ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးတေဇရဲ့ ထူးက စစ်ကောင်စီလက်အောက်မှာ နှစ်ရှည်လုပ်ပိုင်ခွင့်တွေဆက်ရ
စစ်အာဏာသိမ်းပြီးတဲ့နောက် လူမြင်ကွင်းကနေပျောက်ကွယ်နေတဲ့ မြန်မာဘီလျံနာသူဌေးကြီး ဦးတေဇ ရဲ့ ထူးဂရုကုမ္ပဏီ က ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က အထင်ကရနေရာ ၁၀ နေရာထက်မနည်းမှာ နှစ်ရှည်စီးပွားရေးလုပ်ပိုင်ခွင့်တွေ ဆက်ရနေတာကို ဘီဘီစီက ရရှိထားတဲ့သစ်တောဦးစီးဌာနရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။
သစ်တောဦးစီးဌာန က စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေဆီကို ပေးပို့တဲ့ အဲဒီအစီရင်ခံစာမှာ နှစ်ရှည်/နှစ်တိုအလိုက် ပြည်တွင်းကကုမ္ပဏီတွေကို သစ်တောဌာနရဲ့ စီမံကိန်းတွေကို လုပ်ပိုင်ခွင့်ပေးထားတဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။
အဲဒီစာရင်းထဲမှာ ထူးကုမ္ပဏီက နှစ်ရှည်စီမံကိန်းကြီးတချို့ကို ရထားတာတွေ့ရပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၊ ဧက ၁,၅၀၀ ကျော်ကျယ်ဝန်းတဲ့ ရန်ကုန် လှော်ကားဥယျာဥ်၊ ပြင်ဦးလွင်က ဧက ၅၀၀ နီးပါးကျယ်ဝန်းတဲ့ အမျိုးသားကန်တော်ကြီးဥယျာဥ်နဲ့ နေပြည်တော်က ဆာဖာရီဥယျာဥ်တို့ ပါဝင်ပါတယ်။
သတ်မှတ်နှစ်အလိုက်လုပ်ပိုင်ခွင့် သက်တမ်းကုန်သွားတဲ့ စီမံကိန်းလုပ်ပိုင်ခွင့်တွေကိုလည်း စစ်ကောင်စီလက်ထက်မှာ ထူးကုမ္ပဏီက စာချုပ်သစ်တွေနဲ့ လုပ်ပိုင်ခွင့်ထပ်ရထားပါတယ်။
အသက် ၆၀ အရွယ် သူဌေးကြီး ဦးတေဇ ရဲ့ ထူးကုမ္ပဏီက နှစ်ရှည်လုပ်ပိုင်ခွင့် ရထားတဲ့ နေရာတွေဟာ ပြင်ပမြေငှားရမ်းခပေါက်စျေးတွေထက် အဆမတန်နည်းပါးနေတာကို တွေ့ရပါတယ်။
ထပ်တိုးလုပ်ပိုင်ခွင့်ရတဲ့ ထူးကုမ္ပဏီ
ဘီဘီစီကရရှိတဲ့ စာရွက်စာတမ်းတွေပါ အချက်အလက်တွေအရ နှစ်ရှည်လုပ်ပိုင်ခွင့် အများအပြားဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နအဖအစိုးရနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ အကူးအပြောင်းကာလတွေမှာ ချထားပေးခဲ့တာပါ။
၂၀၂၁ စစ်အာဏာသိမ်းတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီ ကလည်း သက်တမ်းကုန်သွားတဲ့လုပ်ပိုင်ခွင့်တွေကို စာချုပ်သစ်နဲ့ ဆက်ပြီးသက်တမ်းတိုးပေးထားပါတယ်။
