ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အကြိတ်အနယ်ဖြစ်နေတဲ့ ပါကစ္စတန်ရွေးကောက်ပွဲရလဒ်- ဖေဖော်ဝါရီ ၉ ရက် နိုင်ငံတကာသတင်းများ
ပါကစ္စတန် အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်လာတာ နှေးကွေးနေပေမဲ့ ထွက်လာတဲ့ စာရင်းတွေအရ အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းက ထောက်ခံတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက ရှေ့ကနေ ပြေးနေပါတယ်။
သူတို့ဘက်က လွှတ်တော် အမတ်နေရာ ၅၂ နေရာ နိုင်ထားပြီး စစ်တပ်က မျက်နှာသာ ပေးထားတဲ့သူလို့ သတ်မှတ်ကြတဲ့ ဝန်ကြီးချုပ်ဟောင်း နာဝပ်စ် ရှာရစ်ဖ် က ၄၂ နေရာ ရထားပါတယ်။
မစ္စတာခန်းကို ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ သတ်မှတ်ချက်နဲ့ မပြည့်စုံဘူးလို့ ဆိုပြီး ကန့်သတ်ခဲ့ပြီးတဲ့နောက် သူ့ပါတီ PTI ကအရွေးချယ်ခံမယ့်သူတွေဟာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။
မစ္စတာ ခန်းရော မစ္စတာ ရှာရစ်ဖ်ရောက သူတို့နိုင်ပြီလို့ ကြေညာနေကြပါတယ်။
ဗလီဖြိုဖျက်တာအပေါ်ဆန္ဒပြကြတဲ့နောက် လူ ၄ ယောက်သေဆုံး
တရားရုံးဆုံးဖြတ်ချက်အရ အိန္ဒိယ မြောက်ပိုင်းမှာ ဗလီတခုကို မိုင်းခွဲ ဖြိုချတာကို အကြမ်းဖက် ဆန္ဒပြခဲ့ကြပြီးတဲ့နောက် လူ ၄ ယောက် သေဆုံးခဲ့ပြီး ရဲတွေ၊ သတင်းထောက်တွေအပါအဝင် ဒါဇင်နဲ့ချီတဲ့ လူတွေ ဒဏ်ရာတွေရခဲ့ကြပါတယ်။
ဟယ်ဒဝါနီ မြို့ က ရဲစခန်းတခုနဲ့ မော်တော်ယာဉ်တွေကို အဓိကရုဏ်းလုပ်တဲ့သူတွေက မီးရှို့ခဲ့ကြပါတယ်။
ကာဖျူး ဖောက်ဖျက်တဲ့သူတွေကို တွေ့တဲ့နေရာမှာ ပစ်ဖို့ ဥတ္တရာကန် ပြည်နယ် အစိုးရက အမိန့်ထုတ်ထားပြီး အင်တာနက်တွေ ဖြတ်ထားပါတယ်။
တရားမဝင်ဆောက်လုပ်ထားတဲ့ အဆောက်အဦကိုသာ တရားရုံးအမိန့်အရ ဖြိုချရတာဖြစ်ပြီး ရပ်ရွာအသိုင်းအဝိုင်းကို ပစ်မှတ်ထားတာ မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။
တရားရုံးရဲ့ နောက်ဆုံးဆုံးဖြတ်ချက် မလုပ်ခင်အချိန်မှာကတည်းက ဗလီက အဖြိုခံ လိုက်ရတာလို့ ဒေသခံ မွတ်ဆလင်တွေက ပြောပါတယ်။
ရှရီယာ ဥပဒေတွေကို မလေးရှား ဖွဲ့စည်းပုံတရားရုံးက ဖျက်သိမ်း
မလေးရှား အရှေ့မြောက်ပိုင်းက ကယ်လန်တန်ပြည်နယ်မှာ ကျင့်သုံးနေတဲ့ အစ္စလာမ်မစ် ရှရီယာ ဥပဒေ ၁၆ ခုကို မလေးရှား ဖွဲ့စည်းအုပ်ချုပ်ပုံ တရားရုံးက ဖျက်သိမ်းလိုက်ပါတယ်။
