မေ ၉ ရက် ထိပ်တန်းသတင်းများ- ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်က သာမိုဗားရစ်ဗုံးသုံးခဲ့တယ်လို့ HRW ပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးရွာကို တိုက်ခိုက်ချိန်မှာ မြန်မာစစ်တပ်က လေဟာဗုံးလို့ခေါတဲ့ သာမိုဘားရစ်ဗုံးကို အသုံးပြုခဲ့တယ်ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က ပြောလိုက် ပါတယ်။

ဒီဗုံးဟာ ဗုံးကျ‌ရောက်ပေါက်ကွဲနဲ့ အနီးပတ်ဝန်းကျင်လေထုထဲက အောက်စီဂျင်တွေကို သုံးပြီး အပူချိန်မြင့် ပေါက်ကွဲမှုဖြစ်စေတဲ့ဗုံးအမျိုးအစားဖြစ်ပါတယ်။

ဒီဗုံးဟာ အရပ်သားတွေနဲ့ အဆောက်အဦတွေကို ဆိုးဆိုးဝါးဝါးထိခိုက် ပျက်စီးစေတာကြောင့် ဒါကို အသုံးပြုခဲ့တာ သေချာရင် စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း HRWက ဆိုပါတယ်။

ပဇီကြီးရွာက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို ကြည့်ရူခဲ့ပြီး ဒါဟာ သာမိုဘာရစ်ဗုံးနဲ့ တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဒီအဖွဲ့က ဆိုပါတယ်။

ပဇီကြီးမှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးအဖွဲ့တွေရဲ့ ရုံးခန်းဖွင့်ပွဲအတွက် ဒေသခံတွေကို အကျွေးအမွေးနဲ့ ဧည့်ခံနေချိန် စစ်ကောင်စီတပ်က လေယာဥ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ပဇီကြီးကျေးရွာကို တိုက်ခိုက်တာကို ဝန်ခံထားပြီး အဲဒီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ခဲယမ်းတွေသိုလှောင်ထားတာကြောင့် အခုလိုအခြေအနေဖြစ်ခဲ့တာလို့ လေကြောင်းတိုက်ခိုက်ပြီး နောက်တစ်ရက်မှာပဲ ပြောထားပါတယ်။

ဆီးဂိမ်းမှာ မြန်မာအမျိုးသမီးဘောလုံးအသင်း အကြိုဗိုလ်လုပွဲတက်

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဥ်မှာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက မလေးရှားနိုင်ငံကို ၅ ဂိုး - ၁ ဂိုး နဲ့နိုင်ပြီး အုပ်စုတက်သွားပြီဖြစ်ပါတယ်။

မြန်မာနဲ့ မလေးရှားအမျိုးသမီးဘောလုံးအသင်းတွေ ဒီနေ့ညနေမှာ ကစားချိန် မြန်မာအမျိုးသမီးအသင်းက ဂျူလိုင်ကျော်နဲ့ စန်းသော်သော်တို့က ၂ ဂိုးစီနဲ့ ခင်မာလာထွန်းက ၁ ဂိုးသွင်းယူခဲ့ကြတာပါ။

ဒါ့ကြောင် မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အကြိုဗိုလ်လုပွဲအဆင့်ကို တက်သွားပြီဖြစ်ပါတယ်။

တဖက်မှာလည်း အုပ်စုတူပွဲစဥ်အနေနဲ့ ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ ဖီလစ်ပိုင်အသင်းတို့ ယှဥ်ပြိုင် ခဲ့ကြရာမှာ ဗီယက်နမ်အသင်းက ၁ ဂိုး - ၂ ဂိုးနဲ့ ဖီလစ်ပိုင်ကို ရှုံးခဲ့ပေမဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် အကြိုဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။

