သူပုန်တွေ ဆီးရီးယားမြို့တော်ကို ထိန်းချုပ်ချိန်မှာပဲ သမ္မတအာဆတ် နိုင်ငံထဲက ထွက်သွားပြီလို့ ရုရှားပြော

ဗီဒီယို ပုံစာ, ဆီးရီးယားမှာ အာဆတ်ဖခင်ရဲ့ရုပ်ထုအပါအဝင် ရုပ်ထုတွေ ဖြုတ်ချခံရပြီး လမ်းတွေပေါ်မှာ အောင်ပွဲခံနေကြ

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်ထဲကို ရောက်နေတဲ့ သူပုန်အဖွဲ့တွေကတော့ နိုင်ငံကို ကာလရှည်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ အာဆတ်လက်အောက်ကနေ မြို့တော် ''လွတ်မြောက်'' သွားပြီလို့ ကြေညာလာပါတယ်။

သမ္မတ အာဆတ်ဟာ ဒမတ်စကပ်မြို့ထဲကနေ လေယာဥ်နဲ့ ထွက်သွားပြီလို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ သူ ဘယ်ကို ဦးတည်သွားတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

သူပုန်တွေဟာ သမ္မတ အာဆတ် အုပ်ချုပ်မှုကို နိုင်ငံတဝန်းမှာ ထိုးစစ်နဲ့ တုံ့ပြန်နေချိန်မှာပဲ မြို့တော် အလယ်ပိုင်းမှာလည်း သေနတ်ပစ်ခတ်သံတွေကြားနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အတည်မပြုနိုင်သေးတဲ့ ရုပ်သံဖိုင်တစ်ခုမှာတော့ ဆီးရီးယားက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Saydnaya အကျဥ်းထောင်ကြီး ပွင့်ထွက်သွားလို့ အကျဥ်းသားတွေလည်း ထွက်ပြေးနေကြတာကို တွေ့ရပါတယ်။ အဲဒီအကျဥ်းထောင်ဟာ သမ္မတ အာဆတ်ကို ဆန့်ကျင်သူတွေကို နှိပ်စက်၊ ပြစ်ဒဏ်ပေးတဲ့‌ထောင်လည်းဖြစ်ပါတယ်။

သူပုန်အဖွဲ့တွေရဲ့ မြို့တော်ကို ချဥ်းကပ်မှုဟာ ဟုမ်းစ်မြို့ ''အပြည့်အဝ လွတ်မြောက်ပြီ'' လို့ ပြောဆိုပြီး နောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အာဆတ်ရဲ့ ဓာတ်ပုံအပျက်အစီးကို ဓာတ်ပုံရိုက်နေတဲ့ ဆီးရီးယား အမျိုးသမီးငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဒမတ်စကပ်မြို့ ''လုံခြုံတယ်'' လို့ အတိုက်အခံ အတိုက်အခံ ခေါင်းဆောင်ပြော

သမ္မတ အာဆတ် ထွက်ပြေးပြီလို့ ဆီးရီးယား သူပုန်တွေက ဒီဇင်ဘာလ ၈ ရက်မှာ ပြောခဲ့အပြီးမှာ မြို့တော်ထဲက ဂျာရာမန်နာ အရပ်မှာ လမ်းပေါ်တက် စုဝေးခဲ့ကြတဲ့ မြို့ခံတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ အာဆတ် ထွက်ပြေးပြီလို့ ဆီးရီးယား သူပုန်တွေက ဒီဇင်ဘာလ ၈ ရက်မှာ ပြောခဲ့အပြီးမှာ မြို့တော်ထဲက ဂျာရာမန်နာ အရပ်မှာ လမ်းပေါ်တက် စုဝေးခဲ့ကြတဲ့ မြို့ခံတွေ

ဆီးရီးယား အတိုက်အခံ ခေါင်းဆောင် ဟာဒီ အယ် ဘာရာကတော့ အာဆတ် အုပ်စိုးမှု ပြိုလဲပြီလို့ ပြောပြီး ''ဆီးရီးယားသမိုင်းရဲ့ အမှောင်ခေတ်ကို ကျော်လွန်သွားပြီ'' လို့ အာရဗီ သတင်းဌာန အယ် အာရေဗီယားကို ပြောပါတယ်။

