ဆီးရီးယားစစ်ပွဲ ဘာ့ကြောင့် ၁၁ နှစ်ကြာခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က သမ္မတ ဘရှား အယ်လ် အာဆတ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြခဲ့ရာကနေ ပြည်တွင်းစစ်ကြီး တစ်ခုအထိ ဖြစ်သွားခဲ့ရပါတယ်။
ဒီပဋိပက္ခကြီးကြောင့် လူ ၅ သိန်းလောက် သေဆုံးခဲ့ရသလို မြို့ကြီးတွေလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး တခြားနိုင်ငံတွေဆီ လူတွေ ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။
ဆီးရီးယားစစ်ပွဲ ဘယ်လို စဖြစ်ခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၀၀ ခုနှစ်မှာ ကွယ်လွန်သွားတဲ့ ဖခင် ဟဖက်ဇ်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ သမ္မတ အာဆတ်လက်အောက်မှာ အလုပ်လက်မဲ့တွေ တိုးလာနေမှု၊ အဂတိလိုက်စားမှု များပြားနေမှု၊ နိုင်ငံရေးလွတ်လပ်ခွင့် မရှိမှုတွေကြောင့် ဆီးရီးယားပြည်သူ အတော်များများက ဒီပဋိပက္ခကြီး စမဖြစ်ခင်ကတည်းကိုက အစိုးရအပေါ် မကျေမနပ် ဖြစ်နေကြတာပါ။
အိမ်နီးချင်းနိုင်ငံတွေမှာ အာဏာရှင်အစိုးရတွေရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင် တော်လှန်လာကြတာကို အားကျပြီး ၂၀၁၁ ခုနှစ် မတ်လမှာ ဆီးရီးယားနိုင်ငံတောင်ပိုင်း ဒီရားမြို့မှာ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
ဆန္ဒပြသူတွေကို ဆီးရီးယားအစိုးရက လူသေကြေကြရတဲ့အထိ အင်အားသုံး ချေမှုန်းခဲ့တဲ့အခါ သမ္မတ အာဆတ် နုတ်ထွက်ပေးဖို့ နိုင်ငံတဝန်း တောင်းဆိုဆန္ဒပြမှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။
ကန့်ကွက်ဆန္ဒပြမှုတွေ နေရာအနှံ့ ပျံ့နှံ့လာတာနဲ့အမျှ ဖိနှိပ် ချေမှုန်းမှုတွေကိုလည်း ပိုတိုးလုပ်လာခဲ့ပါတယ်။ အတိုက်အခံတွေကို အားပေး ထောက်ခံသူတွေက လက်နက်ကိုင်စွဲလာခဲ့ကြပါတယ်။ ပထမတော့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ဒေသတွေမှာ ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ရှင်းလင်းဖို့ လုပ်လာခဲ့ကြပါတယ်။ သမ္မတ အာဆတ်က ဒီဆန့်ကျင်ဆန္ဒပြမှုတွေဟာ တိုင်းတပါးက အားပေးအားမြှောက်နေတဲ့ အကြမ်းဖက်မှု ဖြစ်တယ်လို့ ဆိုပြီး အပြီးသတ် ချေမှုန်းပစ်ဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ တမဟုတ်ချင်း မြင့်တက်လာခဲ့ရာကနေ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် အဖြစ် ပြောင်းသွားခဲ့ပါတယ်။
လက်နက်ကိုင်အုပ်စုတွေ ရာပေါင်းများစွာ ပေါ်ထွက်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ ဒီပဋိပက္ခကြီးက ဆီးရီးယား အချင်းအချင်းကြား တိုက်ခိုက်မှု ဒါမှမဟုတ် သမ္မတအာဆတ်ကို ဆန့်ကျင်တိုက်ခိုက်မှုထက် ပိုတဲ့ ပဋိပက္ခကြီး ဖြစ်လာခဲ့ပါတယ်။