ဗီယက်နမ်အမျိုးသမီးအသင်းဟာ အခုတော့ မြန်မာအမျိုးသမီးအသင်း ရမှတ်တူပေမဲ့ ဂိုးကွာခြားချက်ကြောင့် အုပ်စု ပထမအနေနဲ့ အကြိုဗိုလ်လုပွဲကိုတက်သွားပြီး မြန်မာအသင်းကတော့ အုပ်စုဒုတိယအနေနဲ့ အကြိုဗိုလ်လုပွဲတက်သွားတာဖြစ်ပါတယ်။

မုန်တိုင်းရှောင်ဖို့ ထောင်နဲ့ချီတဲ့လပွတ္တာဒေသခံတွေ မြို့ပေါ်တက်လာ

ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုန်းမုန်တိုင်းအသွင်ပြောင်းလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေချိန်မှာပဲ ဧရာဝတီမြစ်ဝကျွန်းပေါ် အစွန်ဆုံးဒေသကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ လပွတ္တာမြို့ပေါ်ဆီ မုန်တိုင်း ကြိုတင်ရှောင်တာတွေရှိနေပါတယ်။

လပွတ္တာအောက်ပိုင်း ပင်လယ်ပြင်နဲ့နီးရာကျေးရွာတွေဖြစ်တဲ့ ပြင်စလူ၊ ကိုင်းတောင်၊ အိုင်မစတဲ့ကျေးရွာတွေက ဒေသခံ ၅ ထောင်နီးပါးဟာ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေမှာ လာရောက်ခိုလှုံနေတယ်လို့ သိရပါတယ်။

‘’၆ ရက်နေ့ကတည်းက တက်လာကြတာ။ အခုမှ လေဖိအားနည်းရပ်ဝန်းပဲ ဖြစ်နေသေးပေမဲ့ သူတို့က မုန်တိုင်း ဆိုတာနဲ့ စိုးရိမ်ပြီး မြို့ပေါ် လာရှောင်ကြတာ။ ပြောရရင်တော့ နာဂစ်မုန်တိုင်းဒဏ်ခံထားရတဲ့ အတွေ့အကြုံလည်းရှိနေတာဆိုတော့လေ။ အမှန်ဆို ဒီနေ့လောက်မှာ တက်လာသင့်တာ။ အခုတော့ ကြောက်ပြီးစောစောကြိုတက်လာကြတော့ နည်းနည်းဒုက္ခရောက်တာပေါ့လေ။ နေရတဲ့နေရာက ကိုယ့် အိမ်ကိုယ့်ယာမှ မဟုတ်တာ’’လို့ လပွတ္တာြမို့က လူမှုကူညီရေးသမားတစ်ဦးက ပြောပါတယ်။

ဒီအတော်အတွင်းမှာပဲ မုန်တိုင်းရှောင်သူတွေဟာ မြောင်းမြမြို့ပေါ်အထိ ကြိုတင်ရှောင်ရှားတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်းဟာ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသကို အင်အားကောင်းကောင်းနဲ့ ဖြတ်သန်းမယ်ဆိုတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခန့်မှန်းပြောဆိုချက်တွေကြောင့် ရန်ကုန်မြို့အပါအဝင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှာလည်း မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် တာတွေပြုလုပ်နေပါတယ်။

မိုးလေဝသဌာနနဲ့ မိုးလေဝသပညာရှင်တွေကတော့ ဘင်္ဂလားပင်လယ်အော်ထဲက လက်ရှိလေဖိအားနည်း ရပ်ဝန်းဟာ လာမယ့် ၃ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသကြားကို ဝင်ရောက်နိုင်တယ်ဆိုပြီး ဒီနေ့ မနက်ပိုင်းမှာပဲ ထုတ်ပြန်ပြောဆိုထားပါတယ်။

ရေဦး၊ ထန်းတောရွာအထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ထန်းတောရွာမှာရှိတဲ့ ထန်းတော ဗောဓိအထက်တန်းကျောင်းကို ဒီနေ့ မေ ၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်းတော ဗောဓိအထက်တန်းကျောင်းမှာ NUG ရဲ့ ကြားကာလပညာရေးကျောင်း ဖွင့်လှစ်နေတာဖြစ်ပြီး ကျောင်းလွှတ်ပြီးချိန်ဖြစ်တဲ့အတွက် ကျောင်းသားတွေ ထိခိုက်တာတော့ မရှိဘူးလို့ ပြောပါတယ်။

