ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တေလာဆွစ်ဖ် - စင်ကာပူဖျော်ဖြေပွဲ လက်မှတ်ရဖို့ ကြိုးပမ်းကြတဲ့ အာရှပရိသတ်
ပေါ့ပ် စတား တေလာဆွစ်ဖ် ရဲ့ အာရှခရီးစဥ် ဖျော်ဖြေပွဲအတွက် ဇူလိုင် ၇ ရက် သောကြာနေ့မှာ ထိုင်ခုံလက်မှတ် ၃ သိန်း ၃သောင်း အတွက် သန်းနဲ့ချီတဲ့ အရှေ့တောင်အာရှ က ဆွစ်ဖ်ရဲ့ အမာခံပရိသတ်တွေကြား လက်မှတ်ရရေး အကြိတ်အနယ်ဖြစ်နေပါတယ်။
ထိုင်ခုံနေရာပေါ်မူတည်ပြီး အများဆုံး အမေရိကန်ဒေါ်လာ ၃၅၀ ကနေ ဒေါ်လာ ၁၀၀ ကျော် အထိရှိပါတယ်။ ပေါ့ပ်စတားရဲ့ အာရှဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ် မတ်လ မှ စင်ကာပူနိုင်ငံ မှာ ၆ ပွဲ ကျင်းပမှာဖြစ်ပါတယ်။
အမာခံပရိသတ် တွေက ဒီပွဲအတွက် စိတ်လှုပ်ရှားနေကြပြီး လက်မှတ်ရနိုင်ဖို့ သူတို့ရဲ့ အလုပ်တွေနဲ့ ကျောင်းတွေကို ဖျက်ပြီး လူတန်းရှည်ကြီးကိုသတ်မှတ်ထားတဲ့ စင်ကာပူက စာတိုက်နေရာတွေမှာ တန်းစီစောင့်ဆိုင်းဝယ်ယူကြတာပါ။
တေလာဆွစ်ဖ် ရဲ့ အချစ်ရေးကိုဖော်ကျူးထားတဲ့ Wildest Dreams သီချင်းကို တေလာဆွစ်ဖ် ကိုယ်တိုင် ဖျော်ဖြေနေတာကို ကိုယ်တိုင်ကိုယ်ကျကြည့်ရှုခံစားချင်တဲ့ အမာခံပရိသတ်တွေရဲ့ အိမ်မက်တွေ အမှန်တကယ်ဖြစ်လာတာပါ။ ဒါကြောင့်ပဲ လက်မှတ်ရဖို့အတွက် သတ်မှတ်စာတိုက်တွေနဲ့ အွန်လိုင်းမှာပါ ဦးတဲ့သူရကြေး အလုအယက် အကြိတ်အနယ်ဝယ်ကြရတဲ့ အခြေအနေပါ။
တေလာဆွစ်ဖ် ဟာ စင်ကာပူအပြင် သူ့ရဲ့ ၂၀၂၄ အာရှ ရှိုးပွဲကို ဂျပန် နဲ့ သြစတြေးလျတို့မှာ ဖျော်ဖြေမှာပါ။ ဒါပေမဲ့ အရှေ့နဲ့ အရှေ့တောင်အာရှ ရဲ့ တခြားဘယ်နေရာတွေမှာမှ မဖျော်ဖြေတော့ပါဘူး။ ဆွစ်ဖ် ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ "Swifties" တွေက အဲဒီမှာ အများအပြားကို ရှိနေတာပါ။
စင်္ကာပူ၊ အင်ဒိုနီးရှားမြို့တော် ဂျကာတာ နဲ့ ဖိလစ်ပိုင်နိုင်ငံ ရဲ့ လူဦးရေ အထူထပ်ဆုံးမြို့ Quezon တို့ဟာ ဆွစ်ဖ် ရဲ့ တေးသီချင်းတွေကို အမြင့်ဆုံးအားပေးတဲ့ ဒေသတွေလို့ ကမ္ဘာကျော် တေးသီချင်းအက်ပလီကေးရှင်း Spotify ရဲ့ စစ်တမ်းအရသိရပါတယ်။
အာရှပရိသတ်တွေအတွက် စင်ကာပူလို ဆိုက်ရောက်ဗီဇာရပြီး လေယာဥ်လက်မှတ်ကုန်ကျစရိတ်သက်သာတဲ့ နိုင်ငံမှာ ကျင်းပတာဟာ သူတို့ ဆွစ်ဖ်ရဲ့ ပွဲကို လက်လှမ်းမီဖို့ အားသာချက်ဖြစ်ခဲ့ပါတယ်။
