ရခိုင်စစ်ပွဲတစ်နှစ်ပြည့်ချိန် အေအေ သိမ်းထားတဲ့မြို့တွေ

ရခိုင်တစ်ကျော့ပြန် တိုက်ပွဲဟာ ၂၀၂၄ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။

ဒီတစ်နှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ ခုထဲက မြို့နယ် ၁၀ ခုအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကိုပါ စစ်ကောင်စီက လက်လွှတ်ပေးခဲ့ရပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်ကို ဆက်ထိန်းချုပ်နိုင်ဖို့ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံ သုံးပြီး ခုခံနေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်သူတွေ ထိခိုက် သေဆုံးမှုတွေ ရှိသလို နှစ်ဖက်တပ်တွေရဲ့ ထိခိုက် ကျဆုံးမှုတွေကလည်း တရားဝင် မထုတ်ပြန်ကြပေမဲ့ အလွန်များပြားတယ်ဆိုတာ ဘီဘီစီက စုံစမ်းသိရှိထားရပါတယ်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ ရှမ်းပြည်မြောက်ပိုင်းကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့တစ်ဆက်တစ်စပ်တည်း နိုဝင်ဘာ ၁၃ မှာ ပေါ်လာတဲ့ ရခိုင်တစ်ကျော့ပြန်စစ်ပွဲ တစ်နှစ်အတွင်း တိုက်ပွဲမဖြစ်သေးဘဲ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားနိုင်တဲ့မြို့ဆိုလို့ ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ပဲ ကျန်ရှိပါတော့တယ်။

ရခိုင်က မြို့နယ် ၁၀ ခုကိုလက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ ပြည်နယ်မြောက်ပိုင်း နယ်စပ်က မောင်တောမြို့၊ အလယ်ပိုင်းက အမ်းမြို့နဲ့ တောင်ပိုင်း အစွန်ဆုံးက ဂွမြို့နယ်တွေမှာ အေအေထိုးစစ်တွေကို ခုခံနေရပါတယ်။

မြို့တွေကို အေအေဘယ်လို သိမ်းခဲ့သလဲ

ချင်းပြည်နယ်ထဲက ပလက်ဝမြို့ပြီးရင် ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့တွေကို တစ်မြို့ပြီး တစ်မြို့ အေအေက သိမ်းပိုက်ခဲ့ပါတယ်။

အေအေက သိမ်းပိုက်ထားတဲ့နယ်မြေတွေအားလုံးကိုကြည့်ရင် မြို့တွေကိုကွက်ပြီး သိမ်းပိုက်ထားတာမျိုးမဟုတ်ဘဲ မြို့နယ်တစ်ခုချင်းစီမှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေ တစ်ခုမကျန်အောင် တိုက်ခိုက်သိမ်းပိုက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီ တပ်စခန်းတွေကို အဆင့်ဆင့် တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။

အေအေဘက်ကလည်း သူတို့သိမ်းပိုက်တဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေကင်းစင်အောင် တိုက်ခိုက်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

ရဲကင်း၊ ကာကင်း၊ ဗျူဟာစခန်းကြီးတွေနဲ့ ရှေ့တန်းနယ်မြေလှုပ်ရှားတပ်ဖွဲ့တွေ အားလုံးကို တိုက်ခိုက်ပြီးမှ အခြေစိုက်တပ်ရင်း၊ တပ်မ၊ ဗျူဟာဌာနချုပ်တွေကို တိုက်ခိုက်ပြီး မြို့ကိုသိမ်းတာ ဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ စစ်ကောင်စီဟာ သူတို့ ဆုတ်ခွာလာခဲ့ရတဲ့ မြို့တွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ဆိုတာ အတော်ခဲယဉ်းတဲ့ သဘောမှာ ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

လက်တွေ့မှာလည်း စစ်ကောင်စီဟာ သူတို့စွန့်လွှတ်ပေးခဲ့ရတဲ့ မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ မလုပ်နိုင်တော့ဘဲ လေကြောင်းကနေ လာရောက်ပစ်ခတ်တာတွေလောက်ကိုပဲ ပြုလုပ်နေတာတွေ့ ရပါတယ်။