ရန်ကုန်တိရစ္ဆာန်ရုံ၊ မန္တလေးတိရစ္ဆာန်ရုံ (ရတနာပုံ)၊ နေပြည်တော်တိရစ္ဆာန်ရုံ၊ နေပြည်တော်ဆာဖာရီဥယျာဥ်နဲ့ နေပြည်တော်နက္ခတ်တာရာပြခန်းတွေကို ထူးကုမ္ပဏီက ၂၀၁၁ ခုနှစ် ကစပြီး နှစ်ရှည်စီးပွားရေးလုပ်ပိုင်ခွင့် ရခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အဲဒီနေရာတွေကို နောက်ထပ် ၄ နှစ်အထိ (၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အထိ) လုပ်ပိုင်ခွင့် ဆက်ပေးထားပါတယ်။
တိရစ္ဆာန်ရုံ ၄ ရုံနဲ့ နက္ခတ်တာရာပြခန်းတစ်ခု အတွက် ၁၂ နှစ်စာ (၂၀၁၁-၂၀၂၃) မြေငှားရမ်းခအတွက် ကျပ် သိန်း ၁၉,၀၀၀ ကျော် သစ်တောဌာနကို ပေးသွင်းခဲ့တယ်လို့ ဘီဘီစီ က ရရှိထားတဲ့ သစ်တောဌာနရဲ့ ငွေစာရင်းရှင်းတမ်းတွေထဲမှာ ဖော်ပြထားပါတယ်။
၂၀၂၃ နောက်ပိုင်းမှာတော့ အဲဒီ နေရာ ၅ နေရာအတွက် ၂၀၂၃-၂၀၂၄ တစ်နှစ်စာ ငှားရမ်းခကို ၂၄၉၆ သိန်းနဲ့ ထူးကုမ္ပဏီနဲ့ စစ်ကောင်စီသစ်တောဌာနတို့ သဘောတူစာချုပ်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါ ၂၀၂၀-၂၀၂၁ ကာလအတွင်းမှာတော့ သစ်တောဌာနဟာ ထူးကုမ္ပဏီဆီကနေ ငှားရမ်းခမယူခဲ့တာကိုလည်း အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဝေလမင်းသားနဲ့ မင်းသမီးဖွင့်ပေးခဲ့တဲ့ ရန်ကုန်တိရစ္ဆာန်ရုံ ကို နှစ်ရှည်လုပ်ပိုင်ခွင့်ရထားသူ ဦးတေဇ
အင်္ဂလိပ်ကိုလိုနီခေတ်က အင်္ဂလန်ပြည် ဝေလမင်းသားနဲ့ မင်းသမီးတို့ (နောက်ပိုင်းမှာ ဗြိတိန်နိုင်ငံရဲ့ ပဥ္စမမြောက် ဂျော့ဘုရင်နဲ့ မေရီမိဖုရားကြီး ဖြစ်လာ) ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့တဲ့ ရန်ကုန်မြို့က နာမည်ကျော် ရန်ကုန်တိရစ္ဆာန်ရုံ (ယခင် ၀ိတိုရိယဘုရင်မ အထိမ်းအမှတ်ပန်းခြံ) ဟာ အခုအချိန်အထိ ရန်ကုန်က လူအများလည်ပတ်မှုအများဆုံး နေရာတစ်ခု အဖြစ်ရှိနေပါတယ်။
မြေ ၅၈ ဧကကျော်ကျယ်ဝန်းပြီး နို့တိုက်သတ္တဝါ၊ ကျေးငှက်နဲ့ တွားသွားသတ္တဝါတွေရဲ့ မျိုးစိတ်၊ မျိုးကွဲပေါင်းထောင်နဲ့ချီရှိတဲ့ ရန်ကုန်တိရစ္ဆာန်ရုံကို ကျပ်သိန်းပေါင်း ၈,၇၀၀ ကျော်နဲ့ ၁၂ နှစ်တာ (၂၀၁၁-၂၀၂၃) အထိ ထူး က လုပ်ပိုင်ခွင့်ရခဲ့ပါတယ်။