ဂျက်လေယာဉ်နှစ်စီးနဲ့ ဗုံးသီး ၅ လုံး ကြဲချခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ထန်းတောရွာပတ်ဝန်းကျင်ကို ကျရောက်ပေါက်ကွဲတာတွေ ရှိခဲ့သလို မပေါက်ကွဲသေးတဲ့ ဗုံးသီး နှစ်လုံးလည်း တွေ့ရတယ်လို့ ‌ဒေသခံတစ်ယောက်က ပြောပါတယ်။

“ကြားကာလပညာရေးကျောင်း ဒုတိယအသုတ်ကို ပြန်ဖွင့်နေတာ။ နေအရမ်းပူလို့ဆိုပြီး နေ့လယ် ၁၂ နာရီလောက်ပြန်လွှတ်ပေးလိုက်တာ။ ကျောင်းမုခ်ဝက ဆန်ကာပေါက်တွေဖြစ်သွားတယ်။ ပြတင်းမှန်တွေ အကုန်ကွဲသွားတယ်။ အခုချိန်ထိတော့ ဘယ်သူမှ အဲဒီဘက် မသွားရဲသေးဘူး”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ထန်းတောရွာအနီးဝန်းကျင်ကို စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းနဲ့ပစ်ခတ်သွားတာဖြစ်တယ်လို့လည်း ပြောပါတယ်။ လက်ရှိအချိန်အထိ လေယာဉ်ဝဲနေသေးတာကြောင့် ဒေသခံတွေ အပြင်မထွက်ရဲတဲ့အတွက် ထိခိုက်၊ သေဆုံးမှုရှိ မရှိကို မသိကြရသေးပါဘူး။ လေကြောင်းတိုက်ခိုက်မှုနောက်ပိုင်း ထပ်သိရတဲ့ အချက်လက်တွေကို ထပ်ဖော်ပြပေးသွားပါမယ်။‌

၂ လအတွင်း စစ်တပ်ဗုံးကြဲမှုမှာ အရပ်သား ၂၀ ကျော်သေဆုံးတယ်လို့ CNF ပြော

ချင်းပြည်နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်လအတွင်း စစ်ကောင်စီတပ်က ပြုလုပ်တဲ့ဗုံးကြဲတိုက်ခိုက်မှုတွေမှာ အရပ်သား ၂၄ ဦးသေဆုံးပြီး နောက်ထပ် ၃၃ ဦးဒဏ်ရာရခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးရုံးချုပ်က ဒီနေ့မှာပဲ သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်လအတွင်း တီးတိန်၊ ထန်တလန်၊ မင်းတပ်၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်တွေမှာ ဗုံးအလုံးရေ ၁၂၀ ကျော်ကို လေယာဥ်နဲ့ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးဟားခါး၊ ဖလမ်းနဲ့ ထန်တလန်မြို့နယ်တွေမှာ အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီဗုံးတွေထဲက ၂၀ ကျော်ဟာ လူတွေကျေးရွာတွေထဲ ကြဲချခဲ့တာဖြစ်ပြီး ကျန်တဲ့အလုံးရေ ၁၀၀ နီးပါးဟာ ကျေးရွာတွေ အနီး တဝိုက်ကို ကြဲချခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲခံရလို့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၄ ဆောင်အပါအဝင် လူနေအိမ် ၅၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲ အခုနှစ်အစောပိုင်းကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့လတုန်းကလည်း ဗားရ်စခန်းက စစ်ကောင်စီစခန်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်ဖို့လာတဲ့စစ်ကောင်စီတိုက်လေယာဥ်ဟာ အပြန်ခရီးမှာ ဝေဘူလမြို့ငယ်ပေါ်ကို ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် အရပ်သား သေဆုံးသူ ၉ ဦးထက်မနည်းရှိခဲ့ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာ မြန်မာကိုယ်စားပြုထိုင်ခုံ လစ်လပ်နေဆဲ

