ယူကရိန်းစစ်ပွဲ - ကိယဗ်ကို စိတ်သက်သာစေပြီး မော်စကိုကို ခြောက်လှန့်မဲ့ အမေရိကန်ရဲ့ ပတ်ထရီရော့

၂၀၁၈ က အစ္စရေးနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်စဉ်မှာ သုံးခဲ့ကြတဲ့ အမေရိကန်ရဲ့ ပတ်ထရီရော့ ဒုံးခွင်းဒုံး စနစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ က အစ္စရေးနဲ့ ပူးတွဲစစ်ရေး လေ့ကျင့်စဉ်မှာ သုံးခဲ့ကြတဲ့ အမေရိကန်ရဲ့ ပတ်ထရီရော့ ဒုံးခွင်းဒုံး စနစ်

ယူကရိန်းကို ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုံးတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စု က Patriot ပတ်ထရီရော့ အဆင့်မြင့် ဒုံးခွင်းဒုံး စနစ်ကို ပေးဖို့ ရှိနေပါတယ်။ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်စကီး ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ကို မရောက်လာခင်မှာပဲ အမေရိကန် သမ္မတ အိမ်ဖြူတော်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်စတင်ခဲ့တဲ့ ဖေဖော်ဝါရီလက စပြီး အနောက်နိုင်ငံတွေက ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ ပို့ဆောင်ကူညီ ပေးခဲ့ကြပါတယ်။ လူ့ ပခုံးမှာ ထမ်းပြီး ပစ်ခတ်ရတဲ့ Stinger စတင်ဂါဒုံးကျည်ကနေ ရေဒါနဲ့ လမ်းပြပေးတဲ့၊ အပူငွေ့ကို ခြေရာခံလိုက်တဲ့ ဒုံးကျည်တွေပါ အကုန် ပံ့ပိုးပေးခဲ့ကြပါတယ်။ မတူညီတဲ့ ခြိမ်းခြောက်မှုတိုင်းအတွက် အဆင့်အလိုက် ကာကွယ်ပေးနိုင်ဖို့ အတွက် ဖြစ်ပါတယ်။

အဲဒီ အထဲမှာ နောက်တဆင့် မြင့်လာတယ်လို့ ဆိုနိုင်တာက ပတ်ထရီရော့ Patriot ဖြစ်ပါတယ်။ မော်စကိုကို ရန်စလိုက်သလိုတောင် ဖြစ်လာနိုင်ပါတယ်။

အန္တိမ ကာကွယ်ရေး စနစ်လို့ မဆိုနိုင်ပေမယ့် အင်မတန် အစွမ်းထက်တဲ့ အတွက် ဖြစ်ပါတယ်။ အစွမ်းထက်သလို ဈေးလည်း ကြီးပါတယ်။ Patriot ဒုံးကျည် တစင်းကို ဒေါ်လာ ၃ သန်းလောက်ကျပြီး ဒါဟာ NASAMS (National Advanced Surface-to-Air Missile System) စနစ်က ဒုံးကျည်တွေထက် ၃ ဆ များနေတာ ဖြစ်ပါတယ်။ ယူကရိန်းထဲမှာ NASAMS ကာကွယ်ရေး စနစ် ၂ ခု ကို သုံးစွဲနေတာ သီတင်းပတ် အနည်းငယ်ရှိနေပြီ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီ ပတ်ထရီရော့ ဒုံးကျည်တွေဟာ ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းရဲ့ အခြေခံ အဆောက်အအုံတွေကို ရုရှားရဲ့ ရိုင်းစိုင်းစွာ ပစ်ခတ်တိုက်ခိုက်နေတဲ့ ရန်က ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ပထမ ပင်လယ်ကွေ့ စစ်ပွဲ ကာလတုန်းက အီရတ်က ပစ်လွှတ်လိုက်တဲ့ ရုရှားလုပ် Scud စကဒ် ဒုံးကျည်တွေကို ဒီ ပတ်ထရီရော့ ဒုံးခွင်းဒုံး တွေသုံးပြီး ကာကွယ်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းကစပြီး ပတ်ထရီရော့ကို ထုတ်လုပ်တဲ့ Raytheon Technologies ကုမ္ပဏီက စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံ ဆန်းသစ်နေခဲ့တာဖြစ်ပါတယ်။ ပတ်ထရီရော့ ဒုံးကျည် ကာကွယ်ရေး စနစ်မှာ ဒုံးခွင်းဒုံးတွေ၊ ပစ်လွှတ်စင်တွေသာမကဘဲ ကွပ်ကဲရေးဌာန၊ တဖက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ထောက်လှမ်းမယ့် ရေဒါ ဌာနတွေပါ ပါဝင်ပါတယ်။