အဲဒီ ရှရီယာ ဥပဒေတွေထဲမှာ လိင်တူဆက်ဆံမှုတွေ၊ လိင်ပိုင်း စော်ကားမှုတွေ၊ လောင်းကစားမှုတွေ၊ အထွတ်အမြတ်ပြုရာနေရာတွေကို မလေးမစား ပြုမူမှုတွေ စတာတွေအပေါ် အပြစ်ပေးတဲ့ဥပဒေ တွေလည်း ပါဝင်ပါတယ်။
ကယ်လန်တန် ပြည်နယ်အနေနဲ့ ဒီလို အရေးအရာတွေကို ဥပဒေ ပြုဖို့ လုပ်ပိုင်ခွင့် မရှိကြောင်းနဲ့ ဥပဒေ ပြုတာတွေက ဖက်ဒရယ် လွှတ်တော်ကနေသာ အတည်ပြုရမှာလို့ ဖွဲ့စည်းပုံတရားရုံးက ဆိုပါတယ်။
မွတ်ဆလင်အများစု ဖြစ်တဲ့ မလေးရှား နိုင်ငံက တခြား ပြည်နယ်တွေမှာ ရှရီယာ ဥပဒေတွေ ပြဋ္ဌာန်း ထားတာတွေ အပေါ်ကိုလည်း ဒီဆုံးဖြတ်ချက်က သက်ရောက် လာနိုင်ပါတယ်။
ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဖွဲ့စည်းပုံ တရားရုံးရဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှု ဘာမှမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မက်ဆီ ဝင်မကန်နိုင်ခဲ့တဲ့ ပွဲအတွက် လက်မှတ်ခ တဝက်ပြန်အမ်းမယ်လို့ ဆို
တနင်္ဂနွေ နေ့တုန်းက ခြေစမ်းပွဲမှာ သူတိုရဲ့ ဘောလုံး သူရဲကောင်း လီယွန်နယ် မက်ဆီ ဝင်မကန်တဲ့ အတွက် ဒေါသထွက်နေကြတဲ့ ဟောင်ကောင်က ဘောလုံး ပရိသတ်အတွက် လက်မှတ်ခ တဝက်ကို ပွဲစီစဉ်သူတွေက ပြန်ပေးမယ်လို့ ကမ်းလှမ်း နေပါတယ်။
အားပေးသူတွေ ကျေနပ်မှုရဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါ တယ်။
မက်ဆီရဲ့ အသင်းဖြစ်တဲ့ အင်တာ မိုင်ယာမီနဲ့ ဟောင်ကောင် အယ်လဲဗင်း အသင်းတို့ ကန်ကြရာမှာ မက်ဆီ ဟာ ဒဏ်ရာရထားတာကြောင့် အရန်ခုံတန်းမှာပဲ ပွဲတလျောက် လုံးရှိနေခဲ့ရပါတယ်။
ပရိသတ်ထဲမှာ လူအများအပြားက မက်ဆီ ကန်တာကို ကြည့်ချင်တဲ့အတွက် လက်မှတ် တစောင် ကို ဒေါ်လာ ၆၀၀ ကျော်လောက် ပေးပြီး ဝယ်ကာ ဘောလုံးပွဲကို လာကြည့်ကြတာပါ။
ဒါပေမဲ့ နောက် ရက်ပိုင်းအကြာမှာလုပ်တဲ့ ဂျပန်က နောက် ခြေစမ်းပွဲမှာတော့ မက်ဆီ ဝင်ကန်တာကို သိရလိုက်ရတဲ့ ဟောင်ကောင်က ပရိသတ်တွေ ဒေါသထွက်ခဲ့ကြ ပါတယ်။
နောက်ပိုင်းမှာ မက်ဆီက ဒဏ်ရာကြောင့် အဆင်သင့် မဖြစ်နိုင်ခဲ့တဲ့ အကြောင်းနဲ့ တချိန်ချိန်မှာ ပြန်လာကန်နိုင်ဖို့ မျှော်လင့်ပါတယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။