ယူကရိန်း စစ်သားစုဆောင်းရေး အကြီးအကဲတွေ ရာထူးကနေ ထုတ်ပယ်ခံရ -သြဂုတ်လ ၁၁ ရက်ညပိုင်း နိုင်ငံတကာသတင်းများ

ယူကရိန်း၊ အဂတိလိုက်စားမှု၊ စစ်မှုထမ်း

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အဂတိလိုက်စားမှုတွေကို အရေးယူတိုက်ဖျက်သွားမယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး ကတိပြု

ယူကရိန်းနိုင်ငံမှာ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ ယူကရိန်းနိုင်ငံရဲ့ ပြည်နယ်ဒေသတိုင်းက စစ်သားစုဆောင်းရေးဆိုင်ရာ အကြီးအကဲတွေကို အစိုးရက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

အဲဒီအကြီးအကဲ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ တရားမဝင်တဲ့နည်းတွေနဲ့ ချမ်းသာကြွယ်ဝအောင် လုပ်နေကြတဲ့ လက္ခဏာမျိုးတွေ တွေ့ရတယ်လို့ သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောပါတယ်။

တချို့နေရာတွေမှာ အဲဒီတာဝန်ရှိပုဂ္ဂိုလ်တွေက အမျိုးသားတွေ စစ်မှုထမ်း စာရင်းထဲမှာ မပါရအောင် ယူကရိန်းနိုင်ငံထဲကနေ ထွက်နိုင်ဖို့ အကူအညီပေးခဲ့တယ်လို့ သူကပြောပါတယ်။

အဂတိလိုက်စားမှုတွေကို ခြေရာခံ နှိမ်နင်းဖို့ သမ္မတ ဇလန်းစကီးက ကတိပြုထားတာ ဖြစ်ပြီး ဒီလို အရေးယူဆောင်ရွက်ပေးဖို့ ယူကရိန်းအစိုးရကို ထောက်ခံအားပေးနေတဲ့ အနောက်အုပ်စု အစိုးရအဖွဲ့တွေက တောင်းဆိုနေတာပါ။

ယူကရိန်း တရားရုံးချုပ် အကြီးအကဲနဲ့ အိုဒက်ဆာပြည်နယ်က စစ်သားစုဆောင်းရေး အကြီးအကဲတို့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ဟာဝိုင်ယီ တောမီး သေဆုံးသူ ၅၅ ဦးအထိ ရှိလာ

ဟာဝိုင်ယီ၊ တောမီး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တောမီးကြောင့် လာဟိုင်နာမြို့ တစ်မြို့လုံးနီးပါး မီးလောင် ပျက်စီးသွား

ဟာဝိုင်ယီပြည်နယ် မောင်ဝီကျွန်းပေါ်မှာ တောမီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုတွေကို ပြန်လည်ပြင်ဆင်တည်ဆောက်ဖို့အတွက် နှစ်ပေါင်းများစွာ အချိန်ယူရဖို့ ရှိပြီး ဒေါ်လာ ဘီလျံနဲ့ချီ ကုန်ကျလိမ့်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တောမီးလောင်မှုအတွင်း လူ ၅၅ ဦး သေဆုံးခဲ့တယ်လို့ လောလောဆယ် သိထားရပြီး လူ ၁,၀၀၀ လောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် လူတွေကို ခြေရာခံ လိုက်ရှာဖို့ အခက်တွေ့နေပါတယ်။

ဒီတောမီးလောင်မှုဟာ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်ရဲ့ သဘာဝ ကပ်ဘေးကြီးတွေထဲမှာ အကြီးမားဆုံး ဖြစ်ဖွယ် ရှိတယ်လို့ ဟာဝိုင်ယီပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ရှ် ဂရီးန် က ပြောပါတယ်။

ဟိုတယ်တွေ၊ ဒေသခံတွေမှာ အိပ်ခန်းအပိုတွေ ရှိရင် အိုးအိမ်မဲ့နေသူတွေကို ထားပေးကြဖို့ သူက ပန်ကြားထားပါတယ်။

တစ်မြို့လုံးနီးပါး ပျက်စီးသွားတဲ့ လာဟိုင်နာမြို့မှာ နေအိမ်တွေဆီ တောမီးတွေ ပျံ့နှံ့လာချိန်မှာ မီးဘေးသတိပေးတဲ့ ဥသြသံဆွဲတာမျိုး လုံးဝ မရှိခဲ့ဘူးလို့ အသက်ဘေးက လွတ်မြောက်လာသူတွေက ပြန်ပြောပြပါတယ်။