ပတ်ထရီရော့ဒုံးတွေ ဘယ်လို အလုပ်လုပ်သလဲ
ဓာတ်ပုံ ပုံစာ, ပတ်ထရီရော့ဒုံးတွေ ဘယ်လို အလုပ်လုပ်သလဲ

ထိရောက်တဲ့ အကွာအဝေးကတော့ သုံးတဲ့ ဒုံးကျည်အပေါ် မူတည်ပြီး ကီလိုမီတာ ၄၀ ကနေ ၁၆၀ အထိ အစားစား ရှိပါတယ်။ ဒီ စနစ်ကို point defence စနစ်လို့လည်း ခေါ်ကြပါတယ်။ မြို့အလိုက်၊ အရေးကြီးတဲ့ နေရာတွေနဲ့ အခြေခံ အဆောက်အအုံတွေအလိုက် သီးသန့် သတ်မှတ်ပြီး ကာကွယ်နိုင်ဖို့ ဖန်တီး ထုတ်လုပ်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီ ဒုံးခွင်းဒုံးစနစ်ကို ယူကရိန်း အတွင်း အမေရိကန်ရော တခြားနေတိုး နိုင်ငံတွေက တပ်ဖွဲ့တွေရော ဘယ်ဘက်ကမှ ဝင်ရောက်ကိုင်တွယ် ပစ်ခတ်ပေးလို့ ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ယူကရိန်း တပ်ဖွဲ့ဝင်တွေပဲ ကိုင်တွယ် ပစ်ခတ်တတ်ဖို့ လေ့ကျင့်သင်တန်းပေးရမှာဖြစ်ပြီး ယူကရိန်း ပြင်ပမှာ သင်တန်းပေးရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတောင် သင်တန်းတွေ စတင်နေလောက်ပြီး ဖြစ်နေနိုင်ပါတယ်။ အမေရိကန် စစ်ဘက်ကလည်း လာမယ့် ဇန်နဝါရီလက စတင်ပြီး ယူကရိန်းတပ်ဖွဲ့တွေကို ဂျာမနီမှာ လေ့ကျင့်မှုတွေ တိုးချဲ့ပေးသွားဖို့ စီစဉ်ထားပြီ ဖြစ်တယ်လို့ ပြောထားပါတယ်။

မော်စကိုကတော့ ပတ်ထရီရော့တွေ လာထားတာဟာ ရန်စတဲ့ အပြုအမူဖြစ်ပြီး အမေရိကန်က ယူကရိန်းမှာ စစ်ရေးအရ ပိုမို ပါဝင်ပတ်သက်လာတဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားဘက်က ဒီ ပတ်ထရီရော့တွေ ကိုယ်တိုင်တောင်မှ သူတို့ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ် ခံရမယ့် တရားဝင် ပစ်မှတ်တွေ ဖြစ်သွားမယ်လို့ စစ်ပွဲမစခင်ကတည်း ပြောထားဖူးပါတယ်။