အခုဆို မြို့နယ် ၁၇ ခုနဲ့ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်မှာ အေအေက ၁၀ မြို့နယ်ကို ထိန်းချုပ်ထားပြီး ကျန်တဲ့ ၇ မြို့နယ်အနက် တောင်ကုတ်၊ မောင်တောနဲ့ အမ်းမှာတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်နဲ့ ဂွမြို့ ကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်နေပြီး အေအေ မသိမ်းနိုင်ဘဲ ကျန်နေသေးတဲ့မြို့တွေက တိုက်ပွဲတွေကို လေ့လာကြည့်ရင် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) သာရှိတဲ့ မောင်တောမြို့၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့နဲ့ချိတ်ဆက်နေတဲ့ ဂွမြို့၊ စစ်ကောင်စီအတွက် ဂုဏ်သိက္ခာအရရော စစ်ရေးနဲ့အုပ်ချုပ်ရေးအရပါ အရေးပါတဲ့ ပြည်နယ်မြို့တော် စစ်တွေနဲ့ တိုင်းစစ်ဌာနချုပ်အခြေစိုက် အမ်းမြို့တိုက်ပွဲတွေ ဖြစ်ပါတယ်။

လနဲ့ချီ ကြာနေတဲ့ မောင်တောတိုက်ပွဲ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့ဆယ်နဲ့ချီရှိတဲ့ အမ်းမြို့နယ်ထဲက နေရာအများစုကို အေအေတပ်တွေဟာ တိုက်ပွဲတစ်လမပြည့်ခင် ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်က မောင်တောမြို့ကိုတော့ အေအေ ထိုးစစ် လနဲ့ချီ ရှိလာတာတောင် ထိန်းချုပ်နိုင်တာ မရှိသေးပါဘူး။

၂၀၂၄ ဖေဖော်ဝါရီ ၄ ရက်က စခဲ့တဲ့ မောင်တောတိုက်ပွဲမှာ နယ်စပ်ခြံစည်းရိုးအနီးက တောင်ပြိုလက်ဝဲမြို့ကို စတင်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်ပိုင်း တိုက်ပွဲတွေက တစ်စတစ်စနဲ့ ကျယ်ပြန့်လာခဲ့တာပါ။

မေလ ၁၈ ရက်နေ့ စစ်ကောင်စီက ဘူးသီးတောင်မြို့ကို လက်လွှတ်ခဲ့ရပြီး မကြာခင်မှာပဲ မောင်တောမြို့နယ်ထဲက တပ်စခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံလိုက်ရပါတယ်။ ဒါပေမဲ့ နယ်ခြားစောင့်ရဲတပ်ရင်းတစ်ခုပဲ ကြီးကြီးမားရှိတဲ့မောင်တောကို ၈ လာကြာတဲ့အထိ အေအေက မထိန်းချုပ်နိုင်သေးပါဘူး။

ဒါဟာ စစ်ကောင်စီဘက်က ရဲ၊ စစ်တပ်နဲ့ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတပ်တွေ စုပေါင်းပြီး အင်အားအများအပြားနဲ့ မြို့တွင်းတိုက်ပွဲတွေမှာ ခုခံတိုက်ခိုက်နေတာကြောင့်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ နခခ-၅ ကို အေအေက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မြေပြင်သတင်းရင်းမြစ်တွေကတော့ နခခ-၅ အနီးဝန်းကျင်တွေမှာ ပစ်ခတ်သံတွေကို ကြားနေရဆဲဖြစ်တယ်လို့ပြောပြီး အေအေဘက်ကလည်း တရားဝင် သတင်းမထုတ်သေးပါဘူး။