ဒီကိန်းဂဏန်းအရဆိုရင် ရန်ကုန်တိရစ္ဆာန်ရုံတစ်ခုလုံးအတွက် တစ်နှစ်ကို ကျပ် သိန်း ၇၀၀ ကျော်သာ ပေးသွင်းခဲ့ရတာဖြစ်ပါတယ်။ မြေအကျယ်အဝန်းနဲ့ တွက်ချက်ကြည့်ရင် မြေတစ်ဧကကို တစ်နှစ်လုံးအတွက် ကျပ် ၁၂ သိန်းစွန်းစွန်းပဲ ငှားရမ်းခ ပေးခဲ့ရတာပါ။
“ဒီလိုစျေးနဲ့ ဒီလုပ်ပိုင်ခွင့်မျိုးက သူတို့လို သူဌေးကြီးတွေပဲ ခေတ်အဆက်ဆက် ရခဲ့တာ။ တိရစ္ဆာန်ရုံဘေးနားက မြေငှားတဲ့စျေး၊ အခန်းငှားတဲ့စျေးနှုန်းတွေနဲ့ အဆမတန်ကို ကွာပါတယ်" လို့ ရန်ကုန်တိရစ္ဆာန်ရုံရှိတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို မှတ်ချက်ပေးပါတယ်။
ရန်ကုန်တိရစ္ဆာန်ရုံ နားမှာရှိတဲ့ ပေ ၅၀ × ပေ ၁၀၀ လုံးခြင်းအိမ်တစ်လုံးရဲ့ တစ်လငှားရမ်းခဟာ ၇၅ သိန်း ဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အိမ်ခြံမြေရောင်းဝယ်ငှား အကျိုးဆောင်ကုမ္ပဏီက ကြော်ငြာထားပါတယ်။
ရန်ကုန်မြို့ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲမှာ မြေ တစ်စတုရန်းပေကို ကျပ်ငွေ ၂ သိန်းကနေ ၂ သိန်းခွဲကြားမှာ အရောင်းအဝယ်ဖြစ်ကြတယ်လို့ ပြောပါတယ်။
ထူးကုမ္ပဏီနဲ့ စစ်ကောင်စီသစ်တောဌာနတို့ဟာ ၂၀၂၃-၂၄ တစ်နှစ်စာ ငှားရမ်းခကိုတော့ တစ်နှစ် ကျပ် ၁,၁၂၇ သိန်းနဲ့ ဆက်ပြီး သဘောတူညီခဲ့ကြပါတယ်။
ဘီဘီစီက ရရှိထားတဲ့ သစ်တောဦးစီးဌာနနဲ့ ထူးကုမ္ပဏီတို့သဘာတူချုပ်ဆိုထားတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး ထူးကုမ္ပဏီကို ဘီဘီစီက အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပေမဲ့ တစုံတရာတုံ့ပြန်ဖြေကြားတာ မရှိပါဘူး။
သူဌေးကြီးဦးတေဇဟာ ထူးသစ်ထုတ်လုပ်ရေးကုမ္ပဏီကို စထူထောင်ပြီး ကြီးပွားချမ်းသာလာတာဖြစ်လို့ သစ်တောဝန်ကြီးအဆက်ဆက်နဲ့ ထူးကုမ္ပဏီဟာ အကျိုးတူ ဆက်ဆံရေးရှိတယ်လို့ ဦးတေဇနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို မှတ်ချက်ပေးပါတယ်။
နာမည်ကျော် ထူးကုမ္ပဏီအပါအဝင် ကုမ္ပဏီပေါင်း ၃၀ ထက်မနည်းကို ဦးတေဇနဲ့ သူ့ရဲ့ မိသားစုဝင်တွေက ပိုင်ဆိုင်ထားပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူခံရသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။
နောက်ထပ်အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဧပြီ ကနေ ဇွန်လ အထိ ၃ လအတွင်း ရန်ကုန်တိရစ္ဆာန်ရုံရဲ့ ရုံ၀င်ကြေးက ကျပ် သိန်း ၄ ထောင်ကျော်ရှိခဲ့တယ်လို့ ငွေစာရင်းရှင်းတမ်းထဲမှာ တွေ့ရပါတယ်။