ပတ်ထရီရော့ တွေက ဘယ်လောက်အထိ ကာကွယ်မှု ပေးနိုင်မလဲ ဆိုတာ ခြုံငုံမှန်းဆကြည့်ဖို့ကတော့ မလွယ်ကူသေးပါဘူး။ နောက်ထပ် ဒိုင်းအကာ တခု ထပ်တိုးပေးလိုက်သလိုတော့ ဖြစ်လာမှာပါ။ ဒါပေမယ့် အရွယ်အစားနဲ့ စရိတ်စက ကြီးမှုတွေကြောင့် သိပ်အများကြီးမဟုတ်ဘဲ အနည်းငယ်လောက်ပဲ ပို့ပေးမယ်လို့ ယူဆရပါတယ်။ သိသာနေတာ တခုကတော့ ယူကရိန်းမှာ လက်ရှိသုံးနေတဲ့ ဟောင်းနွမ်းနေပြီ ဖြစ်တဲ့ ရုရှားလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တွေ နေရာမှာ ပိုပြီး ခေတ်မီဆန်းသစ်တဲ့ အနောက်တိုင်းက ထုတ်တဲ့ လက်နက်တွေ တစစနဲ့ အစားထိုး နေရာယူလာနေပြီ ဆိုတာပဲ ဖြစ်ပါတယ်။ ပတ်ထရီရော့ ဟာ ကိယဗ်အတွက် စိတ်သက်သာရ ရစေနိုင်ပေမယ့် မော်စကိုအတွက်ကတော့ သွေးလန့်စရာ၊ ထိတ်လန့်စရာတွေ ဖြစ်လာနိုင်ပါတယ်။

ယူကရိန်းကို ဘာလက်နက်တွေ ပေးထားကြသလဲ

ဆောင်းရာသီထဲကို ရောက်လာနေပြီ ဖြစ်တဲ့ ယူကရိန်းနဲ့ ရုရှားစစ်ပွဲမှာ ယူကရိန်းအတွက် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်က စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးကူညီပေးထားကြပါတယ်။

ဘယ်နိုင်ငံတွေက အများဆုံး ပေးထားသလဲ

ယူကရိန်းကို စစ်ရေးအကူအညီ အများဆုံး ပေးတဲ့နိုင်ငံများ - ၂၄ ဇန်နဝါရီက ၂၀ နိုဝင်ဘာအထိ (ရင်းမြစ်- Kiel Institute for the World Economy, 8 Dec 2022)
ဓာတ်ပုံ ပုံစာ, ယူကရိန်းကို စစ်ရေးအကူအညီ အများဆုံး ပေးတဲ့နိုင်ငံများ - ၂၄ ဇန်နဝါရီက ၂၀ နိုဝင်ဘာအထိ (ရင်းမြစ်- Kiel Institute for the World Economy, 8 Dec 2022)

အသုံးစရိတ်နဲ့ ကြည့်ရင်တော့ ဖေဖော်ဝါရီလက ယူကရိန်း စတင်ကျူးကျော်ခံခဲ့ရစဉ်က စလို့ အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၁၈.၅ ဘီလျံနဲ့ အများဆုံး ကူညီပေးထားပါတယ်။ အဲဒီနောက်မှာ ဂျာမနီ၊ ယူကေနဲ့ ပိုလန်တို့ကလည်း ဒုတိယ၊ တတိယ၊ စတုတ္ထအများဆုံး ကူညီပေးထားကြပါတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီးကတော့ လစဉ် ယူကရိန်းရဲ့ ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၅ ဘီလျံ အထိရှိနေတာမို့ ပိုမို ကူညီထောက်ပံ့ကြဖို့ တောင်းဆိုနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ကပဲ အမေရိကန်က ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၂ ဘီလျံနီးပါး ရှိတဲ့ လုံခြုံရေးအကူအညီတွေ ထပ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီအထဲမှာ ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ကို အကြီးအကျယ် အားကောင်းသွားစေနိုင်မယ့် ပတ်ထရီရော့ ဒုံးခွင်းဒုံး စနစ်တွေလည်း ပါဝင်ပါတယ်။ စစ်ဘက်ရေးရာ ကျွမ်းကျင်သူတွေကတော့ စစ်မြေပြင်မှာ အောင်ပွဲဆင်နိုင်ဖို့ လက်နက်မျိုးစုံ လိုအပ်သလို လေ့ကျင့်မှု၊ အပိုပစ္စည်းနဲ့ တခြား အထောက်အပံ့အစု ရဖို့ လိုတယ်လို့ ဆိုပါတယ်။

