ယူကရိန်းစစ်က ရှေ့တိုးနောက်ဆုတ်မရဖြစ်နေတယ်လို့ ယူကရိန်း ထောက်လှမ်းရေး အကြီးအကဲပြော

ယူကရိန်း အတွက် အနောက်တိုင်း မဟာမိတ်တွေဆီက ပိုပြီး အဆင့်မြင့်တဲ့ စက်လက်နက် ပစ္စည်းတွေ ရောက်လာဖို့ ကိယဗ်က စောင့်စားနေစဉ်မှာပဲ လတ်တလောမှာတော့ စစ်မြေပြင်မှာ ယူကရိန်းရော ရုရှားရော ဘယ်ဘက်ကမှ သိသိသာသာ ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ ယူကရိန်း စစ်ဘက် ထောက်လှမ်းရေး ဌာနရဲ့ အကြီးအကဲက ဘီဘီစီကို ပြောပါတယ်။
အခြေအနေကတော့ ရောက်တဲ့ နေရာမှာ တန့်နေကြတယ်၊ ရှေ့ကို ဆက်မထိုးနိုင်ဘူးလို့ ကရီလို ဘူဒါနော့ဗ်က ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက တောင်ပိုင်းက ဟာဆန်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ခိုက်နေကြတာက နိုင်ငံအရှေ့ဖျားက ဒေါန်းညက်စ်ဒေသထဲမှာ ရှိတဲ့ ဘာ့ခ်မု မြို့ အနီးတဝိုက်မှာ ဖြစ်ပါတယ်။ တဖက်မှာတော့ ဆောင်းဝင်လာတာကြောင့် ကီလိုမီတာ ၁၀၀၀ ရှည်တဲ့ ရှေ့တန်း စစ်မြေပြင်တလျှောက် ယူကရိန်းရဲ့ မြေပြင် ထိုးစစ် အရှိန်လျော့လာသလို ရုရှားတပ်တွေကလည်း ခံစစ်အတွက် ပြင်ဆင်နေကြပါတယ်။
ရုရှားဟာ ချောင်ပိတ်နေပြီလို့ မစ္စတာ ဘူဒါနော့ဗ်က ပြောပါတယ်။ အကျအဆုံးတွေ များလွန်းလို့ ကရင်မလင်ဟာ နောက်ထပ် တပ်သားသစ် စုဆောင်းရေးတွေ လုပ်ရတော့မယ်လို့ သူယူဆတဲ့ အကြောင်းပြောပါတယ်။ ဒါပေမဲ့ ယူကရိန်း တပ်ဖွဲ့တွေ ဘက်မှာလည်း တချို့ နေရာတွေမှာ ရှေ့ကို ဆက်တိုးဖို့အတွက် လိုအပ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
နေရာတိုင်းမှာ လုံးဝ ချေမှုန်းပစ်ဖို့တော့ မဖြစ်နိုင်ဘူး၊ ဘယ်ဘက်ကမှ လုပ်နိုင်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ နောက်ထပ် လက်နက်အထောက်အကူတွေ ထပ်ရဖို့နဲ့ အရင်ထက် ပိုအဆင့်မြင့်တဲ့ လက်နက်တွေ ရောက်လာဖို့ မျှော်လင့်ထားကြတဲ့အကြောင်း ပြောပါတယ်။
ဒီလ အစောပိုင်းကတော့ စစ်ရေးအခြေမလှ ဖြစ်နေတဲ့ ရုရှားဟာ ၂၀၂၃ အစပိုင်းမှာ ဘယ်လာရုဇ် ဘက်ကနေ မြေပြင် ထိုးစစ် တခု စလာနိုင်တဲ့ အကြောင်း ယူကရိန်းအရာရှိ တချို့က သတိပေးလာကြပါတယ်။ အဲဒီ အခါမှာ ရုရှားမှာ လေ့ကျင့်ပေးနေတဲ့ ထောင်ပေါင်းများစွာသော တပ်သားသစ်တွေနဲ့ မြို့တော် ကိယဗ်ကို သိမ်းနိုင်ဖို့ ထပ်မံကြိုးစားလာနိုင်ကြောင်း ပြောကြပါတယ်။