ဆီးရီးယား တော်လှန်ရေးနဲ့ အတိုက်အခံအင်အားစုများ မျိုးသားညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်တဲ့ ဘာရာကတော့ မြို့တော်က အခြေအနေ လုံခြုံတယ်လို့ လူထုကို အလေးထား ပြောပါတယ်။

''ဘာသာရေး ဂိုဏ်းဂဏအမျိုးမျိုးသော ကျွန်တော်တို့ လူထုကို ပြောချင်တာကတော့ ကိုယ့်နိုင်ငံသား အချင်းချင်း လက်နက်နဲ့ ပြန်မတိုက်သရွေ့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေကြသရွေ့ အားလုံး လုံခြုံ ဘေးကင်းမယ်လို့ ကျွန်တော် ပြောချင်ပါတယ်'' လို့ သူက လူမှုကွန်ရက် X (အရင်က တွစ်တာ)မှာ ရေးသားပါတယ်။

''လက်တုံ့ပြန်တာ၊ လက်စားချေတာတွေ ရှိလာမှာမဟုတ်သလို လူ့အခွင့်အရေး ချိုးဖောက်တာတွေလည်း ရှိလာမှာမဟုတ်ပါဘူး။ လူထုရဲ့ ဂုဏ် သိက္ခာကို လေးစားပြီး အဲဒီဂုဏ်သိက္ခာအတိုင်း ဆက်ဆံပါမယ်'' လို့လည်း ဆိုပါတယ်။

လူထုရွေးချယ်တဲ့ ခေါင်းဆောင်တွေနဲ့ ''ပူးပေါင်းဖို့ အသင့်ပါပဲ'' လို့ ဆီးရီးယား ဝန်ကြီးချုပ်ပြော

ဆီးရီးယားမှာ သမ္မတ အာဆတ်လေယာဥ်နဲ့ ထွက်ပြေးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံ့ဝန်ကြီးချုပ်က သူဟာ မြို့တော် ထဲမှာ ဆက်ရှိနေဆဲဖြစ်ပြီး လူအတွက် အကောင်းဆုံး လုပ်နိုင်တာကို လုပ်ဖို့ အသင့်ပဲလို့ ပြောလာပါတယ်။

လူမှုကွန်ရက်ပေါ်ကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာတော့ မိုဟာမက် ဂါဇီ အယ်လ် ဂျာလာလီက ဆီးရီးယားကို''အိမ်နီးချင်းနိုင်ငံတွေနဲ့ရော ကမ္ဘာနဲ့ပါ ဆက်ဆံရေးကောင်းမွန်မှုကို တည်ဆောက်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့'' ထူထောင်နိုင်တဲ့အကြောင်းလည်း ထည့်ပြောထားပါတယ်။

အောင်နိုင်သတင်းစကားကို သူပုန်တွေက နိုင်ငံပိုင် စတူရီယိုထဲကနေ ထုတ်လွှင့်

နိုင်ငံပိုင် မီဒီယာတွေကနေ မိန့်ခွန်းပြောနေတဲ့ တိုက်ခိုက်ရေးသမားတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နိုင်ငံပိုင် မီဒီယာတွေကနေ မိန့်ခွန်းပြောနေတဲ့ တိုက်ခိုက်ရေးသမားတွေ

ဆီးရီးယား သူပုန်တွေဟာ အောင်နိုင် သတင်းစကားကို နိုင်ငံပိုင်ရုပ်သံ လွှင့်ရုံရဲ့ ဒမတ်စကပ် ရေဒီယိုကနေ ထုတ်လွှင့် သွားပါတယ်။ ဘာရှား အယ် အာဆတ်ရဲ့ အုပ်စိုးမှု အဆုံးသတ်ပြီလို့ ပြောသလို နိုင်ငံရေးအကျဥ်းသားတွေကိုလည်း လွှတ်ပေးလိုက်ပြီလို့ဆိုပါတယ်။