လက်နက်ကိုင် အုပ်စုတွေဘက်ကနေ အင်အားကြီးနိုင်ငံတွေလည်း ပါလာကြပြီး ငွေကြေး၊ လက်နက်နဲ့ လူအား ထောက်ပံ့တာတွေ လုပ်လာကြပါတယ်။
ဒီလိုအခြေအနေတွေ ကသောင်းကနင်း ပိုဆိုးလာချိန်မှာ IS အစ္စလာမစ်နိုင်ငံအဖွဲ့နဲ့ အယ်လ်ကိုင်ဒါ တို့လို ဂျီဟာ့ဒ်ဝါဒီ အစွန်းရောက် အဖွဲ့တွေကလည်း သူတို့ ရည်ရွယ်ချက်နဲ့ သူတို့ ဒီပဋိပက္ခကြီးထဲ ဝင်ပါလာကြပါတယ်။
ဒါဟာ တကယ့် ခြိမ်းခြောက်မှုအန္တရာယ်ကြီး တစ်ခုဖြစ်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ ရှုမြင်ခဲ့ကြပြီး စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်နေကြတဲ့ ဆီးရီးယားက ကာ့ဒ် လူမျိုးတွေကလည်း သမ္မတအာဆတ်ရဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာမျိုး အရင်က မလုပ်ခဲ့ကြပေမဲ့ ဒီပဋိပက္ခထဲမှာ ပုံစံတစ်မျိုးနဲ့ ဝင်ပါလာခဲ့ကြပါတယ်။

ဒီစစ်ပွဲမှာ လူဘယ်နှစ်ယောက် အသက်ဆုံးခဲ့ရသလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
၂၀၂၁ ခုနှစ် ဇွန်လအထိ သေဆုံးသူပေါင်း၄၉၄,၄၃၈ ဦး ရှိတယ်လို့ မှတ်တမ်း ပြုစုထားပါတယ်။ အနည်းဆုံး အရပ်သား ၁၅၉,၇၇၄ ဦး သေဆုံးခဲ့ပြီး အများစုဟာ ဆီးရီးယား အစိုးရနဲ့ သူ့ရဲ့ မဟာမိတ်တပ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစစ်ပွဲကြောင့် သေဆုံးခဲ့ရသူ တကယ့်အရေအတွက်ဟာ ခြောက်သိန်း ခြောက် ထောင်လောက် ရှိမယ်လို့ SOHR အဖွဲ့က ခန့်မှန်းခဲ့ပြီး အရပ်သား လေးသောင်း ခုနစ်ထောင်လောက်ဟာ အစိုးရ အကျဉ်းထောင်တွေထဲမှာ ညှင်းပန်း နှိပ်စက်ခံရပြီး သေဆုံးသွားခဲ့တာလို့ ယူဆရကြောင်းနဲ့ ၂၀၁၁ ခုနှစ် မတ်လကနေ ၂၀၂၁ ခုနှစ် မတ်လအတွင်း အရပ်သားတွေနဲ့ လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေ အနည်းဆုံး ၃၅၀,၂၀၉ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက အတည်ပြု ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ် သေဆုံးတဲ့သူ အရေအတွက်ထက် ပိုနည်းနိုင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၂၆,၇၂၇ ဦးဟာ အမျိုးသမီးတွေဖြစ်ပြီး ၂၇,၁၀၆ ဦးဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ မီရှဲလ် ဘက်ချ်လက်က ပြောပါတယ်။
ဆီးရီးယားက လက်တွေ့အခြေအနေတွေအကြောင်း အနီးကပ်စောင့်ကြည့်နေတဲ့ ယူကေအခြေစိုက် SOHR လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ငါးသောင်း သုံးထောင်နီးပါးလောက် ကို အချက်အလက် မပြည့်စုံမှုကြောင့် မှတ်တမ်းမတင်နိုင်သေးဘူးလို့ ပြောပါတယ်။