ခံစစ်အခိုင်အမာပြင်ထားတဲ့ မြို့တော်စစ်တွေ

ရခိုင်ပြည်နယ်ရဲ့ ပထဝီအနေအထားဟာ ပင်လယ်ကမ်းရိုးတန်နဲ့ တောင်တန်းဒေသတွေပါ ဆက်စပ်တည်ရှိနေတာကြောင့် မြို့နယ် ၁၇ ခု တည်ရှိမှုအနေအထားကိုကြည့်ရင် မြောက်ပိုင်း ၁၀ မြို့နယ်၊ တောင်ပိုင်း ၆ မြို့နယ်နဲ့ အလယ်ပိုင်း ၁ မြို့နယ်ဆိုပြီး ခွဲခြားပြောလေ့ရှိပါတယ်။

ရခိုင်မြောက်ပိုင်းဟာ မြေပြန့်လွင်ပြင်ကျယ်ပြန့်သလို တောင်ပိုင်းဟာ ပင်လယ်နဲ့ရိုးမကြားက ကမ်းမြောင်ဒေသတစ်ခု ဖြစ်ပါတယ်။ ပင်လယ်ကမ်းရိုးတန်းမြို့တွေထဲက တစ်မြို့ဖြစ်တဲ့ မြို့တော်စစ်တွေဟာ လက်ရှိအချိန်ထိ စစ်ကောင်စီ ထိန်းချုပ် ထားဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေထဲ မာန်အောင်မြို့လည်းပါဝင်ပါတယ်။ မာန်မောင်မြို့ဟာ ဘယ်မြို့နယ်နဲ့မှ ဆက်စပ်နေခြင်းမရှိဘဲ ရမ်းဗြဲကျွန်းရဲ့အနောက်ဘက် ဘင်္ဂလားပင်လယ်အော် အတွင်းမှာတည်ရှိပြီး ၆ မိုင် ဝန်းကျင်သာကွာဝေးတဲ့ ပင်လယ်ကျွန်းမြို့ဖြစ်ပါတယ်။

စစ်တွေမြို့ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာရှိပြီး လက်ရှိ အေအေထိန်းချုပ်ထားတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေနဲ့ အနီးဝန်းကျင်မြို့တစ်မြို့ဖြစ်ပါတယ်။ အရင်တုန်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိခဲ့တဲ့မြို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ထားပြီး တပ်ရင်း ဌာနချုပ် ပေါင်း ၁၀ ခု အထက်ရှိနိုင်ပါတယ်။

ရဲတပ်ရင်းနှစ်ခုရှိပြီး အစိုးရအဖွဲ့ အခြေစိုက်ထားသလို စစ်ကောင်စီရဲ့ လုံခြုံရေးအင်အား အတောင့် တင်းဆုံး မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အခု မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့ကာလတွေအတွင်းမှာလည်း စစ်ကောင်စီအင်အားတွေကို ပိုမိုဖြည့်တင်းထားသလိုပဲ ခံစစ်စည်းတွေကိုလည်း အထပ်ထပ်ပြင်ဆင်ထားတာ တွေ့နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“စစ်တွေကတော့ စစ်ကောင်စီဘက်က အခိုင်မာဆုံးပြင်ဆင်ထားတယ်လို့ ပြောရမှာပေါ့နော်။ မြို့တွင်းမှာရော မြို့ပြင်မှာရောပေါ့။ လက်နက်ကြီးစခန်းတွေ တည်ဆောက်တာ၊ ကင်းစခန်းတွေတိုးချဲ့တာတွေအများကြီးပဲ။ ပုံစံမျိုးစုံနဲ့တော့ ပြင်ဆင်ထားတာ တွေ့ရတယ်။ ဒါပေမဲ့ တကယ်လို့စစ်ပွဲတွေ ဝင်လာလို့ရှိရင်တော့ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ပေးခဲ့ရတာချည်းပဲလေ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လတ်တလောအခြေအနေမှာတော့ စစ်တွေမြို့ကို အေအေတပ်ဖွဲ့တွေ အလွယ်တကူ ဝင်ရောက်မလာနိုင်ဖို့နဲ့ စစ်ရေး အဟန့်အတား ဖြစ်စေမယ့် အစီအမံတွေကို စစ်ကောင်စီက ပြင်ဆင်နေတာတွေ့ရပါတယ်။ စစ်တွေမြို့ရဲ့ ရေလမ်းထွက်ပေါက်နေရာတွေမှာ သံဆူးကြိုးတွေနဲ့ ခြံစည်းရုံးကာရံတာတွေကိုလည်း ပြုလုပ်နေပါတယ်။