မစ္စတာ ဘူဒါနော့ဗ်ကတော့ ဒီလို မယူဆပါဘူး။ ဘယ်လာရုဇ် ထဲမှာ ရုရှားရဲ့ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေဟာ ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်း စစ်မြေပြင်တွေက ယူကရိန်း တပ်တွေကို မြောက်ပိုင်းကို ပြောင်းလာစေဖို့ အယောင်ပြ မြူဆွယ်မှု တခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မကြာသေးခင်က ဘယ်လာရုဇ်နဲ့ ယူကရိန်း နယ်စပ်အနီးမှာ ရုရှားစစ်သားတွေ အများအပြား တင်လာတဲ့ ရထားတစင်း ဆိုက်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာ ပြန်လည် ထွက်ခွာသွားခဲ့တယ်၊ အဲဒီ စစ်သားတွေလည်း အကုန်ပြန်ပါသွားတယ်လို့ သူက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူတို့က နေ့ဘက်ကြီး လုပ်ကြတာ၊ အားလုံး မြင်အောင်ပေါ့၊ မမြင်ချင်ဘူး ဆိုရင်တောင် မြင်နေရမှာ လို့ ဆိုပါတယ်။ ဆက်လက်ပြီး ဘယ်လာရုဇ် ထဲက တပ်တွေဆီက လတ်တလောမှာ ဘာခြိမ်းခြောက်မှုမှ မတွေ့သေးကြောင်း ပြောပါတယ်။ သူက လက်ရှိအချိန်အထိ ဘယ်လာရုဇ်ဘက်ကနေ ကိယဗ် အပါအဝင် ယူကရိန်း မြောက်ပိုင်း ဒေသတွေကို ကျူးကျော် တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ လက္ခဏာမျိုး မတွေ့ရသေးကြောင်း ပြောပါတယ်။
ကိယဗ်မြို့တော်က မီးခပ်မှိန်မှိန်လေး လင်းနေတဲ့ မစ္စတာ ဘူဒါနော့ဗ်ရဲ့ ရုံးခန်းမှာ ဘီဘီစီက တွေ့ဆုံ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မတွေ့ဆုံခင် ရက်ပိုင်းအလိုက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ၃ နှစ်ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဘယ်လာရုဇ် မြို့တော် မင့်စ်ခ်ကို ရောက်သွားခဲ့ပါတယ်။ ဒါဟာ ယူကရိန်းစစ်မှာ ဘယ်လာရုဇ် တပ်တွေပါ စေလွှတ်ပြီး ကူတိုက်ပေးဖို့ အတွက် သူ့ရဲ့ ကာလရှည် မဟာမိတ် ဖြစ်သူ ဘယ်လာရုဇ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ကို စည်းရုံးဖို့ အတွက် ဖြစ်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
ဘယ်လာရုဇ်ကို ရုရှားတပ်တွေက ယူကရိန်းကို ထိုးစစ်မစခင်မှာ တထောက်နားတဲ့ စခန်းအဖြစ် အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မစ္စတာ ဘူဒါနော့ဗ်ကတော့ ဘယ်လာရုဇ် လူထုက ဒီထက်ပိုပြီး ပါဝင်ပတ်သက်တာမျိုးကို လက်ခံကြမှာ မဟုတ်ဘူးလို့ ယုံကြည်ထားသလို လေ့လာသူတွေကလည်း ဘယ်လာရုဇ် တပ်ဖွဲ့ဝင် ၄၈၀၀၀ ရဲ့ အသင့်ဖြစ်မှု အနေအထားတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ကြပါတယ်။ ဒါကြောင့်လည်း သမ္မတ လူကာရှန်ကိုက သူ့တိုင်းပြည် အကြပ်မဆိုက်စေဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားနေတာ ဖြစ်တယ်လို့ မစ္စတာ ဘူဒါနော့ဗ်က ပြောပါတယ်။
ခါဆန်မြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ယူကရိန်း တပ်ဖွဲ့တွေဟာ ဘာ့ခ်မု မြို့အနီးမှာ ရုရှားတပ်ဖွဲ့တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပါတယ်။ မြေကတုတ်တွေကို အကာအကွယ်ယူ တိုက်ခိုက်နေကြတာ ဖြစ်ပြီးပထမ ကမ္ဘာစစ်နဲ့တောင် နှိုင်းယှဉ်ပြောကြပါတယ်။