နိုင်ငံတဝန်းက တက်ကြွလှုပ်ရှားသူတွေထံက ရတဲ့ သတင်းအချက်အလက်တွေကို စုဆောင်း မှတ်တမ်းတင်နေတဲ့ Violations Documentation Center စောင့်ကြည့်လေ့လာရေးအဖွဲ့ကလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အထိ အရပ်သား တစ်သိန်း လေးသောင်း လေးထောင် ကိုးရာ ငါးဆယ့်ခြောက်ဦးအပါအဝင် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူပေါင်း နှစ်သိန်း သုံးသောင်း ရှစ်ထောင် ခုနှစ်ရာ တဆယ့်ခြောက်ဦး ရှိတယ်လို့ မှတ်တမ်းပြုစုထားပါတယ်။
အဲဒီထဲက သေဆုံးသူ တစ်သိန်း ခြောက်သောင်း ငါးထောင် လေးရာ့ ကိုးဆယ် ဟာ ဆီးရီးယားအစိုးရတပ်ဖွဲ့က ဖြစ်ပြီး သုံးသောင်း ငါးထောင် ခြောက်ရာ့ တစ်ဆယ်ဟာ အတိုက်အခံတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်သူတွေ ပါဝင်ပတ်သက်ခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယားစစ်ပွဲအတွင်း ဆီးရီးယားအစိုးရကို အဓိက ထောက်ခံခဲ့ကြသူတွေက ရုရှားနဲ့ အီရန်တို့ ဖြစ်ပြီး တူရကီ၊ အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေက အတိုက်အခံတွေအပေါ် ပမာဏ အနည်းအများ မူတည်ပြီး အားပေး ကူညီခဲ့ကြပါတယ်။
စစ်ပွဲမတိုင်ခင်က ဆီးရီးယားမှာ စစ်စခန်းတွေ ရှိခဲ့တဲ့ ရုရှားက ၂၀၁၅ ခုနှစ်မှာ သမ္မတအာဆတ်ကို စစ်ကူတဲ့ လေကြောင်း စစ်ဆင်မှုတစ်ခု လုပ်ခဲ့တဲ့အတွက် ဆီးရီးယား အစိုးရတပ်ဖွဲ့တွေဖက်က စစ်ရေးအသာရတဲ့ဖက်ကို ပြောင်းသွားခဲ့တာပါ။
ရုရှားစစ်တပ်ကတော့ သူတို့က အကြမ်းဖက်သမားတွေကိုပဲ ပစ်မှတ်ထား တိုက်တာလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အရေးပါတဲ့ လက်နက်ကိုင်တွေနဲ့ အရပ်သားတွေကို ရုရှားစစ်တပ်က မပြတ် တိုက်ခိုက်သတ်ဖြတ်နေတယ်လို့ အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။
အီရန်ကလည်း သမ္မတ အာဆတ်ကို စစ်ကူပေးဖို့ တပ်ဖွဲ့ဝင် ရာပေါင်းများစွာ စေလွှတ်ပေးခဲ့ပြီး ဒေါ်လာ ဘီလျံပေါင်းများစွာ သုံးခဲ့တယ်လို့ ယူဆရပါတယ်။
ရှီအာမွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေက အင်အား ထောင်ပေါင်းများစွာကို အီရန်က လက်နက်၊ သင်တန်းနဲ့ ငွေကြေးအကူအညီတွေ ပေးခဲ့ပြီး အများစုက လက်ဘနွန်က ဟဇ်ဘိုလာတပ်ဖွဲ့က လူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတို့ကလည်း ဆီးရီးယားအစိုးရတပ်ဖက်ကနေ တိုက်ပေးခဲ့ကြပါတယ်။
အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့က အလယ်အလတ် သဘောထားရှိတယ်လို့ သူတို့ ယူဆတဲ့ လက်နက်ကိုင်အုပ်စုတွေကို အစပိုင်းမှာ ထောက်ပံ့ကူညီခဲ့ကြပါတယ်။