စစ်တပ်ဧရိယာတွေနဲ့ မြို့အဝင်အထွက်နေရာတွေမှာ မြေမြှုပ်မိုင်းတွေထောင်ထားသလို အဓိကတံတားတွေကိုလည်း ချိုးဖျက်ထားတာတွေ တွေ့ရပါတယ်။ ဒကစ အနီးဝန်းကျင်နေရာတွေဖြစ်သလို မေယုမြစ်ဝနဲ့ ကြွီတဲမြစ်တစ်လျှောက်က ကျေးရွာပေါင်း ၁၂ ရွာခန့်နဲ့ မြို့ဆင်ခြေဖုံးကျေးရွာတွေကိုလည်း လူတွေနေထိုင်ခွင့်မပြုတော့ဘဲ စစ်တွေမြို့တွင်းကို ပြောင်းရွှေ့ထားပြီး အဲဒီနေရာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။

စစ်ကောင်စီတပ်တွေ အဝိုင်းခံထားရတဲ့ နပခဌာနချုပ် အမ်းမြို့

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ရခိုင်ပြည်နယ်စစ်ဆင်ရေးအတွက် စစ်ကောင်စီတပ်တွေကို အမိန့်ညွှန်ကြားချက်တွေပေးနေတဲ့နေရာ ဖြစ်ပါတယ်။ တပ်ရင်းအမြောက်အမြားနဲ့ ဖွဲ့စည်းထားတဲ့ စစ်တိုင်းဌာနချုပ်တစ်ခုလည်း ဖြစ်ပါတယ်။

အမ်းမြို့နယ်ထဲက ဗျူဟာစခန်းကြီးတစ်ခုဖြစ်တဲ့ တောဟိန်းတောင်စခန်းကို ၂၀၂၄ ဇွန်လ ၂၃ ရက်နေ့မှာ အေအေတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီစခန်းကို ဧပြီ ၁၅ ရက်နေ့က စတင်ထိုးစစ်ဆင်ပြီး နှစ်လကျော်အကြာမှာ သိမ်းပိုက်ရရှိခဲ့တာပါ။

တောဟိန်းတောင်စခန်းဟာ နပခရဲ့ ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းတစ်ခုဖြစ်သလို အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) လက်အောက်ခံစခန်းတစ်ခုလည်း ဖြစ်ပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာတော့ နပခ ဌာနချုပ်တည်ရှိတဲ့နေရာနဲ့ အနီးဆုံးနေရာတွေထိ အေအေရဲ့ထိုးစစ်တွေ ရောက်ရှိလာခဲ့ပြီး နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။

“အမ်းရဲ့အခြေအနေက ရှင်းရှင်းပြောရရင် ဘာမှလုပ်လို့မရတော့ဘူး။ အဝိုင်းခံထားရတာကြာပြီ။ အခုလထဲမှာတော့ တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာတယ်။ လက်နက်ကြီးတွေလည်း အဆက်မပြတ် ပစ်ခတ်နေတယ်။ ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်း ရှိနေတယ်။ နပခနဲ့ အနီးအနားပတ်ဝန်းကျင်နေရာတွေထိ အေအေက ဝင်တိုက်နေတာ”လို့ အမ်းမြို့ခံတစ်ဦးက ပြောပါတယ်။

အမ်းမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ ပြည်မကိုဆက်သွယ်ထားတဲ့ အဓိက ကုန်းလမ်းမကြီးတွေဖြစ်တဲ့ အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်းနဲ့ ဂွ-ငသိုင်းချောင်းလမ်းတွေနဲ့ လက်လှမ်းမီတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ အမ်းမြို့နယ်ထဲ လုံးကျေးရွာအနီး စကခ ၅ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၄၆ နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ကြပါတယ်။