၄၂ ကြိမ်မြောက်၊ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း၊ လာဘွမ်ဘဂျိုပင်လယ်မြို့မှာ မေလ ၈ ရက် မနေ့ကတည်းက စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်ပါတယ်။

ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ဆွေးနွေးပွဲကို မြန်မာနိုင်ငံကလွဲလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝန်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိကြီးတွေအပြင် အာဆီယံဆွေးနွေးဘက် တီမောနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်နေပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုသူတွေနေရာ မှာတော့ ထိုင်ခုံလွတ်နေတာတွေ့ရတာကြောင့် အာဆီယံဆွေးနွေးပွဲတွေမှာ နိုင်ငံရေးရာထူးမယူထားသူကိုပဲ တက်ရောက်ခွင့်ပေးတဲ့ စစ်ကောင်စီအပေါ် အာဆီယံရဲ့ဆုံးဖြတ်ချက် ဆက်ရှိနေတဲ့အခြေအနေဖြစ်ပြီး စစ်ကောင်စီဘက်ကလည်းဒီ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ကိုယ်စားလှယ်မလွှတ်ခဲ့ဘူးလို့ နားလည်ရပါတယ်။

ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ဆွေးနွေးပွဲမတိုင်ခင် မနေ့တုန်းက ကျင်းပတဲ့အာဆီယံအဆင့်မြင်အရာရှိကြီးများ အစည်းအဝေးကိုတော့ မြန်မာကိုယ်စားပြုသူနေရာမှာ နိုင်ငံရေးရာထူးမယူထားသူကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနဘက်က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းကြား အားပြင်းမုန်တိုင်း ဦးတည်မယ်လို့ ခန့်မှန်းထား

ဘင်္ဂလားဒေ့ရှ် ပင်လယ်အော်အတွင်းမှာ ဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန် မေလ ၁၀ ရက် မနက်ပိုင်းမှာ မုန်တိုင်းငယ် အဖြစ်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလာနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ ပြောလာပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲတဲ့အခါ အဲဒီမုန်တိုင်းဟာ မေလ ၁၁ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ အဲဒီကမှတဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ့ကမ်းရိုးတန်းဘက်ဆီကို ရွေ့လျားနိုင်တယ်လို့ဆို ပါတယ်။

လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလဌာန ဘက်ကပြောပေမဲ့ အဲဒီဆိုင်ကလုန်းမိုင်တိုင်းရဲ့ အဖျက်စွမ်းအား ဘယ်လောက်ကြီးနိုင်တယ်ဆိုတာ မပြောထားပါဘူး။

မိုးလေဝသခန့်မှန်းချက်တွေကို လူမှုကွန်ရက်ကနေ ထုတ်ပြန်ပြောဆိုနေတဲ့ မိုးဇလပညာရှင် စုစုစံ ကတော့ လာမယ့် မေလ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း အဖျက်စွမ်းအားပြင်း (Category 3) မုန်တိုင်းကြီးတစ်လုံးပေါ်လာနိုင်တယ်လို့ သုံးသပ်ခန့်မှန်းပါတယ်။

အဲဒီမုန်တိုင်းဟာ မေလ ၁၃ ရက်မှာ တစ်နာရီ မိုင် ၁၀၀ ကျော်အထိလေတိုက်နှုန်းပြင်းအားရှိတဲ့ Category 4 အဆင့်ပြောင်းကာ အင်အားအလွန်ကောင်းလာနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း၊ ကော့ဘဇား ဒေသတွေဆီ ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေနဲ့ မေယုမြစ်တစ်လျှောက်ဟာ အဲဒီမုန်တိုင်းအန္တရာယ်ရှိတဲ့နေရာတွေဖြစ်တယ်လို့လည်း သတိပေးပြောဆိုပါတယ်။