အဲဒီ ၃ လအတွင်း ရန်ကုန်တိရစ္ဆာန်ရုံကို မြန်မာနိုင်ငံသား ၁ သိန်းခွဲကျော်နဲ့ နိုင်ငံခြားသား ၅၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး ရုံ၀င်ကြေးအနေနဲ့ လူကြီး ၁,၀၀၀ ကျပ်၊ ကလေး ၅၀၀ ကျပ်သတ်မှတ်ထားတာပါ။
ရန်ကုန်တိရစ္ဆာန်ရုံဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ စျေးနှုန်းကတော့ ရုံ၀င်ကြေးအနေနဲ့ လူကြီး ၂,၅၀၀ ၊ ကလေး ၁,၅၀၀ နဲ့ နိုင်ငံခြားသား ၅,၀၀၀ ကနေ ၇,၀၀၀ ကြားရှိတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံခြားသားတွေကိုတော့ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ကောက်ခံခဲ့တယ်လို့ သစ်တောဌာန ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရန်ကုန်တိရစ္ဆာန်ရုံကို စီမံခန့်ခွဲဖို့ သစ်တောဌာနက ဒုတိယ ညွှန်ကြားရေးမှူးအဆင့်ရှိသူ ၁ ဦးကို တာဝန်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
“တိရစ္ဆာန်ရုံတွေထဲမှာ သစ်တောက ခန့်ထားတဲ့ ၀န်ထမ်းက ၂ ယောက် ၃ ယောက်ပဲ ရှိတော့တယ်။ ကျန်တာတွေက ကုမ္ပဏီရဲ့ဝန်ထမ်းတွေပဲ။ အဲဒီထဲမှာ ဆိုင်နေရာတွေရဲ့ အခန်းခတွေနဲ့ တိရစ္ဆာန်အစာရောင်းချလို့ရတဲ့ ငွေတွေ အကုန်လုံးကို ထူးကပဲ ရနေတာ” လို့ ရန်ကုန်တိရစ္ဆာန်ရုံထဲမှာ စားသောက်ဆိုင်ဖွင့်ခဲ့ဖူးသူ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
တစ်လငှားခ ၂၆ သိန်း ပဲကျတဲ့ နေပြည်တော်တိရစ္ဆာန်ရုံနဲ့ ဆာဖာရီဥယျာဉ်
ထူးကုမ္ပဏီဟာ နေပြည်တော် နက္ခတ်တာရာပြခန်း၊ မန္တလေးတိရစ္ဆာန်ရုံ(ရတနာပုံ)၊ နေပြည်တော်တိရစ္ဆာန်ရုံနဲ့ ဆာဖာရီဥယျာဉ်တွေကိုလည်း ရန်ကုန်တိရစ္ဆာန်ရုံ ပုံစံမျိုး နှစ်ရှည်စီးပွားရေးလုပ်ပိုင်ခွင့်တွေရခဲ့ပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေနဲ့ မန္တလေး နန်းတွင်း မြောက်ဘက်မှာရှိတဲ့ အဲဒီတိရစ္ဆာန်ရုံကို ၂၀၂၃-၂၄ တစ်နှစ်စာ အတွက် ကျပ် သိန်း ၅၀၀ ကျော်နဲ့ လုပ်ပိုင်ခွင့်ရခဲ့တာပါ။