လေကြောင်းရန် ကာကွယ်ရေး

ယူကရိန်းမှာ လက်ရှိသုံးစွဲနေတာက ဆိုဗီယက် ခေတ်က ထုတ်ခဲ့တဲ့ S-300 မြေပြင်က ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ် ဖြစ်ပါတယ်။ ဒါကြောင့် ဒီထက်ပိုမို ခေတ်မီ အဆင့်မြင့်တဲ့ စနစ်တွေ ကူညီပေးကြဖို့ ယူကရိန်းက အကြိမ်ကြိမ် တောင်းဆိုနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်မစခင်က ယူကရိန်းမှာ S-300 ပေါင်း ၂၅၀ လောက် ရှိပါတယ်။ နောက်ပြီး ဆလိုဗက်ကီးယား နဲ့ တခြား ဆိုဗီယက်ဝင် ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေကနေလည်း ထပ်မံ စုဆောင်းပြီး အားဖြည့်ခဲ့ပါတယ်။

S-300 air defence system

NASAMS နာဆမ်စ် မြေပြင်မှ ဝေဟစ်ပစ် ဒုံးကျည်စနစ်အပါအဝင် အမေရိကန်က ပတ်ထရီရော့လေကြောင်းရန် ကာကွယ်ရေး စနစ်တွေပါ ထပ်ကူညီပေးမှာ ဖြစ်ပါတယ်။

အင်မတန် အဆင့်မြင့်တဲ့ ပတ်ထရီရော့ ဒုံးစနစ်ဟာ သုံးစွဲတဲ့ ဒုံးကျည်ပေါ် မူတည်ပြီး ကီလိုမီတာ ၁၆၀ မိုင်အားဖြင့် ၁၀၀ လောက်အထိ ထိရောက်မှု ရှိပါတယ်။ အဲဒီ ဒုံးကျည်တွေကို သုံးတတ်ဖို့ အတွက် ယူကရိန်း စစ်သည်တွေကို ဂျာမနီမှာ ရှိတဲ့ အမေရိကန် စစ်တပ် ရဲ့ အခြေစိုက်စခန်းတွေမှာ လေ့ကျင့်ပေးသွားဖို့ များပါတယ်။

ပတ်ထရီရော့ ဒုံးကျည် တစင်းရဲ့ တန်ဖိုးက ဒေါ်လာ ၃ သန်း ဝန်းကျင် ရှိပြီး ဒါဟာ NASAMS နာဆမ်စ် ဒုံးကျည်ထက် ၃ ဆ များပါတယ်။ ယူကေကလည်း ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ ပံ့ပိုးပေးထားပါတယ်။ Starstreak စတားစထရိခ်လို့ခေါ်ပြီး အနိမ့်ပျံသန်းလာတဲ့ လေယာဉ်တွေကို အနီးကပ် ပစ်ချနိုင်ပါတယ်။

Starstreak system

ဂျာမနီကလည်း လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ ပံ့ပိုးပေးထားပါတယ်။ IRIS-T လေကြောင်းရန် ကာကွယ်ရေး စနစ်ဆိုရင် အမြင့် ကီလိုမီတာ ၂၀ လောက်အထိက ပျံသန်းလာတဲ့ ဒုံးကျည်တွေကို ပစ်ချနိုင်ပါတယ်။

တာဝေးပစ် ဒုံးကျည်များ

ယူကရိန်းဟာ အရေးကြီးတဲ့ နေရာတွေကို ဆက်လက် ခုခံ ကာကွယ်ထားနိုင်ဖို့ ဆိုရင် လက်ရှိသုံးနေတာတွေထက် ပိုကောင်းတဲ့ စစ်လက်နက် ပစ္စည်းတွေ ပိုမို လိုအပ်နေတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်က ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်ပစ်စင်ပေါင်း တဒါဇင်ထက်မနည်း ပို့ဆောင်ပေးထားသလို တခြား ဥရောပ နိုင်ငံတွေကလည်း အလားတူ စနစ်တွေကို ပံ့ပိုးပေးထားကြပါတယ်။ အမေရိကန် ပေးထားတဲ့ ရွေ့လျား ဒုံးကျည်ပစ် စနစ်တွေကို M142 High Mobility Artillery Rocket System သို့မဟုတ် Himars ဟိုင်းမားစ်လို့ ခေါ်ပါတယ်။