ဒါပေမဲ့ လက်နက်ကိုင် အတိုက်အခံတပ်ဖွဲ့တွေထဲမှာ ဂျီဟာ့ဒ်ဝါဒီတွေ ကြီးစိုးလာခဲ့ချိန်ကစလို့ လက်နက်နဲ့ စစ်ရေးမဟုတ်တဲ့ အထောက်အပံ့မျိုးတွေကိုပဲ ဦးစားပေး ကူညီခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ IS လက်နက်ကိုင်တွေ သိမ်းထားတဲ့ နယ်မြေကို Syrian Democratic Forces (SDF) လို့ခေါ်တဲ့ ကာ့ဒ်စ်နဲ့ အာရပ် မဟာမိတ်လက်နက်ကိုင်အဖွဲ့က ပြန်ရအောင် ကူတိုက်ပေးဖို့နဲ့ ဂျီဟာ့ဒ်ဝါဒီ အုပ်စု ပြန်အင်အားတောင့်လာနေတာကို တားဆီးဖို့အတွက် အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာတဝန်းက မဟာမိတ်တပ်ဖွဲ့တွေက ၂၀၁၄ ခုနှစ်ကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီး ဆီးရီးယားကို အထူးတပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။
တူရကီက အတိုက်အခံ လက်နက်ကိုင်တွေကို အဓိက အကူအညီပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ SDF အဖွဲ့ထဲမှာ YPG ကာ့ဒ်လက်နက်ကိုင်တွေ ကြီးစိုးလာနေတာကို တားဆီးဖို့အတွက် လက်နက်ကိုင်သူပုန်အဖွဲ့တွေကို အသုံးချရေးကိုသာ အဓိက အာရုံစိုက်နေတာ ဖြစ်ပါတယ်။ YPG ကာ့ဒ်တပ်ဖွဲ့ဝင်တွေဟာ တူရကီနိုင်ငံမှာ မတရားသင်း ကြေညာထားတဲ့ ကာ့ဒ်သူပုန်အဖွဲ့တဖွဲ့ရဲ့ အဖွဲ့ခွဲ ဖြစ်တယ်လို့ တူရကီအစိုးရက စွပ်စွဲနေတာပါ။
တူရကီတပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်လက်နက်ကိုင်တွေက ဆီးရီးယားနိုင်ငံရဲ့ မြောက်ပိုင်းနယ်စပ် တလျှောက်က နယ်မြေတွေ အတော်များများကို သိမ်းယူနိုင်ခဲ့ပြီး အတိုက်အခံတွေရဲ့ နောက်ဆုံးထိန်းချုပ်ရာ အစ်ဒလစ်မြို့ကို အစိုးရတပ်တွေက အသေအကြေ ထိုးစစ်ဆင်နေတာကို ကြားဖြတ်တားဆီးပေးခဲ့ပါတယ်။
အီရန်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ စိတ်ဆန္ဒ ပြင်းထန်နေတဲ့ ဆော်ဒီအာရေဗျက ဆီးရီးယားစစ်ပွဲအစမှာ အတိုက်အခံ လက်နက်ကိုင်တွေကို လက်နက်နဲ့ ငွေကြေး ထောက်ပံ့ခဲ့သလို ဆော်ဒီအာရေဗျရဲ့ ရန်ဘက် ပင်လယ်ကွေ့နိုင်ငံ ကာတာကလည်း အလားတူ ထောက်ပံ့ခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ အစ္စရေးက ဆီးရီးယားမှာ အီရန်က စစ်ရေး ခြေကုပ်ယူလာနေတာကို အကြီးအကျယ် စိုးရိမ်မိတယ်လို့ ဆိုပြီး ဟဇ်ဘိုလာအဖွဲ့နဲ့ တခြား ရှီအာလက်နက်ကိုင်အဖွဲ့တွေဆီ အီရန်က လက်နက်တွေ သင်္ဘောနဲ့ တင်ပို့နေတာတွေကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အကြိမ်ကြိမ် တိုးလုပ်လာခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, AFP
၁၁ နှစ်ကြာ စစ်ပွဲကြောင့် ဆီးရီးယားပြည်သူတွေ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ကြရပါတယ်။ စစ်မဖြစ်ခင်က ရှိခဲ့တဲ့ လူဦးရေ ၂၂ သန်းထဲက တစ်ဝက်ကျော်လောက် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။
လူ ၆ သန်း ၉ သိန်းလောက်က ဆီးရီးယားနိုင်ငံထဲမှာပဲ စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြပြီး အဲဒီထဲက ၂ သန်းကျော်ဟာ အခြေခံဝန်ဆောင်မှုတွေ အကန့်အသတ်သာ ရတဲ့ ယာယီ တဲစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။
