ဆီးရီးယား သူပုန်ရှေ့မှောက်ရောက်လာတဲ့ ဒမတ်စကပ်နဲ့ အာဆတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဆီဘတ်စတီရန် အာရှာ
- ရာထူးတာဝန်, အရှေ့အလယ်ပိုင်း အယ်ဒီတာ
သူပုန်တွေ ဟာမာမြို့ထဲ ဝင်လာရင်တောင် စစ်တပ်က ရှေ့တန်းခံစစ်ကို ထိန်းထားနိုင်မယ်လို့ ဆီးရီးယား အစိုးရနဲ့ ထောက်ခံသူတွေက ယူဆခဲ့ကြပါတယ်။
အဲဒီနောက် မကြာခင်မှာပဲ ဟာမာက တပ်တွေ ဆုတ်ပေးလိုက်ရပြီလို့ ဆီးရီးယား စစ်ဘက်က ဝန်ခံခဲ့ပါတယ်။ ဒါဟာ ဒီမြို့ကို သူပုန်ဘက်က ပထမဆုံးအကြိမ် ထိန်းချုပ်နိုင်တာပါ။
တပတ်အတွင်း မြို့ကြီး နှစ်မြို့ကို သိမ်းပိုက်ပြီးနောက် ဟာယတ် HTS အစ္စလာမ္မစ်အုပ်စု သူပုန်တွေရဲ့ နောက်ပစ်မှတ်က ဟုမ်းစ်မြို့ ဖြစ်ပါတယ်။
နောက်တိုက်ပွဲကြီး ဖြစ်လာမှာ စိုးလို့ လူသောင်းနဲ့ချီပြီး ဒီမြို့က ထွက်ပြေးနေကြပါပြီ။
ဒီအခြေအနေတွေကြောင့် သမ္မတ ဘရှား အယ်လ် အာဆတ်နဲ့ သူ့ကို ထောက်ခံတဲ့ ရုရှားနဲ့ အီရန်အတွက် စိတ်ပူစရာတွေ ဖြစ်လာပါတယ်။
ဟုမ်းစ်မြို့က အလက်ပို၊ ဟာမာမြို့တွေထက် ပိုပြီး မဟာဗျူဟာအရ အရေးကြီးပါတယ်။ အာဆတ်အုပ်စုကို ထောက်ခံသူတွေ နယ်မြေနဲ့ ဒမတ်စကပ်မြို့တော်ကြားက လမ်းဆုံမှာ တည်ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
HTS အုပ်စုဟာ ဆီးရီးယား အနောက်မြောက်ပိုင်းက အစ်ဒလစ်ဘ် နယ်မှာ နှစ်ချီကြာအောင် အင်အား တည်ဆောက်ခဲ့ပြီး အရင်ပတ်က ရခဲ့တဲ့ အောင်ပွဲအဟုန်ကလည်း အာဆတ်အစိုးရကို စိန်ခေါ်နိုင်တဲ့ပုံ ရှိပါတယ်။
ဆီးရီးယား အစိုးရက ဒီသူပုန်အင်အားသစ်ကို ဖယ်ရှားနိုင်မှာလား ဆိုတာက အခု အာရုံစိုက်စရာ ဖြစ်လာပါတယ်။
အတင်းအကျပ် စုဆောင်းထားတဲ့ စစ်သားတွေနဲ့ ဖွဲ့ထားတဲ့ ဆီးရီးယားတပ်ကို ပြင်ပအင်အားစုတွေ ဝင်မကူခဲ့ရင် ဟိုအရင်နှစ်တွေကတည်းက စစ်ရှုံးသွားနိုင်ပါတယ်။
စစ်သားတွေကို လခကောင်းကောင်းမပေးသလို လက်နက်ခဲယမ်း ပြည့်စုံမှုလည်း မရှိပါဘူး။ ကျင့်ဝတ်ပိုင်းမှာလည်း လျော့ရဲပါတယ်။ ဒါကြောင့် တပ်ပြေးကိစ္စကလည်း ပြောစရာ ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အလက်ပိုနဲ့ ဟာမာမြို့တွေ လက်လွှတ်နေရချိန်မှာပဲ စစ်သားတွေရဲ့ လစာကို ၅ဝ ရာခိုင်နှုန်း တိုးပေးဖို့ အာဆတ်က အမိန့်ထုတ်ခဲ့ပေမယ့် ထိုးစစ်ကို တားနိုင်မယ့်ပုံ မရှိပါဘူး။
ရုရှားလေယာဉ်တွေက ဟာမာမှာ ဆီးရီးယားတပ်တွေကို ကူပေးကြပေမယ့်လည်း ထိရောက်မှုက မရှိပါဘူး။