စင်ကာပူဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ခေတ်မီ စနစ်ကျတဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပွဲတွေကျင်းပဖို့ ကောင်းတဲ့ အခြေခံအဆောက်အဦတွေ ရှိနေတာက ကမ္ဘာကျော်တေးသံရှင်တွေနဲ့ ဂီတဖျော်ဖြေပွဲကြီးတွေအတွက် ရေပန်းစားတဲ့ ဒေသဖြစ်လာပါတယ်။
အသက် ၁၈ နှစ် အရွယ် ကီရန်တီရို နဲ့ ကန်နက်လင်း တို့က ပထမဆုံးလက်မှတ်ရခဲ့တဲ့သူတွေပါ။
"ငါတို့ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ အကြာကြီးစောင့်ရတာ" လို့ကန်နက်က ပြုံးပြီးပြောပါတယ်။ သူတို့ က ဒီလက်မှတ်ကို ရဖို့ ၃၁ နာရီ ကြာစောင့်ခဲ့ရတာပါ။
စင်ကာပူနိုင်ငံ United Overseas Bank (UOB) ရဲ့ ကတ်ကိုင်ဆောင်ထားသူတွေအတွက် သီးသန့်ပြုလုပ်တဲ့ အွန်လိုင်းကနေ ဝယ်ယူရတဲ့ အကြိုလက်မှတ်ရောင်းချပေးတဲ့ အခြေအနေမှာဆိုရင် ပရိသတ်တစ်သန်းကျော် အွန်လိုင်းကနေ ဝင်ရောက်ဝယ်ယူခဲ့ပါတယ်။
ဒါ့ကြောင့်ပဲ ရက်သတ္တပတ်အတွင်း UOB ရဲ့ ကတ်အသုံးပြုမှုမြင့်တက်လာပါတယ်။
ဂျကာတာ မှာ အလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် အက်ဂ်နီယာဟာ တေလာဆွစ်ဖ်ကို ကြည့်ဖို့ စင်ကာပူကိုသွားမှာပါ။ ၂၀၁၅ ခုနှစ်ကတော့ ဒီလိုအခွင့်အရေးရှိပေမဲ့ ကျောင်းသားဘတ်ဂျက် ကနေ ကြည့်ဖို့မဖြစ်နိုင်လို့ သူလက်လွတ်ခဲ့ရပါတယ်။ အခုတော့ အွန်လိုင်းကနေ လက်မှတ်ဝယ်နိုင်ခဲ့ပါပြီ။ အက်ဂ်နီယာ ကတော့ ဒီတစ်ကြိမ်မှာ သူအဲဒီနေရာမှာရှိနေရမယ့်အတွက် ပီတိဖြစ်နေပါတယ်။
" ကျွန်မ နေ့စဉ်နားထောင်နေတဲ့ သီချင်းတွေကို တိုက်ရိုက်ကြားရမှာက ရေးမပြနိုင်တဲ့ ခံစားချက်တစ်ခုပါ။" လို့ပြောပါတယ်။
တချိန်တည်းမှာပဲ တရုတ်က ဆွစ်ဖ် ရဲ့ အမာခံပရိသတ်တွေက အသည်းကွဲနေကြပါပြီ။ တရုတ်မှာ ၃ ကြိမ် ဖျော်ဖြေပွဲလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ကနောက်ဆုံးဖြစ်ပါတယ်။ တရုတ်ရဲ့ လူမှုကွန်ရက်တခုဖြစ်တဲ့ ဝီဘို မှာတော့ "China plz!!! '' ဆိုတဲ့ စာသားကရေပန်းအစားဆုံး မှတ်ချက်ဖြစ်နေပါတယ်။
နောက်ထပ်မှတ်ချက်ကတော့ အာရှမှာ တေလာဆွစ်ဖ် ရဲ့ နောက်ထပ် ဖျော်ဖြေပွဲ ၁၀ ပွဲအတွက် တိုက်ပွဲဝင်နေကြတယ်။ အာရှမှာ များများ လုပ်ပါ။ '' တရုတ်ကိုလည်းထည့်ပါ''