ကမ္ဘောဒီးယားနယ်စပ်က ပွိုင်ပက်ကို ထိုင်းဗုံးကြဲ

ကာဆီနိုရုံကြီးရှိပြီး နှစ်နိုင်ငံကြား အကြီးဆုံးနယ်စပ်ဂိတ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်မြို့က ကုန်စည်ဖြန့်ဖြူးရေးစခန်းတခုကို ထိုင်းက ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။

နယ်စပ်တိုက်ပွဲတွေ ပြန်ဖြစ်နေတာက ရပ်မယ့်ပုံ မရှိသေးတဲ့အချိန်မှာပဲ ဒီလို ဗုံးကြဲခဲ့တာပါ။

ထိုင်းတပ်တွေက ဗုံးနှစ်လုံး ကြဲချကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဌာနက ပြောပြီး ဒုံးကျည်တွေ သိမ်းထားတဲ့ နေရာကို ပစ်မှတ်ထားကြောင်း ထိုင်းက ပြောပါတယ်။

လတ်တလော တိုက်ပွဲတွေအတွင်း ထိုင်းဘက်က အနည်းဆုံး ၂၁ ယောက် သေပြီး ကမ္ဘောဒီးယားဘက်က ၁၇ ယောက် သေဆုံးခဲ့သလို လူ ရှစ်သိန်းလောက် အခြေပျက် ထွက်ပြေးရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကြာသပတေးနေ့ မနက် ၁၁ နာရီလောက်က ပွိုင်ပက်နယ်မြေမှာ ထိုင်းဘက်က ဗုံးနှစ်လုံးကြဲကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဗုံးကြဲပြီးပြီးချင်းမှာပဲ ပွိုင်ပက်မြို့ပြင်က ဘီအမ်-၂၁ ဒုံးကျည်တွေ ထားတဲ့ စခန်းကို တိုက်ခိုက်ခဲ့ကြောင်းနဲ့ အရပ်သား ထိခိုက်မှု မရှိကြောင်း ထိုင်း လေတပ် ပြောခွင့်ရ မာရှယ် ဗိုလ်ချုပ်ကြီး ဂျက်ကရစ် သမာဝီချိုင်းက ပြောပါတယ်။

ဘီအမ်-၂၁ ဒုံးကျည်တွေကို သံချပ်ကာကားပေါ်ကနေ အတွဲလိုက် ပစ်လေ့ရှိပါတယ်။

ထိုင်းလောင်းကစားသမားတွေကြား လူသိများတဲ့ ပွိုင်ပက် နယ်စပ်မြို့မှာ ဒါက ပထမဆုံးအကြိမ် ဗုံးကျတာ ဖြစ်ပုံရပါတယ်။

ကမ္ဘောဒီးယားက ကုန်းလမ်း နယ်စပ်ဂိတ်တွေ ပိတ်လိုက်လို့ ပွိုင်ပက်မှာ ထိုင်းနိုင်ငံသား ၅,၀၀၀ ကနေ ၆,၀၀၀ ကြား ပိတ်မိနေကြောင်းလည်း ထိုင်းဘက်က အင်္ဂါနေ့မှာ ပြောကြားပါတယ်။

အရပ်သား ထိခိုက်မှုနည်းအောင် နယ်စပ်တွေကို ပိတ်ထားကြောင်းနဲ့ လေကြောင်းနဲ့ ထွက်ခွင့်ပြုကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေး ဌာနက ပြောပါတယ်။

နှစ် ၁၀၀ ကြာတဲ့ နယ်စပ်အငြင်းပွားမှု အရှိန်မြင့်တက်လာလို့ ဇူလိုင်လ ၂၄ ရက်မှာ ကမ္ဘောဒီးယားဘက်ကနေ ထိုင်း နိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ထိုင်းဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ငါးရက်ကြာ တိုက်ပွဲပြင်းထန်ပြီးနောက် ဒါဇင်နဲ့ချီတဲ့ စစ်သားနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။

အဲဒီနောက် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ကြားဝင်ပေးမှုနဲ့ ခြွင်းချက်မရှိ ချက်ချင်း အပစ်ရပ်စဲဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။ အပစ်ရပ်စဲတဲ့အထိကုန်သွယ်ခွန် ညှိနှိုင်းမှုတွေ ရပ်ပစ်မယ်ဆိုပြီး ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အရင်ပတ်က အပစ်ရပ်စဲရေး ပျက်ပြားပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ တဘက်နဲ့ တဘက် စစ်ကို ဘယ်သူပြန်စသလဲ အပြန်အလှန်အပြစ်ဖို့နေကြပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတပ်တွေအကြား သူ ဖုန်းကောက် ဆက်လိုက်တာနဲ့ အပစ်ရပ်သွားအောင် လုပ်နိုင်ကြောင်း ထရမ့်က အရင်ပတ်က ကြုံးဝါးခဲ့ပေမယ့်လည်း စစ်ကတော့ ဆက်ဖြစ်နေပါတယ်။

ကမ္ဘောဒီးယားမှာ ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးဖြစ်တဲ့ ရှေးဟောင်း အန်ကာဝပ် ကျောင်းတော်တွေ ရှိရာ ဆီယမ်ရိခရိုင်မှာ ထိုင်းတပ်က ဗုံးကြဲတယ်ဆိုပြီး ဒီသီတင်းပတ် အစောပိုင်းတုန်းကလည်း ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပါတယ်။