ဘီဘီစီကရရှိတဲ့ အချက်အလက်အရ မန္တလေးတိရစ္ဆာန်ရုံကနေ ၂၀၂၃ ဧပြီ ကနေ ဇွန်လ အထိ ၃ လအတွင်းမှာပဲ ဂိတ်၀င်ကြေးတစ်ခုတည်းနဲ့တင် ကျပ် သိန်း ၂,၀၀၀ ထောင်ကျော် ပြန်ဝင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၂ နှစ် (၂၀၁၁-၂၀၂၃) စာ ငှားရမ်းခမှာဆိုရင် နေပြည်တော် နက္ခတ်တာရာပြခန်းအတွက် ကျပ် ၁,၂၅၅ သိန်း၊ မန္တလေးတိရစ္ဆာန်ရုံအတွက် ကျပ် ၄,၃၉၂ သိန်း၊ နေပြည်တော်တိရစ္ဆာန်ရုံနဲ့ ဆာဖာရီ ဥယျာဉ်အတွက် သိန်း ၂,၅၁၀ ကျပ် ပေးဆောင်ခဲ့ရပါတယ်။
ပြည်တွင်းပြည်ပ ငါးမျိုးစိတ်ပေါင်း ၄၄ မျိုးနဲ့ အကောင်ရေ ၄ ထောင်ကျော်ရှိတဲ့ ငါးပြတိုက် အပါအဝင် မြေဧရိယာ ၄၁၆ ဧက အကျယ်အဝန်းပေါ်မှာ နေပြည်တော်တိရစ္ဆာန်ရုံကို နိုင်ငံတကာအဆင့်မီ တည်ဆောက်ဖို့ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က သစ်တောဝန်ကြီးဌာနကို ညွှန်ကြားခဲ့တာပါ။
အဲဒီထဲမှာ တိရစ္ဆာန်ရုံမျိုးစိတ် ၈၉ မျိုးနဲ့ အကောင်ရေ ၆၀၀ ကျော်တို့အတွက် လှောင်အိမ်စနစ်၊ ကျုံးအတားအဆီးစနစ်၊ စင်္ကြံအမြင့်လျှောက်လမ်းစနစ်၊ စည်းရိုးအတားအဆီးစနစ်နဲ့ ငှက်လှောင်ရုံ တွေပါဝင်ပြီး ၂၀၀၈ ဧပြီ ၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
ဘီဘီစီက ရရှိတဲ့အချက်အလက်အရ ထူးကုမ္ပဏီဟာ နေပြည်တော်တိရစ္ဆာန်ရုံဖွင့်လှစ်ပြီး ၃ နှစ်အကြာမှာ တစ်နှစ်ကိုငှားရမ်းခ ၂၀၈ သိန်းနဲ့ သစ်တောဌာန ဆီကနေ ၁၂ နှစ် (၂၀၁၁-၂၀၂၃) စာ စီးပွားရေးလုပ်ကိုင်ခွင့်ရခဲ့ပါတယ်။
အဲဒီငှားရမ်းခဟာ မြေ ၄၁၆ ဧက ကျယ်တဲ့ နေပြည်တော်တိရစ္ဆာန်ရုံကြီးတစ်ခုလုံးအတွက်ဆိုရင် တစ်လငှားရမ်းခ ၁၇ သိန်းကျော်သာ ပေးသွင်းခဲ့ရတာမျိုးပါ။ ထူး ရဲ့ နေပြည်တော်တိရစ္ဆာန်ရုံ လုပ်ပိုင်ခွင့်ကိုတော့ အဲဒီအချိန်က ဦးသိန်းစိန် အစိုးရက ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
၂၀၂၃-၂၄ ခုနှစ်အတွက် နေပြည်တော်တိရစ္ဆာန်ရုံနဲ့ ဆာဖာရီဥယျာဥ်တွေ လုပ်ပိုင်ခွင့်ကို ထူးက ဆက်ရထားပြီး တစ်နှစ်အတွက် ငှားရမ်းခက တစ်နေရာစီ အတွက် ကျပ် ၃၂၂ သိန်းဖြစ်တာကို သစ်တောဌာနရဲ့ ငွေစာရင်းမှာဖော်ပြထားပါတယ်။
တစ်လချင်းအနေနဲ့ဆိုရင် တစ်နေရာအတွက် ငှားရမ်းခက ကျပ် ၂၆ သိန်းကျော် ပေးသွင်းရပါတယ်။
ဝင်ငွေကို ပြန်ကြည့်ရင် နေပြည်တော်တိရစ္ဆာန်ရုံကနေ ၂၀၂၃ ခုနှစ် ဧပြီကနေ ဇွန်လအထိ ၃ လအတွင်း ဂိတ်ဝင်ကြေး သိန်း ၇၅၀ နီးပါးပြန်ဝင်ခဲ့သလို ဆာဖာရီဥယျာဥ်ကနေလည်း ဂိတ်ဝင်ကြေး သိန်း ၂၈၀ ကျော် ပြန်ရခဲ့ပါတယ်။