Graphic on Himars multiple rocket launcher. Updated 11 Aug

ဟိုင်းမာ့စ် နဲ့ တခြား ဒုံးကျည်စနစ်တွေရဲ့ ထိရောက်မှုချင်းကလည်း သုံးစွဲတဲ့ ဒုံးကျည်အပေါ် မူတည်ပြီး ကွာခြားမှုတွေ ရှိပါတယ်။ အလှူရှင် အနောက်နိုင်ငံတွေက တကယ့် အဝေးဆုံးအထိ ပစ်နိုင်တဲ့ ဒုံးကျည်မျိုးတွေ မပေးထားကြဘူးလို့ ယူဆရပါတယ်။ လက်ရှိ ပံ့ပိုးထားတဲ့ ဒုံးကျည်စနစ်တွေအရ မိုင် ၅၀ လောက်အထိ ပစ်ခတ်နိုင်ပြီး ဒါဟာ ရုရှားက သုံးတဲ့ Smerch စမတ်ချ်စနစ်ထက် ပိုဝေးတဲ့ အကွာအဝေး ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုင်းမာ့စ်က ရုရှားက သုံးနေတဲ့ စနစ်တွေထက် ပစ်မှတ်ကို ပိုပြီး တိကျစွာ ထိမှန်နိုင်ပါတယ်။

Graphic comparing ranges of artillery. Updated 11 August.

ဟောင်ဝစ်ဇာ

ဇူလိုင်လဆန်းက စပြီး သြစတေးလျ၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့က M777 ဟောင်ဝစ်ဇာ အမြောက်ကြီးပေါင်း ၁၀၀ ကျော်နဲ့ ၁၅၅ မီလီမီတာ ကျည်ပေါင်း ၃၀၀,၀၀၀ ကို ယူကရိန်းကို ပို့ပေးခဲ့ကြပါတယ်။ M777 ရဲ့ ထိရောက်အကွာအဝေးက ရုရှားသုံးနေတဲ့ Giatsint-B ဂျတ်ဆင့်-ဘီ နဲ့ သိပ်မကွာသလို ရုရှားရဲ့ D-30 ထက်လည်း အများကြီး ပိုဝေးအောင် ပစ်နိုင်ပါတယ်။

Graphic on M777 artillery

တင့်ကားဖျက် လက်နက်များ

တချက်တည်းနဲ့ တင့်ကားကို ဖျက်ဆီးပစ်နိုင်တဲ့ Nlaw အန်လော လို့ ခေါ်ကြတဲ့ ပခုံးထမ်း တင့်ကားဖျက် လက်နက်ပေါင်း ၅၀၀၀ ထက်မနည်းကိုလည်း ယူကရိန်းကို ပေးထားကြပြီး ဖြစ်ပါတယ်။

Graphic showing Nlaw anti-tank weapon.

ရုရှားကျူးကျော်စစ်ရဲ့ အစပိုင်းမှာ ကိယဗ်မြို့ကို ချဉ်းကပ်လာကြတဲ့ ရုရှားတပ်တွေရဲ့ ထိုးစစ်ကို ရပ်တန့်သွားအောင် စွမ်းဆောင်နိုင်ခဲ့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြပါတယ်။

အန်လောဟာ စစ်ရဲ့ ကနဦးကာလမှာ ရုရှားရဲ့ မြေပြင်ထိုးစစ်အရှိန်ကို ချိုးနှိမ်ပစ်ခဲ့ရာမှာ လုံးဝအရေးပါတဲ့ လက်နက် တမျိုးဖြစ်တယ်လို့ Royal United Services Institute က Justin Bronk က သုံးသပ်ပါတယ်။