ကျန်တဲ့ ၆ သန်း ၈ သိန်းလောက်ကတော့ ပြည်ပကို ထွက်ပြေးသွားခဲ့ကြပြီး ဒုက္ခသည်အဖြစ် ခိုလှုံနေကြသလို တချို့လည်း ခိုလှုံခွင့် တောင်းခံထားကြပါတယ်။
ပြည်ပကို ထွက်ပြေးလာကြသူတွေထဲက ဒုက္ခသည် ၈၀ ရာခိုင်နှုန်းကို အိမ်နီးချင်း လက်ဘနွန်၊ ဂျော်ဒန်နဲ့ တူရကီနိုင်ငံတွေက လက်ခံထားကြပါတယ်။ ဒါဟာ လက်ရှိသမိုင်းမှာ အကြီးမားဆုံး ဒုက္ခသည်ရွှေ့ပြောင်း ဝင်ရောက်လာမှုကြီး တစ်ခုဖြစ်ပြီး အဲဒီနိုင်ငံတွေအနေနဲ့ မနိုင်ဝန်ထမ်းနိုင်ဖို့ မနည်း ကြိုးစားနေကြရပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရောက်တဲ့အချိန်မှာ ဆီးရီးယားနိုင်ငံထဲက လူ ၁၄ သန်း ၆ သိန်းဟာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီထဲမှာ ၅ သန်းဟာ အလွန်အမင်း ဒုက္ခရောက်နေကြပြီး ကပ်ဘေးဒုက္ခသည်တွေလို အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
လူ ၁၂ သန်းကျော်ဟာ နေ့စဉ် အစားမှန်မှန် စားနိုင်ဖို့ မနည်းရုန်းကန်နေရပြီး ဒါဟာ ၂၀၁၉ ခုနှစ်ကစလို့ ၅၁ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။ ဒါ့အပြင် ကလေးငယ် ၅ သိန်းလောက်ဟာလည်း အာဟာရ ချို့ယွင်းမှုဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ လက်ဘနွန်နိုင်ငံမှာ ဖြစ်နေတဲ့ စီးပွားရေး အကြပ်အတည်းနဲ့ ကိုဗစ် ကပ်ရောဂါဘေး စတာတွေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း မကြုံစဖူး စီးပွားရေး ကျဆင်းမှုကြီး ဖြစ်ခဲ့ပြီး လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပိုလိုအပ်လာခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံသုံး ငွေကြေးက ၂၀၂၁ ခုနှစ်မှာ ၈၀ ရာခိုင်နှုန်း တန်ဖိုးကျသွားခဲ့ပြီး ၂၀၂၂ ခုနှစ်အစမှာ ၁၄၀ ရာခိုင်နှုန်းလောက်အထိ ဖြစ်သွားခဲ့တဲ့ ငွေကြေးဖောင်းပွမှုကြောင့် အခြေခံကုန်ပစ္စည်းတွေရဲ့ စျေးနှုန်းတွေက အကြီးအကျယ် မြင့်တက်သွားခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုနှုန်းကလည်း မကြုံစဖူး ၉၀ ရာခိုင်နှုန်းထိ ရောက်သွားခဲ့ပါတယ်။
ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းဒေသမှာ ကိုဗစ်ရောဂါဒဏ်ကို အဆိုးဆုံး ခံခဲ့ရတဲ့ နိုင်ငံတွေထဲက တစ်ခု ဖြစ်ပါတယ်။ ရောဂါရှိမရှိ ဆေးစစ်ဖို့ အကန့်အသတ်နဲ့ပဲ လုပ်နိုင်တာရယ်၊ ကျန်းမာရေးစနစ်ကြီး ယိုယွင်းနေတာရယ်ကြောင့် တကယ့် ရောဂါကူးစက်မှုနှုန်း အတိအကျကိုတော့ အသေအချာ မသိရပါဘူး။