ရုရှားက စစ်ရေးအကူအညီတွေ ပုံအောပေးတာမျိုး မလုပ်တော့တဲ့အတွက်လည်း ၂၀၁၅ တုန်းက ရုရှားက ဆီးရီးယားအစိုးရ စစ်ရေးသာအောင် ကူခဲ့တာမျိုး မရှိနိုင်တော့ဘူးလို့ ထင်မြင်ချက်တွေ တိုးလာစေပါတယ်။ ယူကရိန်းစစ်မှာ သုံးနှစ်နီးပါး တိုက်နေရလို့ ရုရှားရဲ့ စစ်သားအင်အားနဲ့ စစ်လက်နက်ပစ္စည်းအရံအားတွေကို ပြုန်းတီးစေပါတယ်။
ဒါပေမဲ့ ရုရှားမှာလည်း အာဆတ်ဘက်ကနေ ရပ်တည်ဖို့ အကြောင်းတွေ ရှိပါတယ်။ သမ္မတပူတင်က အာဆတ် အာဏာတည်မြဲနေအောင် အလုံးအရင်းနဲ့ စစ်ရေး ကူညီမှုတွေကြောင့် အာဆတ် အစိုးရ စစ်မရှုံးဘဲ ဆက်ပြီး အာဏာမြဲနေခဲ့ပါတယ်။ ဒါကပဲ အမေရိကန် အပါအဝင် အနောက်အုပ်စု မဟာမိတ်တွေက ဆီးရီးယား သူပုန်တွေကို မကူနိုင်ဘဲ ကတိပျက်နေတာကို ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆီးရီးယားက တာတုစ် ဆိပ်ကမ်းမှာ ဆယ်စုနှစ်တွေနဲ့ချီပြီး ရုရှားရေတပ်စခန်း ချထားခဲ့ပြီး ဒါကလည်း မြေထဲပင်လယ်မှာ ရုရှားရဲ့ တခုတည်းသော စစ်စခန်း ဖြစ်ပါတယ်။ သူပုန်တွေက ဟုမ်းစ်ကို သိမ်းနိုင်ရင်တော့ ဆီးရီးယား ကမ်းရိုးတန်းကို သွားတဲ့လမ်း ပွင့်ပြီး ဒီရေတပ်စခန်းကို ခြိမ်းခြောက်လာနိုင်ပါတယ်။
အာဆတ် အာဏာဆက်မြဲနေဖို့ ရုရှားက လက်နက်ခဲယမ်းနဲ့ ဆက်ကူရေး ဆိုတာကလည်း ရုရှားအတွက် မလုပ်မဖြစ် အရေးကြီးတဲ့ပုံ မရှိပါဘူး။
အီရန်နဲ့ အီရန်ဘက်သား ဟစ်ဇဘိုလာလို စစ်သွေးကြွ အုပ်စုတွေက အာဆတ်ကို အာဏာဆက်ရှိအောင် ဘယ်လောက်ထိ ကူနိုင်မလဲဆိုတာကလည်း မေးခွန်းကြီး တခု ဖြစ်ပါတယ်။
ဟာဆန် နာဆရဲလား အစ္စရေး လုပ်ကြံခံရပြီးနောက် တက်လာတဲ့ ဟစ်ဇဘိုလာ ခေါင်းဆောင်သစ် နိမ်းကာဆင်မ်ကလည်း ဆီးရီးယားအစိုးရဘက်က ရပ်တည်မယ်လို့ ကြေညာခဲ့ပါတယ်။ HTS ဆီးရီးယားသူပုန်တပ်ကို အမေရိကန်နဲ့ အစ္စရေး ထောက်ခံတဲ့ ဂျီဟတ် ထိုးစစ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလပိုင်းမှာ အစ္စရေးရဲ့ မြေပြင်နဲ့ လေကြောင်း ထိုးစစ်ကြောင့် လက်ဘနွန်က ဟစ်ဇဘိုလာတွေ ဖရိုဖရဲဖြစ်ပြီး အင်အား ပြန်စုနေရပါတယ်။ ဆီးရီးယား သူပုန်တပ်တွေကို ရှေ့တန်းမှာ စစ်ထိုးခဲ့တဲ့ အချိန်က အင်အားမျိုး ဟစ်ဇဘိုလာတွေ ပြန်မရနိုင်သေးပါဘူး။
ဒါတောင် ဟစ်ဇဘိုလာ ထိပ်တန်းတပ်တွေ ဆီးရီးယားထဲက ဝင်လာပြီး ဟုမ်းစ်မှာ ဝင်တပ်စွဲနေကြောင်း လက်ဘနွန်နဲ့ ဆီးရီးယားက လုံခြုံရေး ရင်းမြစ်တွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်အတွက်လည်း ဒေသတွင်းမှာ တိုက်ရိုက်ရော ကြားခံပါ ရင်ဆိုင်တွေ့မှုတွေကနေ နောက်ဆုတ်နေပုံရပါတယ်။ အရင်နှစ်တွေဆီက ထားခဲ့တဲ့ ပိုရန်လိုတဲ့ ဗျူဟာနဲ့ ကွာလှမ်းလာပါတယ်။