ဒီနေရာမှာ တိရစ္ဆာန်ရုံအဆောက်အဦ ထိန်းသိမ်းမှုလုပ်ငန်း၊ တိရစ္ဆာန်တစ်ကောင်ချင်းစီ ရဲ့ ကျန်းမာရေးနဲ့ နေ့စဥ်စားသောက်မှုကုန်ကျစရိတ်၊ ဝန်ထမ်းတွေရဲ့ လုပ်ခလစာတွေလည်းထည့်တွက်ရမယ်လို့ တိရစ္ဆာန်ရုံတွေကို စီမံခန့်ခွဲမှုကိုသိထားတဲ့ သတင်းရင်းမြစ်တစ်ဦးက ရှင်းပြပါတယ်။
''တိရစ္ဆာန်ရုံလုပ်ပိုင်ခွင့်ကတော့ ငွေတန်ဖိုးနည်းတာ ရှိနိုင်တယ်။ ဒါပေမဲ့ နေ့စဥ်ကုန်ကျစရိတ်ကလည်းရှိနေမယ်။ တိရစ္ဆာန်ရုံမြေကကျတော့ ဒီထဲမှာ အစာဆိုင်တွေ၊ စားသောက်ဆိုင်တွေ ကလေးအရုပ်ဆိုင်တွေ ဖွင့်ခွင့်ပေးနိုင်တာကလွဲလို့ တခြားစီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်ခွင့်မရှိဘူး။ အဲဒီတော့ သူ့ဘက်မှာလည်း ကိုက် မကိုက်ဆိုတာ ရှိနိုင်တယ်။ ဒါပေမဲ့လုပ်ပိုင်ခွင့်ရထားတဲ့နှုန်းထားတွေကတော့ နိုင်ငံတော်ကရတာ အတော်နည်းပါတယ်'' လို့ သူက မှတ်ချက်ပြုပါတယ်။
ထူးကုမ္ပဏီက လုပ်ကိုင်ခွင့်ရခဲ့တဲ့ နက္ခတ်တာရာပြခန်းနဲ့ တိရစ္ဆာန်ရုံ ၄ ရုံရဲ့ လည်ပတ်ကုန်ကျစရိတ်နဲ့ ဘီဘီစီက ရရှိထားထဲ သစ်တောဌာနရဲ့ လျှို့ဝှက်ငွေစာရင်းရှင်းတမ်းတွေကို တိုက်ဆိုင်စစ်ဆေးပြီး အရှုံး/အမြတ် အခြေအနေကိုလည်း ဘီဘီစီက ထူးကုမ္ပဏီကို အီးမေးလ်နဲ့ပို့ထားတဲ့မေးခွန်းထဲ ထည့်မေးထားပါတယ်။
ဒါပေမဲ့ ဒီဆောင်းပါးထုတ်တဲ့အထိ အကြောင်းပြန်ဖြေကြားတာမျိုးမရသေးပါဘူး။
ဘီဘီစီက ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ ထူးကုမ္ပဏီရုံးချုပ် တယ်လီဖုန်းနံပါတ်ကို အခုဆောင်းပါးမထုတ်ခင်အထိ ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဖုန်းကိုင်တာမရှိခဲ့ပါဘူး။
ဘီလျံနာ သူဌေးကြီးတွေတက်တဲ့ ပန်းမြို့တော် က မင်္ဂလာပွဲ
ဦးတေဇပိုင် ထူးကုမ္ပဏီဟာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာရှိတဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်နဲ့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွေကိုလည်း နှစ်ရှည်စီးပွားရေးလုပ်ကိုင်ခွင့်တွေ ရထားပါသေးတယ်။
ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်က မြေဧက ၄၀၀ ကျော်ကျယ်တဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်ကို ၂၀၁၀ ခုနှစ်ကနေစပြီး ၁၅ နှစ်စာ လုပ်ပိုင်ခွင့်ရခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၅ ခုနှစ်အထိ ဒီနေရာ ၂ ခုကို စီမံလုပ်ပိုင်ခွင့် ရထားတာဖြစ်ပါတယ်။
ပြင်ဦးလွင်ကန်တော်ကြီး ပထမ ၃ နှစ်စာ ငှားရမ်းခအတွက် တစ်နှစ်ကို သိန်း ၆၀၀ ကျော်နဲ့ ထူးကုမ္ပဏီ နဲ့ သစ်တောဦးစီးဌာနတို့ သဘောတူညီထားပါတယ်။
ဒါဟာ တစ်လငှားရမ်းခကျပ် သိန်း ၅၀ ကျော် နဲ့ လုပ်ပိုင်ခွင့်ရခဲ့တာဖြစ်ပြီး နောက်ပိုင်းနှစ်တွေအတွက် ငှားရမ်းခနှုန်းထားတွေကိုတော့ သစ်တောဌာနရဲ့ အစီရင်ခံစာထဲမှာ မတွေ့ရပါဘူး။
“သစ်တောက ဆိုင်သာဆိုင်တယ် မပိုင်တော့ဘူးလေ။ အဲဒီ ရာနဲ့ချီကျယ်တဲ့မြေထဲမှာ ရှိတဲ့ အရာအားလုံးကို ထူးကုမ္ပဏီ က စီမံခန့်ခွင့်ရသွားတာ။ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းကထင်တယ် ကန်တော်ကြီးထဲမှာ ရေမရှိတော့တဲ့အထိ ဖြစ်သွားတယ်။ အဲဒီတော့မှ သစ်တောဘက်ကို အကြောင်းကြားတာ ကွင်းဆင်းကြည့်ပေးခဲ့ရတယ်” လို့ အမည်မဖော်လိုတဲ့ သစ်တောအရာရှိဟောင်း တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
သူဌေးကြီး ဦးတေဇဟာ သူရဲ့သားကြီး လက်ရှိထူးကုမ္ပဏီများအုပ်စုရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်တဲ့ ကိုပြည့်ဖြိုးတေဇ ရဲ့ မင်္ဂလာပွဲကို ဧက ၄၀၀ ကျော် ကျယ်ဝန်းတဲ့ ပြင်ဦးလွင်ကန်တော်ကြီးဥယျာဥ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ကျင်းပခဲ့ပါတယ်။
အဲဒီ မင်္ဂလာပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ကြီးမင်္ဂလာအခမ်းအနားပြင်ဆင်တဲ့ ကုမ္ပဏီကို ပြင်ဦးလွင်ကို အရောက်ခေါ်ခဲ့ပြီး ထောင်နဲ့ချီတဲ့ပန်းပွင့်တွေနဲ့ အလှဆင်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းရှင်ကြီးတွေအပါအဝင် ထိပ်တန်း ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
ထူးကုမ္ပဏီဟာ ပြင်ဦးလွင်ကန်တော်ကြီးဥယျာဥ်မြေနဲ့ တစ်ဆက်တည်း ရှိတဲ့ အမျိုးသားအထိမ်း အမှတ်ဥယျာဉ်ကိုလည်း တစ်နှစ်ငှားရမ်းခ ကျပ် သိန်း ၁၇၀ ကျော် နဲ့ ၁၅ နှစ်စာ စီးပွားရေးလုပ်ကိုင်ခွင့် ရထားပါတယ်။