လူဦးရေရဲ့ ၇ ဒဿမ ၄ ရာခိုင်နှုန်းကပဲ ကာကွယ်ဆေး အပြည့်ထိုးထားပြီး ဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လအထိ ကိုဗစ်ရောဂါနဲ့ သေဆုံးသူပေါင်း ၃၁၀၀ ကျော် ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။
နိုင်ငံတဝန်းမှာ လူနေရပ်ကွက်တွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပြိုပျက်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ အစိုးရက ပြန်မသိမ်းယူနိုင်ခင် အလက်ပိုမြို့ တစ်မြို့တည်းမှာတင် အဆောက်အအုံပေါင်း ၃၅၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ် ဆိုတာကို ကုလသမဂ္ဂ ဂြိုဟ်တု ပုံရိပ်တွေမှာ တွေ့ရပါတယ်။
တိုက်ခိုက်မှုတွေ မလုပ်သင့်ဘူးလို့ သတ်မှတ်ထားတဲ့ကြားက ၂၀၂၁ ခုနှစ် မတ်လအထိ ဆေးဘက်ဆိုင်ရာ အဆောက်အဦ အနည်းဆုံး ၃၅၀ လောက် ၅၉၉ ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ဆေးဝန်ထမ်း ၉၃၀ သေဆုံးခဲ့ရတယ် ဆိုတာကို ဆရာဝန်များ လူ့အခွင့်အရေးအဖွဲ့ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
ဆီးရီးယားအစိုးရနဲ့ ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်လို့ ဆိုတဲ့ ဒီလို တိုက်ခိုက်မှုမျိုးတွေကြောင့် ဆီးရီးယားနိုင်ငံက ဆေးရုံတွေရဲ့ တစ်ဝက်လောက်ကပဲ အပြည့်အဝ လုပ်ငန်းလည်ပတ်နိုင်ပါတော့တယ်။
ဆီးရီးယားရဲ့ ယဉ်ကျေးမှု အမွေအနှစ် အတော်များများလည်း ထိခိုက် ပျက်စီးသွားခဲ့ပါပြီ။ ပါလ်မီရာ မြို့ဟောင်းက နေရာတချို့ကို IS လက်နက်ကိုင်တွေက တမင်ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ကြပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ထားတဲ့ နေရာ ၆ ခုစလုံး အခုအခါ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီစစ်ပွဲမှာ ပါဝင်ခဲ့သူအားလုံးဟာ အမိုက်မဲဆုံး ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူတွေက စွပ်စွဲထားပါတယ်။
လူနေ ထူထပ်တဲ့ နေရာတွေကို ဝေဟင်ကနေ ဗုံးကြဲချတာ၊ ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်တာ၊ မြို့တွေကို ဝိုင်းထားပြီး အစာရေစာနဲ့ အခြေခံလိုအပ်ချက်တွေကို တမင် ဖြတ်တောက်ထားတာမျိုးတွေကို ဆီးရီးယားပြည်သူတွေ ခံခဲ့ကြရကြောင်းနဲ့ လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေးအကူအညီတွေကို ကန့်သတ် ပိတ်ပင်တာမျိုးတွေ ရှိခဲ့ကြောင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဆီးရီးယားကို အခု ဘယ်သူ ထိန်းချုပ်ထားသလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယားရဲ့ အကြီးဆုံး မြို့ကြီးတွေကို အခုအခါ အစိုးရက ပြန်ထိန်းချုပ်ထားလိုက်နိုင်ပါပြီ။ ဒါပေမဲ့ နိုင်ငံရဲ့ နေရာ အတော်များများ ကိုတော့ ခုချိန်ထိ လက်နက်ကိုင်သူပုန်တွေ၊ ဂျီဟာ့ဒ်ဝါဒီ လက်နက်ကိုင်တွေ၊ ကာ့ဒ်တွေ ဦးဆောင်တဲ့ SDF မဟာမိတ်တပ်ဖွဲ့ တို့က ထိန်းချုပ်ထားဆဲပါ။ ရှေ့တန်းစစ်မျက်နှာပြင်မှာ အပြောင်းအလဲ မရှိတာ နှစ်နှစ် ရှိသွားပါပြီ။
အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ နောက်ဆုံးကျန်တဲ့ နေရာက နိုင်ငံအနောက်မြောက်ပိုင်း အစ်ဒလစ်ပြည်နယ်နဲ့ အတူ အဲဒီနဲ့ ဆက်စပ်နေတဲ့ မြောက်ပိုင်း ဟာမာနဲ့ အနောက်ပိုင်း အလက်ပို ပြည်နယ်တွေ က နေရာတချို့ ဖြစ်ပါတယ်။
အဲဒီနေရာကို ဟာယက် တာရီယာ အယ်လ် ရှမ် (HTS) လို့ခေါ်တဲ့ ဂျီဟာ့ဒ်ဝါဒီ မဟာမိတ်တပ်ဖွဲ့တစ်ဖွဲ့က ကြီးစိုးထားတာ ဖြစ်ပေမဲ့ အဓိက အတိုက်အခံ လက်နက်ကိုင်သူပုန်တွေ အခြေစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။ ကလေးငယ် တစ်သန်းအပါအ၀င် ရွှေ့ပြောင်း ဒုက္ခသည် ၂ သန်း ၈ သိန်းလောက် အဲဒီမှာ ခိုလှုံနေထိုင်နေကြပြီး အတော်များများဟာ ဒုက္ခသည်စခန်းတွေမှာ ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။


အစ်ဒလစ်ပြည်နယ်ကို ပြန်သိမ်းပိုက်နိုင်ဖို့ ဆီးရီးယားအစိုးရက အတင်းထိုးစစ်ဆင်နေတာကို ဟန့်တားဖို့အတွက် အပစ်အခတ် ရပ်စဲရေး သဘောတူချက်တစ်ခု ရရေးကို ၂၀၂၀ မတ်လမှာ ရုရှားနဲ့ တူရကီတို့က ကြားဝင်ညှိနှိုင်းပေးခဲ့ပါတယ်။ အဲဒီ သဘောတူချက် ကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အချိန်အခိုက်အတန့်တစ်ခုအရ ရပ်တန့်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ ရင်ဆိုင်တိုက်ခိုက်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်ပစ်ခတ်မှုတွေက အထူးသဖြင့် အစ်ဒလစ်ပြည်နယ်တောင်ပိုင်းမှာ ပိုတိုးလာခဲ့ပါတယ်။
နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာတော့ ဆီးရီးယားနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက် ကာ့ဒ် YPG လက်နက်ကိုင်တွေ ကင်းစင်ရာ လုံခြုံတဲ့ နယ်မြေဇုန်တစ်ခု ဖန်တီးနိုင်ဖို့ တူရကီတပ်ဖွဲ့တွေနဲ့ မဟာမိတ် ဆီးရီးယားလက်နက်ကိုင် သူပုန်တွေက ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ SDF တပ်ဖွဲ့ဝင်တွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှု တစ်ခု လုပ်ခဲ့ကြပြီး ကီလိုမီတာ ၁၂၀ လောက်ကို သိမ်းပိုက်ခဲ့ကြပါတယ်။
အဲဒီ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ဟန့်တားဖို့ SDF မဟာမိတ်အဖွဲ့က ဆီးရီးယားအစိုးရနဲ့ အပေးအယူ သဘောတူချက်တစ်ခု လုပ်ခဲ့ပါတယ်။ ဒီသဘောတူချက်အရ ဆီးရီးယား အစိုးရတပ်က ကာ့ဒ်တွေ အုပ်ချုပ်တဲ့ ဒေသကို ၇ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြန်ခြေချလာခဲ့ကြပါတယ်။ ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ကြားက စစ်မြေပြင်တလျှောက်မှာ SDF တပ်ဖွဲ့တွေနဲ့ တူရကီဦးဆောင်တဲ့ တပ်ဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ အမြဲလိုလို ဖြစ်ပွားနေပါတယ်။