တိုက်ခိုက်ရေးသမားတွေကတော့ ရုပ်သံ ထုတ်လွှင့်ချိန်မှာ ''မူဂျာဟစ်ဒင်နဲ့ နိုင်ငံသားတွေအနေနဲ့ လွတ်လပ်တဲ့ဆီးရီးယားနိုင်ငံရဲ့ ပိုင်ဆိုင်မှုကို ထိန်းသိမ်းဖို့'' လည်း သူတို့က တိုက်တွန်းပါတယ်။

''ဆီးရီးယား အဓွန့်ရှည်ပါစေ၊ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာရှိပါစေ။ ဘယ်လို မျိုးနွယ်ကပဲဖြစ်ဖြစ် ဆီးရီးယား နိုင်ငံသားတွေအားလုံး ပြည့်စုံပါစေ''

တတိယအကြီးဆုံးမြို့ကြီး ဟုမ်းစ်(Homs)ကို သိမ်းလိုက်ပြီလို့ ဆီးရီးယား သူပုန်ခေါင်းဆောင်ပြော

ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်တုန်းက အစိုးရတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး စတင်ကတည်းကဆိုရင် ဆီးရီးယား မြို့ကြီးအချို့ကို သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်တုန်းက အစိုးရတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး စတင်ကတည်းကဆိုရင် ဆီးရီးယား မြို့ကြီးအချို့ကို သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားပါတယ်

ဆီးရီးယားနိုင်ငံထဲက တတိယအကြီးဆုံးမြို့ကြီးဖြစ်တဲ့ ဟုမ်းစ်(Homs) ကို သူပုန်အဖွဲ့တွေက သိမ်းလိုက်ပြီလို့ဆိုပြီး အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် အဘူမိုဟာမက် အယ် ဂျိုလန်နီ က အတည်ပြု ပြောလာပါတယ်။

''ဒါဟာ သမိုင်းဝင်အောင်ပွဲ'' လို့ သူက သုံးနှုန်းပြီး လက်နက်ချသူတွေကို ထိခိုက်အောင်မလုပ်ဖို့လည်း သူက သူ့ရဲ့ နောက်လိုက်နောက်ပါတွေကို တိုက်တွန်းထားပါတယ်။ မြို့သိမ်းပြီဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီး ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(SOHR) ကတော့ အာဆတ်ကို ဆန့်ကျင်နေတဲ့ ဒီတိုက်ခိုက်ရေးသမားတွေဟာ ဟုမ်းစ် မြို့ထဲကို ဝင်ရောက်ခဲ့ပြီဖြစ်ပြီး ''မြို့ရဲ့နေရာတော် တော်များများကို ထိန်းချုပ်ထားလိုက်ပြီ'' လို့ ပြောပါတယ်။

''ပဋိပက္ခမှာပါသူတွေနဲ့ တခြားသူတွေနဲ့ ပြောဆိုပြီးမှ အာဆတ် ထွက်သွားတာ'' လို့ ရုရှားပြော

ဆီးရီးယား သမ္မတ အာဆတ်ဟာ ''ပဋိပက္ခမှာ ပါဝင်တဲ့တခြားသူတွေနဲ့ စကားပြောဆိုပြီးမှ'' ရာထူးကနေ နုတ်ထွက်သွားတာဖြစ်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးရှိစေဖို့လည်း ညွှန်ကြားခဲ့တယ်လို့ ဆိုပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြောလာပါတယ်။

အဲဒီညှိနှိုင်းပြောဆိုမှုတွေမှာ ရုရှားပါဝင်ခဲ့တာမရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသလို ဆီးရီးယားမှာရှိတဲ့ ရုရှားရဲ့ စစ်အခြေစိုက်စခန်းတွေကို အမြင့်ဆုံးတပ်လှန့်ထားပေမဲ့ လက်ရှိမှာ ခြိမ်းခြောက်ခံရတာမျိုး မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ရုရှားဟာ လက်ရှိမှာ ''ဆီးရီးယားအတိုက်အခံအစုအဖွဲ့တွေအားလုံး'' နဲ့ အဆက်အသွယ်ရှိတဲ့အကြောင်းလည်း ဆိုပါတယ်။