မုန်တိုင်းကုန်းတွင်းပိုင်း မဝင်ရောက်မီနဲ့ ဝင်နေတဲ့ အချိန်အတွင်း ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အချို့၊ ရန်ကုန်၊ ဧရာဝတီစတဲ့ တိုင်းတွေထဲက မြို့နယ်တွေမှာတော့ မိုးသည်းထန်စွာရွာသွန်းတာတွေ ရှိနိုင်သလို၊ ‌ရုတ်တရက်လေပြင်းတိုက်ခိုက်တာတွေလည်း ရှိနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

သံတမန်ယာဥ်တန်း တိုက်ခိုက်ခံရမှုကို စင်ကာပူနဲ့ အင်ဒိုနီးရှားရှုတ်ချ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာ အာဆီယံသံတမန်ယာဥ်တန်း တိုက်ခိုက်ခံရမှုကို ရှုတ်ချပြောဆိုတယ်ဆိုပြီး စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ရှုတ်ချပြောဆိုလာပါတယ်။

အင်ဒိုနီးရှားနဲ့ စင်ကာပူသံတမန်တွေလိုက်ပါလာတဲ့ ယာဥ်တန်းဟာ ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်အချို့နဲ့တွေ့ဆုံဖို့ အသွား မေလ ၇ ရက်နေ့တုန်းက လမ်းမှာ တိုက်ခိုက်ခံခဲ့ရတာပါ။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဲဒီယာဥ်တန်းမှာ ရန်ကုန်မှာရှိတဲ့စင်ကာပူသံရုံးက သံရုံးဝန်ထမ်း ၂ ဦးလိုက်ပါသွားပြီး ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘဲ ရန်ကုန်ပြန်ရောက်ခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

''စင်ကာပူအနေနဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးတဲ့သူတွေနဲ့ သံတမန်လူပုဂ္ဂိုလ်တွေဟာ လိုအပ်တဲ့သူတွေဆီ အကူအညီရောက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ ဘေးကင်းကင်းနဲ့အကူအညီတွေပေးနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်'' လို့ ထုတ်ပြန်ပြောဆိုပါတယ်။

''အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အရ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံး အကြမ်းဖက်မှုတွေကို ရှောင်ကျဥ်ဖို့ တိုက်တွန်းပါတယ်။

မြန်မာ့အရေးမှာ သက်ဆိုင်သူတွေအားလုံး အပြုသဘောဆောင်ဆွေးနွေးမှသာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းစွာအဖြေရှာရေး လုပ်နိုင်မှာပါလို့လည်း သူက ပြောပါတယ်။

အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရုံးရဲ့ ညှိနှိုင်းမှုနဲ့ အာဆီယံသံတမန်တွေဟာ ဆီဆိုင်မြို့နယ်ထဲက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရုံးမှာ စစ်ရှောင်တွေကို ထောက်ပံ့ရေးပစ္စည်းတွေပေးပြီး တွေ့ဆုံစကားပြောဖို့ အသွား သူတို့ရဲ့ယာဥ်တန်း နောက်ဆုံးကားဟာ အမည်မသိသေနတ်သမားတွေရဲ့ ပစ်ခတ်တာခံခဲ့ရတာပါ။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချထားသလို တိုက်ခိုက်ခံရမှုကြောင့် မြန်မာ့အရေး အင်ဒိုနီးရှားရဲ့ အားထုတ်မှု လျှော့သွားမှာမဟုတ်ဘဲ သက်ဆိုင်သူတွေအားလုံးအနေနဲ့ စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားလိုက်ပါတယ်။

စစ်ကောင်စီဘက်ကလည်း ယာဥ်တန်းတိုက်ခိုက်ခံရမှုကို အတည်ပြုထုတ်ပြန်သလို ဆီဆိုင်မြို့နယ်၊ နန့်သြရွာအနီးမှာဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုကို စုံစမ်းနေပြီဖြစ်ပြီး နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေလုပ်နေတယ်လို့ ကြေညာပါတယ်။