ်ယာန်ဘုရားကျောင်း ခရီးစဉ် ဓာတ်ပုံထဲက အမျိုးသား လေးဦးနဲ့ တူနေတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့

ငါးဖမ်းသမားများ

အထက်မှာ ပြောခဲ့တဲ့ လာရီဆာ ဆယ်ဂူကီးနား ပါဝင်တဲ့ ၂၀၁၆ ပူတင်ရဲ့ ငါးဖမ်း ခရီးစဉ် ဓာတ်ပုံမှာ ပါဝင်ခဲ့တဲ့ အမျိုးသား လေးဦးဟာ ဆယ်ဂူကီးနားလည်း ပါဝင်တဲ့ ပူတင်ရဲ့ ၂၀၁၇ ခရစ်ယာန်ဘုရားကျောင်း ခရီးစဉ် ဓါတ်ပုံထဲက အမျိုးသား လေးဦးနဲ့ တူနေတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါကို ဘီဘီစီက မျက်နှာတိုက်စစ်တဲ့ ဆော့ဖ်ဝဲနဲ့ တိုက်ကြည့်ရာမှာ လေးယောက်လုံးအတွက် ၉၉ ရာခိုင်နှုန်းကျော် တထပ်တည်းကျ တူညီနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

အဲဒီ လေးယောက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘီဘီစီက စုံစမ်းကြည့်တဲ့အခါမှာ သုံးယောက်က နော့ဗ်ဂရော့ဒေသက ငါးဖမ်းသမားတွေ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

ပူတင်

ဓာတ်ပုံ ရင်းမြစ်, VK

ဓာတ်ပုံ ပုံစာ, ပုံမှာ အမှတ် ၂ အနေနဲ့ ဖော်ပြထားသူ ဆာဂေး အလက်ဇန်းဒရော့ဗ် ကိုတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သူ့ကို ငါးဖမ်းသမား ဝတ်စုံနဲ့အတူ ဓာတ်ပုံတင်ထားတာကို ဘီဘီစီက တွေ့ရှိ

ပုံမှာ အမှတ် ၁ အနေနဲ့ ဖော်ပြထားသူ အလက်ဆေ လျာရှန်ကို ဟာ ပူတင်ရဲ့ ငါးဖမ်းခရီးစဉ်မှာ ခေါင်းဆောင်ဖြစ်တာကို တွေ့ရပြီး ဒီအချက်ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဒီငါးဖမ်းအဖွဲ့အကြောင်း အွန်လိုင်း ဖော်ပြချက်တွေကတဆင့် ဘီဘီစီက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပုံမှာ အမှတ် ၅ အနေနဲ့ ဖော်ပြထားသူကတော့ အလက်ဆေရဲ့ သားဖြစ်သူ ယက်ဗ်ဂနီ လျာရှန်ကို ဖြစ်ကြောင်းကို ငါးဖမ်းအဖွဲ့ရဲ့ အချက်အလက်အရ သိခဲ့ရပြီး သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကြောင့်ပဲ သားအဖ ဖြစ်တယ်ဆိုတာကို သိခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ရဲ့ ငါးဖမ်းအဖွဲ့ဟာ ဒေသခံ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းစုံ ကုမ္ပဏီတခုဖြစ်တဲ့ အက်ဗရော့ကင်ဆားဗစ်စ် ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ဒီကုမ္ပဏီရဲ့ လက်ထောက် ဒါရိုက်တာဟာ ပုံမှာ အမှတ် ၃ အနေနဲ့ ပါဝင်နေတဲ့ လာရီဆာ ဆယ်ဂူကီးနား ဖြစ်နေတာကိုလည်း ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

ပုံမှာ အမှတ် ၂ အနေနဲ့ ဖော်ပြထားသူ ဆာဂေး အလက်ဇန်းဒရော့ဗ် ကိုတော့ ရုရှားမီဒီယာတွေက ငါးဖမ်းသမားအဖြစ် ဖော်ပြထားပြီး သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သူ့ကို ငါးဖမ်းသမား ဝတ်စုံနဲ့အတူ ဓာတ်ပုံတင်ထားတာကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

ပူတင်
ဓာတ်ပုံ ပုံစာ, ပုံမှာ အမှတ် ၄ အနေနဲ့ ဖော်ပြထားသူရဲ့ လူမှုကွန်ယက်စာမျက်နှာကို ဘီဘီစီက ရှာလို့ မတွေ့ခဲ့ပေမယ့် သူနဲ့ တူတဲ့ ဓါတ်ပုံတပုံ ဘီဘီစီက တွေ့ရှိခဲ့