ရုရှားအတွက်က ဒီမြို့ကို သိမ်းနိုင်ရင် ယူကရိန်းရဲ့ ထောက်ပို့လမ်းတွေကို ဖြတ်တောက်နိုင်မှာ ဖြစ်သလို ယူကရိန်း အရှေ့ဖျားက ခရမ်မာတော့စ်ခ် နဲ့ စလိုဗီယန့်စ်ခ် တို့လို အမာခံ စခန်းတွေကိုပါ လမ်းပွင့်သွားစေနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီ ထိုးစစ်တွေကို ဦးဆောင်နေတာ ရုရှား ကြေးစားစစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဗာ့ဂနာ အဖွဲ့ ဖြစ်တယ်လို့ မစ္စတာ ဘူဒါနော့ဗ်က ပြောပါတယ်။ အဲဒီ အဖွဲ့ကို တည်ထောင်တဲ့ ယဗ်ဂျန်နီ ပရီဂိုဇင်ဟာ သူ့ ပြိုင်ဘက် ရုရှား အရာရှိကြီးတွေ ကြားမှာ နိုင်ငံရေး သိက္ခာ တက်လာစေဖို့အတွက် ဒီမြို့ကို သိမ်းပိုက်ချင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်မြေပြင်တွေရဲ့ တခြားဘက်ခြမ်းမှာတော့ ရုရှားဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ပိုင်းကစပြီး လေကြောင်း တိုက်ခိုက်မှုတွေကို မရပ်မနား လုပ်နေခဲ့ပါတယ်။ ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားကာ ဒုံးကျည်တွေ ဒရုန်းတွေ သုံးပြီးတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ယူကရိန်းပြည်သူ သန်းပေါင်းများစွာမှာ လျှပ်စစ်ဓာတ်အား၊ အပူပေးစနစ်နဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ရုရှားဟာ အရန်ဒုံးကျည်အင်အား မလုံလောက်မှုနဲ့ ပြန်လည် အားဖြည့်ဖို့အတွက် ရုရှားစက်ရုံတွေက အလျှင်မီအောင် ထုတ်လုပ်နိုင်စွမ်း မရှိတာတွေကြောင့် ဒီလို တိုက်ခိုက်မှုတွေကို ရေရှည် လုပ်သွားနိုင်မှာ မဟုတ်ဘူးလို့ ယူဆထားကြပါတယ်။
အီရန်ကလည်း ရုရှားတိုက်ခိုက်ဖို့အတွက် ဒရုန်းတွေ ပို့ပေးနေပေမယ့် ဒုံးကျည်တွေ ပေးဖို့ကိုတော့ ငြင်းဆန်နေဆဲ ဖြစ်တယ်လို့ မစ္စတာ ဘူဒါနော့ဗ်က ပြောပါတယ်။ သူက တဟီရန်ဟာ သူတို့ရဲ့ နျူကလီးယား အစီအစဉ်တွေကြောင့် ခံနေရတဲ့ ပိတ်ဆို့မှုတွေနဲ့တင် အထိနာနေပြီး ဖြစ်တာကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ထပ်လာနိုင်တာကို ကောင်းကောင်း သိနားလည်နေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အခြေအနေက လက်ရှိအချိန်မှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပေမယ့် ယူကရိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ က ရုရှားက သိမ်းယူခဲ့တဲ့ ခရိုင်းမီးယား ကျွန်းဆွယ်အပါအဝင် သိမ်းပိုက်ခံ နယ်မြေအားလုံးကို ပြန်လည် သိမ်းယူနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ဘူဒါနော့ဗ်က ပြောပါတယ်။ သူက ယူကရိန်းဟာ ၁၉၉၁ ခုနှစ်က ဆိုဗီယက် ပြည်ထောင်စုကနေ လွတ်လပ်ရေး ကြေညာခဲ့စဉ်က နယ်နိမိတ်အတိုင်း ပြန်လည် ဖြစ်တည်လာဖို့ မျှော်မှန်းထားပါတယ်။








