ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိနှိပ်ခံနေရဆဲ မြန်မာပြည်က ဒီတခေါက် လွတ်ငြိမ်းချမ်းသာခွင့်
တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ (အမျိုးသားနေ့)မှာ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသားတွေ ထောင်နဲ့ချီပြီး မြန်မာနိုင်ငံတလွှား အကျဉ်းထောင် တွေကနေ ပြန်လည် လွတ်မြောက်လာကြပါတယ်။
“အကျဥ်းထောင် အသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသူ ၅၇၇၄ ဦးအား အမျိုးသား အောင်ပွဲနေ့ကို ဂုဏ်ပြုကာ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်” လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အဲဒီ လွတ်လာမယ့်အထဲမှာ အင်းစိန်ထောင်ကနေ လွတ်လာမယ့် အကျဥ်းသားက “အယောက် ၁၀၀၀ လောက်” လို့ အကျဥ်းဦးစီးဌာနက ဆိုပါတယ်။
နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၇၀၀ ကျော် ကို နိုင်ငံအနှံ့မှာရှိတဲ့ အကျဉ်းထောင်တွေကနေ ပြန်လွှတ်ပေးမှာလို့ ဆိုတဲ့ သတင်းလည်း ရထားပါတယ်။ အခုအချိန်ထိတော့ ပြန်လွတ်လာသူတွေထဲ အဲဒီ အရေအတွက်အတိုင်း နိုင်ငံရေး အကျဥ်းသားတွေ ပါဝင်တယ် ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ အတည်မပြု နိုင်သေး ပါဘူး။
အင်းစိန်ထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်၊ ၈၈ အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ရွှေညဝါ ဆရာတော်တို့ လည်း ပါဝင်ပါတယ်။
ရမည်းသင်းထောင်ကနေ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ပြန်လည် လွတ်မြောက်လာသလို သတင်းယူနေစဥ် အဖမ်းဆီးခံရပြီး နောက်ပိုင်း တနှစ်လောက် အကြာမှာ နိုင်ငံရေး ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင် ပြစ်ဒဏ်ချမှတ် ခံခဲ့ရတဲ့ မဇ္စျိမ သတင်းဌာန အယ်ဒီတာ ကိုသန်းထိုက်အောင် လည်း လွတ်မြောက် လာပါတယ်။
နိုင်ငံရေးမှုတွေ ဒါမှမဟုတ် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခံကြရတဲ့ နိုင်ငံခြားသား တွေလည်း ပြန်လွတ်လာပါတယ်။ သူတို့ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဖြစ်သူ သြစတြေးလျ နိုင်ငံသား ဒေါက်တာ ရှောင် တာနဲယ်၊ အရင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီ ဘိုးမန်း၊ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးသူ ဂျပန်နိုင်ငံသား တိုရူ ကူဘိုတာ တို့ဖြစ်ပါ တယ်။
သူတို့ ၃ ယောက်ကို “ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့ပြီး လေဆိပ်ကို တိုက်ရိုက် ပို့ဆောင် ပေးလိုက်တယ်” လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီ ကိုပြောပါတယ်။
မစ္စ ဗစ်ကီဘိုးမန်းရဲ့ ခင်ပွန်းသည် နိုင်ငံရေး အကျဥ်းသားဟောင်း ဦးထိန်လင်းလည်း ပြန်လည် လွတ်မြောက်လာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ဦးကျော်ဌေးဦးလည်း အကျဉ်းထောင်ကနေ ပြန် လွတ်မြောက်လာပါတယ်။ သူက နိုင်ငံခြားသားမို့ ပြည်နှင်ဒဏ် ပေးခံရမယ် ဆိုတဲ့ သတင်းလည်း ထွက်နေပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၀၅-က (အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှု) နဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် အလှလေးသူဇာ၊ ကိုကောင်းဆက်လင်းနဲ့ မငြိမ်းငြိမ်းအေးတို့လည်း လွတ်မြောက်စာရင်းမှာ ပါဝင်တယ်ဆိုတဲ့ သတင်းတွေထွက်နေပြီး ဘီဘီစီက သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