ပုံမှာ အမှတ် ၄ အနေနဲ့ ဖော်ပြထားသူရဲ့ လူမှုကွန်ရက်စာမျက်နှာကို ဘီဘီစီက ရှာလို့ မတွေ့ခဲ့ပေမယ့် သူနဲ့ တူတဲ့ ဓာတ်ပုံတပုံမှာ ပူတင်နဲ့ ဘယ်လိုတွေ့တာလဲလို့ မေးထားပြီး နော့ဗ်ဂရော့မှာ အလုပ်လုပ်ရင်း ပူတင်နဲ့ ခဏခဏ တွေ့ဖူးတယ်လို့ ဖြေထားတဲ့ မှတ်ချက်တွေကို တွေ့ခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသားနှစ်ဦးဟာ စတာဗရိုပိုး ဒေသမှာ လယ်သမားတွေ ပုံစံဖမ်းပြီး ပူတင်နဲ့ တွေ့ထားတာ ဖြစ်တယ်ဆိုတဲ့ အွန်လိုင်း ဖော်ပြချက်တခုကို ဘီဘီစီက တွေ့ရှိခဲ့ပေမယ့် မျက်နှာဖတ်တဲ့ ဆော့ဖ်ဝဲနဲ့ စစ်ဆေးချက် အရကတော့ နှစ်ဦးစလုံးအတွက် ၈ ရာခိုင်နှုန်း အောက်သာ မျက်နှာ ဆင်တူမှု ရှိတာကို တွေ့ခဲ့ရပါတယ်။

ပူတင်
ဓာတ်ပုံ ပုံစာ, DAILY MAIL ဝက်ဘ်ဆိုဒ်မှာ ဖော်ပြချက်အရ ၂၀၁၇ နဲ့ ၂၀၁၉ လေကြောင်း ပြပွဲတွေမှာ ပူတင်ကို ရေခဲမုန့်ရောင်းပေးတဲ့ အမျိုးသမီးက အတူတူပဲ ဖြစ်နေတယ် ဆိုပြီး ဖော်ပြထားတာကို ဘီဘီစီက စစ်ဆေးခဲ့

ယူကေ သတင်းစာ DAILY MAIL ဝက်ဘ်ဆိုဒ်မှာ ဖော်ပြချက်အရ ၂၀၁၇ နဲ့ ၂၀၁၉ လေကြောင်း ပြပွဲတွေမှာ ပူတင်ကို ရေခဲမုန့်ရောင်းပေးတဲ့ အမျိုးသမီးက အတူတူပဲ ဖြစ်နေတယ် ဆိုပြီး ဖော်ပြထားတာကိုလည်း ဘီဘီစီက စစ်ဆေးခဲ့ပါတယ်။

အခုလို တူနေတယ် ဆိုတဲ့ အမျိုးသမီးနှစ်ဦးရဲ့ ဓါတ်ပုံတွေဟာ ဘေးကနေ မြင်ရတာဖြစ်ပြီး ဓါတ်ပုံ အရည်အသွေးလည်း မကောင်းတဲ့အတွက် မျက်နှာတိုက်စစ်တဲ့ ဆော့ဖ်ဝဲကို အသုံးပြုလို့တော့ မရပါဘူး။

ဒါပေမဲ့ ၂၀၁၉ ခုနှစ်က ရုရှားရုပ်သံ မေးမြန်းခန်းတခုမှာ ပူတင်ကို ၂၀၁၇ ကော ၂၀၁၉ မှာပါ ရေခဲမုန့်ရောင်းပေးခဲ့ဖူးတယ်လို့ ပြောတဲ့ အမျိုးသမီးကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။

ဒီအမျိုးသမီးကပဲ ရုရှားလေကြောင်းလိုင်း အဲရိုဖလုတ်က ဝန်ထမ်းအဖြစ် ဖော်ပြခံရဖူးတယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိခဲ့ပေမယ့် အထက်က ပြောခဲ့တဲ့အတိုင်း ဓာတ်ပုံအရည်အသွေးကြောင့် မျက်နှာတိုက်စစ်တဲ့ ဆော့ဖ်ဝဲနဲ့ ဘီဘီစီက အတည်မပြုနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ပူတင်က သွားတွေ့ခဲ့တယ် ဆိုတဲ့ ဒဏ်ရာရ စစ်သားဟာ ယခင်ကလည်း စက်ရုံတရုံမှာ ပူတင်နဲ့အတူ ဓာတ်ပုံထဲမှာ ပါဖူးတယ် ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ဘီဘီစီက ဆော့ဖ်ဝဲနဲ့ စစ်ရာမှာတော့ ၂၅ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ပဲ ထပ်တူကျတာကို တွေ့ရတဲ့အတွက် တဦးတည်း ဖြစ်တယ်လို့ မပြောနိုင်ပါဘူး ဆိုတာ ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။