အဲဒီနောက် အမ်းမြို့နယ်အတွင်း တိုက်ပွဲတွေ ကြိုကြားကြိုကြားရှိနေခဲ့ပြီး မတ်လအတွင်းမှာတော့ မကွေးတိုင်း ငဖဲမြို့နယ်ထိ တိုက်ပွဲတွေ ကျယ်ပြန်ခဲ့ပါတယ်။

ဧပြီ ၂ ရက်နေ့မှာတော့ ရိုးမတောင်ကြားလမ်းပိုင်းဖြစ်တဲ့ အမ်း-ပဒါန်းလမ်းကို အာရက္ခတပ်တော် အေအေဘက်က အကန့် အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။ အနောက်ဘက်မှာ မြေပုံမြို့၊ တောင်ဘက်မှာ တပ်တောင်မြို့နဲ့ မအီမြို့တွေကို အေအေက သိမ်းပိုက်ထားပြီး အရှေ့ဘက်မှာ ရိုးမတောင်ကျော်လမ်းကို ထပ်မံထိန်းချုပ်လိုက်ချိန်မှာတော့ အမ်းမြို့နယ် တစ်ခုလုံးဟာ ပိတ်ဆို့ခံထားရတဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

လက်ရှိမှာတော့ နပခ တစ်ခုလုံးကို အေအေက မြေပြင်ထိုးစစ်တွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေပြီး စစ်ရေးအတွက် အရေးပါတဲ့ အမ်းလေဆိပ်ကို စစ်တပ်ဘက်က အသုံးပြုလို့မရတော့တဲ့အနေအထားထိ ရောက်ရှိလာခဲ့ပါတယ်။

အမ်း က စစ်တပ်အကြီးအကဲတွေ နေရာရွှေ့ပြောင်းကြသလို အမ်းတိုက်ပွဲကို နပခက အမိန့်ပေးညွှန်ကြားနိုင်တဲ့ အခြေအနေတောင် မရှိတော့ဘူးလို့ ပြောဆိုကြပါတယ်။

နပခ ဌာနချုပ်ထဲကို စစ်ကူနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေလာပို့တဲ့ စစ်ရဟတ်ယာဉ်တွေကို အေအေတပ်ဖွဲ့တွေက ပစ်ခတ်တဲ့အတွက် ရဟတ်ယာဉ်တွေ ထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်တပ်တွေ ဆိုင်ထားတဲ့ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူ

ဓညဝတီရေတပ်ဌာနချုပ်ရှိတဲ့ ကျောက်ဖြူမြို့နယ်အတွင်းက ခြေလျင်တပ်ရင်း ခလရ ၃၄/ခမရ ၅၄၂-၅၄၃/ရဲတပ်ရင်း ၃၂/ဓညဝတီဌာနချုပ်တို့ အခြေစိုက်ထားတာပါ။

မြို့ပေါ်နဲ့ ဝေးတဲ့နေရာတွေမှာ တိုက်ပွဲတွေ ကြိုကြားကြိုကြားရှိနေတတ်ပြီး စနဲမြို့အနီးဝန်းကျင်နဲ့ ဓညဝတီ ရေတပ်အနီး ဝန်းကျင်နေရာတွေမှာ ဖြစ်ပွားနေပါတယ်။

ဓညဝတီရေတပ်ဌာနချုပ်ကိုလည်း အေအေတပ်ဖွဲ့တွေက မကြာခဏ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ပွဲတွေဖြစ်ပွားလာဖို့ အားယူနေတဲ့အခြေအနေလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

ဒါပေမဲ့ တရုတ်စီမံကိန်းကြီးတွေ တည်ရှိပြီး တရုတ်ဩဇာလွှမ်းမိုးမှုတွေ ရှိနေတဲ့အတွက် ကျောက်ဖြူမြို့က တိုက်ပွဲတွေမဖြစ်နိုင်သေးဘူးဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

အနီးပတ်ဝန်းကျင်မြို့တွေ ကို တစ်မြို့ပြီးတစ်မြို့လက်လွှတ်လာရပြီး နပခ ဌာနချုပ်ထိ တိုက်ခိုက်ခံနေရပေမဲ့ စစ်ကောင်စီတပ်တွေဟာ ကျောက်ဖြူမြို့ကို စစ်အင်အားတိုးချဲ့ချထားတာတွေနဲ့ စစ်ရေးပြင်ဆင်တာတွေ ရှိလာနေပါတယ်။