တင့်ကားများ

Graphic on T-72 tank

ယူကရိန်းအတွက် ပိုလန်နဲ့ ချက်သမ္မတနိုင်ငံတွေက တင့်ကား စီးရေ ၂၃၀ ကျော် ပံ့ပိုးပေးခဲ့ကြပါတယ်။ ပိုလန်က ယူကရိန်းအတွက် သူတို့ ဆီက တင့်ကားတွေ လှူပေးခဲ့ပြီးနောက်မှာ မဟာမိတ် အနောက်နိုင်ငံတွေက ပြန်လည် အစားထိုး ဖြည့်ပေးခဲ့ကြပါတယ်။ အဲဒီ ဖြည့်ပေးတဲ့အထဲမှာ ယူကေ ထုတ် Challenger 2 တင့်ကားတွေလည်း ပါဝင်ပါတယ်။ ယူကရိန်း စစ်တပ်မှာ T-72 တင့်ကားတွေကို သုံးနေခဲ့တာ ဆယ်စုနှစ် များစွာ ကြာပြီဖြစ်သလို လေ့ကျင့်ထားတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိပြီးသား ဖြစ်ပါတယ်။ ဒီတင့်ကားတွေကို ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုလည်း လုပ်သလို အပိုပစ္စည်းတွေလည်း ပြည့်ပြည့်စုံစုံ ရှိပါတယ်။

ဒရုံးများ

Graphic of the Bayraktar TB2 drone

ဒီစစ်ပွဲတွေအတွင်း တွင်တွင်ကျယ်ကျယ် သုံးကြတာက ဒရုံးတွေပဲ ဖြစ်ပါတယ်။ စုံစမ်းထောက်လှမ်းဖို့၊ ပစ်မှတ်ရှာဖို့နဲ့ ဝန်ချီသယ်မဖို့တွေ အတွက်ပါ သုံးကြပါတယ်။

မကြာသေးတဲ့ လပိုင်းတွေ အတွင်းက တူရကီက သူတို့ ထုတ်တဲ့ Bayraktar TB2 ဘိုင်ရက်ထာ တိုက်ခိုက်ရေး ဒရုံးတွေကို ယူကရိန်းကို ရောင်းချ ခဲ့ပါတယ်။ ဒရုံးကို ထုတ်လုပ်တဲ့ကုမ္ပဏီကလည်း ယူကရိန်းကို ကူညီဖို့အတွက် လူစုပြီး ရန်ပုံငွေ ရှာတဲ့ crowd-funding အဖွဲ့အစည်းတွေအတွက်လည်း ဒရုံးတွေ လှူပေးခဲ့ပါတယ်။

လေ့လာသူတွေရဲ့ အဆိုအရ ဒီ Bayraktar TB2 ဘိုင်ရက်ထာ ဒရုံးတွေဟာ အင်မတန် ထိရောက်မှု ရှိပါတယ်။ အမြင့်ပေ ၂၅၀၀၀ က ပျံသန်းနိုင်ပြီး ရုရှားပစ်မှတ်တွေကို လေဆာနဲ့ လမ်းညွှန်စနစ်ပါတဲ့ ဗုံးတွေ ကြဲချပြီးတိုက်ခိုက်နိုင်ပါတယ်။ အဲဒီ ဒရုံးတွေနဲ့ ရဟတ်ယာဉ်တွေ၊ ရေတပ်သင်္ဘောတွေနဲ့ ဒုံးကျည်စနစ်တွေကိုပါ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ယူဆကြပါတယ်။ နောက်ပြီး လက်နက်ကြီးနဲ့ ပစ်မှတ်ကို တိတိကျကျပစ်ခတ် တိုက်ခိုက်နိုင်ဖို့ အတွက်လည်း ရုရှားတပ်တွေ ရှိတဲ့ နေရာ အတိအကျကို ထောက်လှမ်း ရှာဖွေရာမှာလည်း ဒီဒရုံးတွေကို သုံးနေကြပါတယ်။