ရုရှားဟာ အာဆတ်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး သူ သမ္မတအဖြစ်ရှိနေအောင် အရင်တုန်းက စစ်တပ်အကူအညီ ပေးခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အားလုံးမြင်လိုတဲ့ အာဆတ် ပြုတ်ကျမှုဖြစ်လာပြီဆိုတော့ ဆီးရီးယားမှာ ဘာဆက်ဖြစ်မှာလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဟူဂို ဘာချေးဂါ (အရှေ့အလယ်ပိုင်းဆိုင်ရာသတင်းထောက်)

ဘာရှား အယ် အာဆတ်ဟာ ရုရှားနဲ့ အီရန်တို့ရဲ့ အကူအညီနဲ့ အတိုက်အခံတွေကို နှိမ်နင်းပြီး ရှင်သန်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ မဖြစ်နိုင်တော့ပါဘူး။ သူ့မဟာမိတ်တွေကိုယ်တိုင်လည်း သူ့တို့ အရေးကိစ္စတွေနဲ့ ပြည့်နေတာကြောင့် သူ့ကို ပစ်ပယ်ခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ သူတို့ရဲ့ အကူအညီ မရှိဘဲနဲ့ သူ့ တပ်တွေဟာ အခြေဟန်နိုင်မှာ မဟုတ်သလို တချို့နေရာတွေမှာဆိုရင် သူပုန်တွေဆီကို လိုလို လားလား လက်လျှော့ခဲ့တယ်ဆိုလို့တောင် ပြောလို့ရပါတယ်။

ပထမဆုံး သူပုန်အဖွဲ့တွေဟာ နိုင်ငံ့ ဒုတိယအကြီးဆုံးမြို့ အလက်ပိုကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက သိမ်းခဲ့ပါတယ်။ အဲဒီနောက် ဟာမာ၊ နောက် ရက်ပိုင်းအကြာမှာပဲ ဟုမ်းစ်ကို သိမ်းပါတယ်။ ပြီးတော့ နာရီပိုင်းအကြာမှာပဲ မြို့တော် ဒမတ်စကပ်ကို ဝင်နိုင်ပါတယ်။

သူ ရာထူးကနေ ပြုတ်ကျသွားတာကို အများစုက မြင်လိုကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ မရှိရင် ဆီးရီးယားမှာ ဘာဆက်ဖြစ်လဲဆိုတဲ့မေးခွန်းလည်း ထွက်လာပါတယ်။ အခု လက်နက်ကိုင်ပုန်ကန်မှုကို အစ္စလာမစ် အစွန်းရောက်ဖြစ်တဲ့ Hayat Tahrir al-Sham (HTS) အဖွဲ့က ဦးဆောင်တာဖြစ်ပါတယ်။ သူတို့ ဇစ်မြစ်ဟာ အယ်လ်ကိုင်းဒါး အဖွဲ့က လာတာဖြစ်သလို လက်ပါတဲ့ အတိတ်သမိုင်းကြောင်းလည်း ရှိထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမျိုးသားရေးတပ်ဖွဲ့ တစ်ခုအဖြစ်နဲ့ သူတို့ ပြန်လည် စုဖွဲ့ဖို့ ကြိုးစားလာကြပြီး မကြာသေးခင်တုန်းက ပြောထားတဲ့ သူတို့ သတင်းစကားဟာ သံခင်းတမန်ခင်း ဆန်သလို ပြန်လည်ပေါင်းစည်းရေး လေသံဘက်လည်း ယိမ်းပါတယ်။

ဒါပေမဲ့ ဒါတွေကို အများစုက ဒါကို ယုံဖို့ ခက်နေပြီး သူတို့ ဘာများ စီစဥ်ကြမလဲ ဆိုတာကို စိုးရိမ်စိတ်နဲ့ စောင့် ကြည့်နေကြပါတယ်။

ဆီးရီးယားက အခြေအနေ နောက်ဆုံးရသတင်းတွေကို ဒီလင့်ခ်မှာ ဖြည့်စွက်ဖော်ပြပေးနေပါတယ်။ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။