ရခိုင်က ဆုံးရှုံးနယ်မြေတွေ စစ်ကောင်စီ ပြန်ရနိုင်သလား

ရှမ်းမြောက်နဲ့ ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်နေချိန် တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတဲ့ ဟိုင်ဂင်ဆွေးနွေးပွဲတွေလည်း လက်ရှိမှာ ရပ်ဆိုင်းနေသလို နှစ်ဖက်တပ်တွေအကြား ညှိနှိုင်းလို့ရနိုင်မယ့်အခြေအနေမရှိ ဖြစ်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီက အေအေ အပါအဝင် မြောက်ပိုင်းသုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေးအရဖြေရှင်းဖို့ သူ့ကိုတိုက်ခိုက်နေတဲ့အဖွဲ့တွေ လက်နက်စွန့်၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ စစ်ကောင်စီက ကမ်းလှမ်းထားပါတယ်။ ဒါပေမဲ့ အေအေကတော့ ဒီကမ်းလှမ်းချက်ကို မှတ်ချက်ပြုပြောကြားတာ မရှိပါဘူး။

အခုလို မြို့တွေကို သိမ်းပိုက်ခံလာရတဲ့အချိန် ဖေဖော်ဝါရီလလောက်ကတည်းက စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ စစ်သားအင်အား စုဆောင်းတာတွေကို စတင်လုပ်ဆောင်လာခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးမွတ်ဆလင် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ခေါ်ယူပြီး စစ်သင်တန်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စစ်တွေမြို့နယ်ထဲက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စစ်သင်တန်းပေးဖို့ ခေါ်ယူခဲ့ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့က ရိုဟင်ဂျာတွေ၊ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ARSA/ARA/RSO (ရိုဟင်ဂျာလက်နက်ကိုင်တပ်များ) အဖွဲ့တွေရဲ့ အကူအညီနဲ့ အင်အားအများအပြား စုဆောင်းပြီး လက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသရပ်ရွာလူထုက သူတို့လုံခြုံရေးအတွက်အကူအညီတောင်းခံလာတာကို တပ်မတော်က ကူညီဆောင်ရွက်ပေးတာသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

“စိန်ခေါ်မှုတွေက အများကြီးပါပဲ။ ဒါပေမဲ့ စစ်ပွဲကာလမှာတော့ အဓိကအကျဆုံးက အသက်အန္တရာယ်လုံခြုံရေး၊ နောက် အငတ်ဘေး မဆိုက်ရေးပေါ့နော်။ ဒါတွေကတော့ အဓိကကျပါတယ်။ အသက်လောက်အရေးကြီးတာ ဘာမှမရှိပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ပြည်သူလူထုရဲ့ လုံခြုံရေးကို နံပါတ်တစ် ဦးစားပေးပြီးတော့မှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”လို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက လက်လွှတ်ဆုံးရှုံးရတဲ့မြို့တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက တုံ့ပြန်ချက်ရဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိသေးပါဘူး။

စစ်ကောင်စီအနေနဲ့ သူတို့ထိန်းချုပ်နယ်မြေတွေကို ကာကွယ်ခုခံနိုင်ဖို့ လိုအပ်နေတဲ့ စစ်သားအင်အားတွေကို ရတဲ့ နည်းလမ်းမျိုးစုံနဲ့ ဖြည့်တင်းခဲ့ပေမဲ့ နောက်ဆုံးလက်လွှတ်ခဲ့ရတဲ့ မြို့သာ ပိုတိုးလာခဲ့ပြီး အခုဆို ရှမ်းမြောက်လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပြီးရင် ဒုတိယမြောက် ဆုံးရှုံးရတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခု ထပ်ရှိမလာဖို့ အမ်းမြို့ကို အသည်းအသန် ခုခံကာကွယ်နေရတဲ့အခြေအနေ ဆိုက်ရောက်နေပါတယ်။