စက်တင်ဘာ ၂၆ ရက်ထိပ်တန်းသတင်းများ- ဒီပဲယင်း၊ ညောင်လှရွာ လေကြောင်း‌ကနေပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ညောင်လှရွာတဝိုက်ကို ဒီကနေ့ မနက်ပိုင်း ၁၁ နာရီက စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံအချို့ က ဘီဘီစီကိုပြောပါတယ်။

ညောင်လှရွာဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာကလေကြောင်းတိုက်ခိုက်မှုအကြီးအကျယ်ခံခဲ့ရတဲ့လက်ယက်ကုန်းရွာနဲ့ ဘေးချင်းကပ်ရွာဖြစ်ပြီးလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရေဦး နဲ့ ဒီပဲယင်းက ကျေးရွာ ၁၃ ရွာထက်မနည်းက ဒေသခံသောင်းချီထွက်ပြေးနေရတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ကပြောပါတယ်။

'' ‌‌နမခကတက်လာတဲ့ Mi35 ‌ပါ။ ညောင်လှတစ်ဝိုက်ကို စစ်ကြောင်းရောက်ခါနီးမှာကြိုပြီးလာပစ်ကူတာမျိုးတော့ယူဆကြပါတယ်။ ဝဲပျံချိန် နဲ့ ပစ်ခတ်ချိန် ၄၅ မိနစ်လောက်ကြာပါတယ်၊ ဒေသခံတွေကတော့ သူတို့ ခြေလျင်စစ်‌ကြောင်းထိုးတာနဲ့တော့ကြိုရှောင်ထားပေမဲ့ ညောင်လှထဲကျန်တဲ့သူရှိနိုင်မလားတော့မသိရသေးဘူး။ အခုထိတော့ ထိခိုက်သေဆုံးမှုမသိရသေးပါဘူး '' လို့ ဒီပဲယင်းညီနောင်အဖွဲ့က တစ်ဦးကပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၅ ရက်က လက်ယက်ကုန်းရွာတဝိုက်ကို ရေဦး ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးနောက်မှာ အခုလို လေကြောင်းတိုက်ခိုက်မှုဖြစ်လာတာလို့ ဒေသခံအချို့ကပြောပါတယ်။

လက်ရှိမှာ ခြေလျင်စစ်ကြောင်းဟာ ညောင်လှရွာမှာတပ်စွဲထားလို့ ဒေသခံတွေလည်း ရွာပြန်ကြဖို့မဖြစ်နိုင်သေးဘူးလို့ပြောကြပါတယ်။ ပြီးခဲ့တဲ့နှစ်က လက်ယက်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးအထိ သေဆုံးခဲ့တာဖြစ်ပါတယ်။

TNLA တပ်စခန်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်ထဲက တအာင်းတပ်- TNLA ရဲ့ တပ်မဟာ(၁) လွယ်မောက်တပ်စခန်းကိုစစ်ကောင်စီကဂျက်ဖိုက်တာ(၃)စီးနဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ ‌တအာင်းတပ်TNLA ကဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒေသခံအချို့ကိုဆက်သွယ်မေးမြန်းချက်အရ မနေ့ စက်တင်ဘာ ၂၅ ရက် ညပိုင်း ၁၀ နာရီက စစ်ကောင်စီရဲ့ ဂျက်လေယာဥ် ၂ စင်းက ရွာတဝိုက်မှာ ဝဲပျံခဲ့ပြီး လေကြောင်းကနေ ဗုံး ၂ လုံးကြဲချသွားတယ်လို့ ပြောပါတယ်။

လူထိခိုက်တာမရှိပေမဲ့ ဒေသခံတွေကတော့ ဒီကနေ့မှာလည်းထပ်ပြီးဗုံးလာကြဲမှာကို စိုးရိမ်ထိတ်လန့်နေတယ်လို့ ဘီဘီစီကိုပြောပါတယ်။

‘’ကလေးအမေတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ ကြောက်လန့်နေတာပဲ။ ငိုလည်းငိုကြတယ်။ ညက ဗုံးကြဲတာရွာအပြင်ဘက်ကိုဖြစ်သွားလို့ မဟုတ်ရင်ထိကြမှာကြောက်ကြတယ်။ ဘယ်ပြေးပြီးဘာလုပ်ရမလဲမသိဖြစ်နေကြတာ။ငိုရုံပဲတတ်နိုင်ကြတယ် '' လို့ နမ့်အွမ်ရွာဒေသခံတစ်ဦးကပြောပါတယ်။

TNLA ဘက်ကထုတ်ပြန်ချက်မှာတော့ စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်း ၁၀ နာရီကျော်မှာ ဂျက်လေယာဥ် နဲ့ နှစ်ကြိမ် တအောင်းတပ်ရှိရာ မန်ကန်ရွာ၊ နမ့်ငူးရွာအနီးကို ဗုံး ၄ လုံးကြဲချတယ်လို့ ပြောထားပြီး အဲဒီနောက် ၁၀ နာရီခွဲခန့်မှာ TNLA ရဲ့ တပ်မဟာ(၁) လွယ်မောက်တပ်စခန်းကို ဗုံးကြဲတိုက်ခိုက်တာလို့ ‌ဖော်ပြပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် TNLA တပ်စခန်းရဲ့ အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ပြီးထိခိုက်သေဆုံးတာ တော့မရှိဘူးလို့ဆိုပါတယ်။

TNLA အပြောအရ စစ်ကောင်စီတပ် နဲ့ တအာင်းတပ်မတော်အကြား ဇူလိုင်လ (၂၃)ရက်ကနေ ဒီကနေ့ အထိ မူဆယ်မြို့နယ် စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျယ်လော့၊ ဟိုပေါ်၊ ဆိုင်ခေါင် ၊ ကောင်ရာရွာ၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ခိုမုန်းရွာ၊ ကောင်မူရာနဲ့ လင်းလုံရွာ၊ မိုးကုတ်မြို့နယ်ထဲမှာ အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ဖြူရောင်နဲ့ ကုန်းစံရွာတို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ TNLA နဲ့ ကြားကတိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

စစ်တပ်ကိုပိတ်ဆို့ရေး ကုလဆိုင်ရာဗြိတိန်၊ ကနေဒါသံအမတ်ကြီးတွေနဲ့ NUG ဆွေးနွေး

မြန်မာစစ်တပ်ကို လက်နက်တင်သွင်းမှု၊ လေယာဥ်ဆီတင်သွင်းမှုတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နဲ့ကနေဒါနိုင်ငံသံအမတ်ကြီးတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဆွေးနွေးထားတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန် အဲဒီနိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ ဒေါ်ဇင်မာအောင်တို့ စက်တင်ဘာလ ၂၅ ရက်မှာတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ချမှတ်ရာမှာ ဗြိတိန်နိုင်ငံရဲ့ဦးဆောင်မှုကို ကျေးဇူးတင်ကြောင်း ဝန်ကြီးက ဗြိတိန်သံအမတ်ကြီးကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ကို လက်နက်နဲ့ လေယာဥ်ဆီတင်သွင်းမှုတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ရေးအပြင် ပိုဖိအားပေး အရေးယူနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၅ ဆိုတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး မြန်မာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ တရားလက်လွတ် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဆုံးဖြတ်ချက်ပါအချက်တွေကို လိုက်နာဖို့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။