IS မြေအောက်အဖွဲ့တွေကလည်း လူသေဆုံးမှုတွေ ဖြစ်စေတဲ့ တိုက်ခိုက်မှုတွေကို မကြာခဏဆိုသလို ဆက်လုပ်နေကြပါတယ်။

ဆီးရီးယားစစ်ပွဲက အဆုံးသတ်မယ့်ပုံမျိုး ရှိသလား

ဓာတ်ပုံ ရင်းမြစ်, AFP
လောလောဆယ် ပြီးမယ့်ပုံတော့ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုတယ် ဆိုတာကိုတော့ အားလုံးက သဘောပေါက်ထားကြပါတယ်။
အပြန်အလှန် သဘောတူမှုကို အခြေခံပြီး ကြားဖြတ် အစိုးရအဖွဲ့တစ်ခုဖွဲ့နိုင်ရေး ဆိုတဲ့ ၂၀၂၁ ခုနှစ် ဂျီနီဗာ ကြေညာချက်ကို အကောင်အထည် ဖော်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။
Geneva II လို့ အများသိကြတဲ့ အစီအစဉ်အရ ကုလသမဂ္ဂ ကြားဝင်ဆောင်ရွက်ပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၉ ကြိမ် လုပ်ခဲ့ပေမဲ့ ဘယ်လို သဘောတူချက်ပဲချုပ်ချုပ် သမ္မတအာဆတ် ရာထူးကနေ နုတ်ထွက်ပေးရမယ် ဆိုတဲ့ အချက် ပါကို ပါရမယ်လို့ အခိုင်အမာ တောင်းဆိုနေကြတဲ့ နိုင်ငံရေး အတိုက်အခံအုပ်စုတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ သမ္မတအာဆတ်ဘက်က လိုလိုလားလား သိပ်မရှိလှတာကြောင့် ဆွေးနွေးပွဲတွေက တိုးတက်ဖြစ်ထွန်းမှု တစ်စုံတရာ မရခဲ့ပါဘူး။
ရုရှား၊ အီရန်နဲ့ တူရီတို့က လည်း ၂၀၁၇ ခုနှစ်မှာ Astana ငြိမ်းချမ်းရေးအစီအစဉ်လို့ အများသိကြတဲ့ စင်ပြိုင် နိုင်ငံရေး ဆွေးနွေးပွဲတွေကို စီစဉ် ကျင်းပပေးခဲ့ကြပါတယ်။
အဲဒီနောက် တစ်နှစ်အကြာမှာတော့ ကုလသမဂ္ဂက ကြီးကြပ် ကျင်းပပေးမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာအောင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု ရေးဆွဲဖို့ အတွက် အဖွဲ့ဝင် ၁၅၀ ပါ ကော်မတီတစ်ခု ဖွဲ့စည်းရေး သဘောတူချက် ရခဲ့ပါတယ်။ ဘုံလမ်းကြောင်းတစ်ခု ရနိုင်ဖို့ ခုချိန်ထိ ကော်မတီဝင်တွေ ခုချိန်ထိ မဆောင်ရွက်နိုင်သေးတာဟာ အကြီးအကျယ် စိတ်ပျက်စရာ ကောင်းတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂေယာ ပက်ဒါဆန်က ထုတ်ဖော်ပြောခဲ့အပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ နောက်ဆုံးအကျော့ ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။
ဆီးရီးယားစစ်ပွဲ ဖြစ်နေတာ ၁၂ နှစ်ထဲ ဝင်လာပြီဖြစ်တဲ့ အခုချိန်မှာပဲ မစ္စတာ ပက်ဒါဆန်က "စစ်ရေးနည်းနဲ့ ဖြေရှင်းတာက မှားယွင်းတဲ့ အယူအဆ ဖြစ်တယ်" "ဖြစ်ချင်တဲ့ ဆန္ဒသာ ရှိရင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ အကောင်းဆုံးပဲ" ဆိုတာကို အခိုင်အမာ တိုက်တွန်းထားပါတယ်။