နီဂျဲသမ္မတကို ချက်ချင်းလွှတ်ပေးဖို့ အီးယူ တောင်းဆို

နီဂျဲ၊ စစ်အာဏာသိမ်း၊ အာဖရိကသမဂ္ဂ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နီဂျဲ စစ်အာဏာသိမ်းမှုအပေါ် အင်အားသုံး ဖြေရှင်းကောင်း ဖြေရှင်းဖို့ အိုင်ဗရီကို့စ် ခေါင်းဆောင် အွတ်တရာ(ယာ) နဲ့ Ecowas အကြီးအကဲ အိုမာ တူရေး တို့ ဆွေးနွေးခဲ့ကြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နီဂျဲ သမ္မတကို ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ အိမ်အကျယ်ချုပ် ချထားကြောင်း အီးယူ ဥရောပ သမဂ္ဂက ပြောကြားလိုက်ပြီး သူ့ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လက စစ်တပ်က အာဏာသိမ်းပြီး သမ္မတ မိုဟာမက် ဘက်ဇွန်းကို ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဘက်ဇွန်းနဲ့ သူ့မိသားစုဟာ အစားအစာ၊ လျှပ်စစ်မီးနဲ့ ဆေးဝါး အထောက်အပံ့ ရက်ပေါင်းများစွာ ဖြတ်တောက်ခံထားရတယ်လို့ အီးယူ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရဲလ် က ပြောပါတယ်။

နီဂျဲနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အင်အားသုံးဖြေရှင်းရေး အပါအဝင် နည်းလမ်းအားလုံးကို သုံးဖို့ စဉ်းစားထားတယ်လို့ ကြာသပတေးနေ့က ကျင်းပတဲ့ အရေးပေါ် ထိပ်သီးဆွေးနွေးပွဲမှာ အနောက်အာဖရိကနိုင်ငံ ခေါင်းဆောင်တွေက ပြောသွားပါတယ်။

ECOWAS အနောက်အာဖရိကဒေသတွင်းနိုင်ငံများအဖွဲ့က သူတို့ရဲ့ အသင့်တပ်ဖွဲ့တွေကို လှုပ်ရှားဆောင်ရွက်မှုတွေ ချက်ချင်း လုပ်ဆောင်ကြဖို့ ညွှန်ကြားထားပါတယ်။

ECOWAS အဖွဲ့ရဲ့အစည်းအဝေး အပိတ် ကြေညာချက်ထဲမှာ စစ်အာဏာသိမ်းမှုနဲ့ သမ္မတ ဘက်ဇွန်းကို ဆက်လက် ထိန်းသိမ်းထားမှုအပေါ် ပြင်းပြင်းထန်ထန် ထပ်မံ ဝေဖန် ရှုတ်ချထားပါတယ်။

မြေထဲပင်လယ် ဖြတ်ပြီး ဥရောပထဲဝင်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက် ၂ ဆတိုးလာ

ဥရောပ၊ မြေထဲပင်လယ်၊ ရွှေ့ပြောင်း ဒုက္ခသည်

ဓာတ်ပုံ ရင်းမြစ်, Sea Watch

ဓာတ်ပုံ ပုံစာ, မြေထဲပင်လယ်ကို လှေနဲ့ ဖြတ်ပြီး ဥရောပထဲ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ

မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က နှစ်ဆ တိုးလာကြောင်း ကိန်းဂဏန်းသစ်တွေအရ သိရပါတယ်။

အခုနှစ်မှာလည်း ရွှေ့ပြောင်းဒုက္ခသည် ၁၇၀,၀၀၀ ကျော် တရားမဝင် ဝင်ရောက်လာခဲ့ပြီး ဒါဟာ ၂၀၂၂ ခုနှစ် က အလားတူ ကာလအတွင်းကထက် ၁၀ ရာခိုင်နှုန်း ပိုများတယ်လို့ အီးယူ ဥရောပသမဂ္ဂရဲ့ နယ်စပ်အေဂျင်စီ Frontex က ပြောပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်တွေ အများစု ထွက်ခွာလာတဲ့ နိုင်ငံတွေက အီဂျစ်၊ ဂီနီနဲ့ အိုင်ဗရီ ကို့စ် နိုင်ငံတို့ ဖြစ်ပြီး အနည်းဆုံး လူ ၂,၀၀၀လောက် လမ်းမှာ ပျောက်ဆုံးသွားခဲ့ကြပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ခိုးထုတ်ဖို့ ရာဇဝတ်ဂိုဏ်းက အခုအခါ စျေးပေါပေါနဲ့ ကမ်းလှမ်းလာနေတဲ့အတွက် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်က ဆက်မြင့်မားနေမှာ ဖြစ်တယ်လို့ Frontex က ပြောပါတယ်။