ဒါကြောင့် အာဆတ်ကို အရင်က ကူခဲ့တဲ့ပုံစံမျိုး အင်အားအပြည့်နဲ့ စစ်ရေးကူတာတွေ လုပ်နိုင်မယ့်ပုံ မရှိပါဘူး။
အီရတ်မှာ ရှိတဲ့ အီရန်ဘက်တော်သား စစ်သွေးကြွတွေ ဝင်လာနိုင်တယ်လို့ ယူဆကြပေမယ့်လည်း ဒါမျိုးမလုပ်ဖို့ အီရတ်အစိုးရကရော အင်အားကြီးတဲ့ ရှီအာအုပ်စု ခေါင်းဆောင် မော့က်တာဒါ အယ်လ် ဆဒါးကရော သတိပေးထားကြပါတယ်။
နောက် အာဆတ်ရဲ့ နိုင်ငံရေး ရှင်သန်နိုင်ခြေက သူ့တပ်နဲ့ သူ့မဟာမိတ်တွေရဲ့ စွမ်းအားပေါ်မှာသာ မကဘဲ သူ့ကို ဆန့်ကျင်တဲ့ အုပ်စုပေါင်းစုံကြားက ရှိရင်းစွဲ အကွဲအပြဲတွေပေါ်မှာလည်း မူတည်နေပါတယ်။
HTS အုပ်စုနဲ့ အစ်ဒလစ်ဘ်က အုပ်စုတွေအပြင် ဆီးရီးယားအရှေ့မြောက်ပိုင်းမှာလည်း ကာ့ဒ်တပ်တွေ ရှိပါတယ်။တူရကီ ထောက်ခံတဲ့ ဆီးရီးယားအမျိုးသားတပ်ကလည်း မြောက်ပိုင်းမှာ ရှိပါတယ်။ နိုင်ငံအနှံ့မှာလည်း တခြားအုပ်စုပေါင်းစုံ ရှိနေပါတယ်။
ဒီထဲမှာ အစ္စလာမ္မစ်နိုင်ငံအုပ်စုလည်း ပါပြီး သူတို့ထိန်းထားတဲ့ သဲကန္တာရဒေသတွေအပြင် ဒီနောက်ဆုံးစစ်ပွဲတွေကနေ နယ်မြေထပ်ရအောင် ကြိုးစားလာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူပုန်အုပ်စုတွေကြား စုစည်းမရနိုင်လို့ရှိရင်တော့ အာဆတ်အတွက် နိုင်ငံရေး ထွက်ပေါက်တခု ဖြစ်လာနိုင်ပါတယ်။
အခုချိန်ထိ ဆီးရီးယား သမ္မတအတွက် သူ့ရဲ့ အလူဝိုက် လူနည်းစုအပါအ၀င် လူနည်းစုတွေအကြားမှာ ထောက်ခံမှု ယူထားနိုင်ပါသေးတယ်။
ဂျီဟတ်ဝါဒီတွေ သူတို့ မြို့တွေကို လာသိမ်းတယ်ဆိုပြီး ဒီအုပ်စုတွေက ကြောက်နေကြတာပါ။ HTS တွေက အရင် အယ်လ်ကိုင်ဒါနဲ့ အဆက်အစပ်ရှိခဲ့တာကို ဖယ်ရှားနိုင်ပေမယ့် သူတို့ကို ခုထိ အစွန်းရောက်လို့ မြင်နေသူတွေ များပါတယ်။
အဆုံးသတ်မှာတော့ အာဆတ်ရဲ့ ကြမ္မာကို ဆီးရီးယားပြင်ပက အုပ်စုတွေပဲ ဆုံးဖြတ်မယ့်ပုံ ရှိနေပါတယ်။
ရုရှား၊ တူရကီနဲ့ အီရန်ကြားမှာ ဆီးရီးယား ပဋိပက္ခဇုန်တွေနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရခဲ့ဖူးပေမယ့် အခု စစ်ရှိန်တက်လာမှုကြောင့် ဒါတွေ ကွယ်ပျောက်သွားနိုင်ပါတယ်။
သူတို့အကျိုးစီးပွားအတွက် ဆီးရီးယားမှာ အာဆတ်ရှိသင့်သလား၊ မရှိသင့်ဘူးလား မကြာခင် ဆုံးဖြတ်လာရနိုင်ပါတယ်။