လွတ်မြောက်လာသူတွေရဲ့ စကားတွေ
စစ်အာဏာသိမ်းတဲ့ မနက်အစောကြီးပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းကာလ ထောင်ထဲမှာရောက်နေပြီး အတော်ကြာမှ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်မှာ တရုတ်နိုင်ငံသားတစ်ဦးထံ အီးမေးလ်က တစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၅၀၅ (ဂ) နဲ့ စစ်ကောင်စီက အမှုဖွင့် တရားစွဲပြီးနောက် ထောင် ၂ နှစ်ချမှတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဦးမြအေး က အင်းစိန်ထောင်ဘူးဝမှာ စောင့်ဆိုင်းနေတဲ့ သတင်းထောက်တွေမေးခိုက် အခိုက်အတန့် အချိန်လေးမှာ သူ “ပြည်သူတွေနဲ့ အတူတူရှိနေမယ်” လို့ လှမ်းပြော သွားပါတယ်။
အာဏာသိမ်းတဲ့နေ့မှာပဲ အဖမ်းခံခဲ့ရတဲ့ စာရေးဆရာ မောင်သာချိုကတော့ အမြဲတမ်း တွေ့ရတဲ့ သူ့အပြုံးနဲ့ အတူ “ဝမ်းသာတယ် ပြန်တွေ့ရတာ.... အခုထွက်လာခါစ ဆိုတော့ စိတ်လှုပ်ရှားနေတယ်” လို့ ဆိုသွားပါတယ်။
အစိုးရကို ဆန့်ကျင်အောင် သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ ပုဒ်မ ၅၀၅(ခ) နဲ့ စွပ်စွဲခံရကာ ထောင်ဒဏ် ၂ နှစ် ချခံရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်က “ ကျွန်တော် အခြေအနေကို လေ့လာရပါဦးမယ်၊ ... လွတ်တယ်ဆိုတာ ကျွန်တော့် အဖို့ ကောင်းတာပေါ့၊ ဒါပေမယ့် တကယ်ကောင်းစေချင်တာက ကျွန်တော့် လူထု ကျွန်တော့်နိုင်ငံ ကောင်းစေချင်ပါသေးတယ်၊ အဲဒီအတွက် ကျွန်တော် မျှော်လင့် နေပါတယ်” လို့ စကားပါးသွားပါတယ်။
နိုင်ငံရေး အကျဥ်းသားတွေ ကျန်ရှိနေဆဲ
နိုင်ငံရေးအကျဥ်းသား တချို့ ပြန်လွတ်မြောက်လာကြတာကို ကြိုဆိုကြ ပေမယ့် မြန်မာနိုင်ငံအတွင်း ရက်စက်တဲ့ ဖိနှိပ်မှုတွေရှိနေဆဲ ဆိုတာကို အများက သိကြ ပါတယ်။
လက်ရှိအကျဥ်းထောင်တွေထဲမှာတင် နိုင်ငံရေးအကျဥ်းသား အများအပြား ကျန်နေ ဆဲပါ။
သြစတြေးလျနိုင်ငံက စီးပွားရေးပညာရှင် မြန်မာ အကျဥ်းထောင်က လွတ်လာတဲ့နဲ့ ပတ်သက်လို့ “ပါမောက္ခ ရှောင်တာနဲယ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျွန်မတို့ ကြိုဆိုတယ်၊ ပါမောက္ခ တာနဲယ်ရဲ့ အရေးဟာ ကျွန်မတို့ရဲ့ ပထမဦးစားပေးအဖြစ် ဆက်ရှိနေမယ်၊ ဒီအဆင့်မှာ ထပ်ပြီး ဘာမှတ်ချက်မပေးလိုဘူး” လို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ပန်နီ ဝေါင် က တွစ်တာက တဆင့် တုံ့ပြန်ထားပါတယ်၊
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ လူအခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက “ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး။ ... ဘာအထောက်အထားမှမရှိဘဲ မတရားအမှုဆင် စီရင်နေတဲ့ လက်ရှိအခြေအနေကိုလည်း မမေ့စေချင်ဘူး” လို့ သူ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးတင်ထားပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၃,၀၁၅ ဦးရှိပြီး ၁,၆၄၈ ဦး ထောင်ဒဏ် ချမှတ်ခြင်းခံထား ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။