ဒါအပြင် ထူးကုမ္ပဏီဟာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ နာမည်ကျော် ပုပ္ပါးတောင်ဥယျာဉ် ကို တစ်နှစ် သိန်း ၆၀၀ ကျော်နဲ့ ၁၅ နှစ် လုပ်ကိုင်ခွင့်ရထားပြီး သစ်တောဌာန နဲ့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနေရာပေါ်မှာ ထူးကုမ္ပဏီက ရေကူးကန်ပါ ပုပ္ပါးတောင်ရီဆော့ဟိုတယ် ကို ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ အောက်တိုဘာလအတွင်း တစ်ညတာ တည်းခိုစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄၀ ကနေ ၁၂၅ ဒေါ်လာ အထိရှိတယ်လို့ ဟိုတယ်ရဲ့အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အလားတူ ဦးတေဇဟာ ရန်ကုန်မြို့နဲ့ မိုင် ၂၀ အကွာ မင်္ဂလာဒုံမြို့နယ်ထဲက ဧက ၁,၅၀၀ ကျော်ကျယ်တဲ့ လှော်ကားဥယျာဥ်ကြီးကိုလည်း တစ်နှစ် သိန်း ၃၀၀ ကျော်နဲ့ ၁၅ နှစ် လုပ်ပိုင်ခွင့်ရထားပါတယ်။
လှော်ကားဘေးမဲ့ဥယျာဥ်ရဲ့ ဝင်ကြေးကို ကလေး ၁၂၀၀ ကျပ်နဲ့ လူကြီး ၂၅၀၀ ကျပ်ကောက်ခံတယ် လို့ ခရီးသွားဘလော့ဂါတွေက ရေးသားကြပါတယ်။
အဲဒီ ဥယျာဥ် ၂ ခုအတွက် နှစ်ရှည်စီးပွားရေးလုပ်ကိုင်ခွင့်တွေကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နဝတအစိုးရ လက်ထက် ၂၀၁၀ ခုနှစ်ထဲက သစ်တောဌာနနဲ့ ထူးကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။
ဘီလျံနာ သူဌေးကြီး ဦးတေဇဟာ သစ်ထုတ်လုပ်ရေးကုမ္ပဏီ၊ ကျောက်စိမ်းနဲ့ပတ္တမြား အပါအဝင် ကျောက်မျက်ရတနာထုတ်လုပ်ရေးကုမ္ပဏီတွေအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ အင်းလေး၊ ပူတာအိုနဲ့ ငပလီစတဲ့ မြို့ကြီး ၁၀ မြို့ထက်မနည်းမှာ ဟိုတယ်အလုံးပေါင်း ဆယ်ချီပိုင်ဆိုင်ထားပါတယ်။
ဒေါ်လာ သန်း ၃၀ကျော်နဲ့ ရောင်းလိုက်တဲ့ ထူးကုမ္ပဏီရုံးချုပ်မြေနေရာ
၂၀၂၁ တစ်ကျော့ပြန်စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေက မြန်မာစစ်တပ်ကို ထောက်ပံ့ရေးတွေ လုပ်နေတယ်ဆိုပြီး သူဌေးကြီး ဦးတေဇနဲ့ သူရဲ့မိသားစုဝင်တွေအပါအဝင် ထူးကုမ္ပဏီကိုပါ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ထားပါတယ်။
ထူးကုမ္ပဏီဘက်ကတော့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေကိုသာ အာရုံစိုက်လုပ်ကိုင်ခဲ့တယ်လို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။
ဒါအပြင် စီးပွားရေးလုပ်ငန်းတွေကို ဦးတေဇ ကသာ ထူထောင်တာဖြစ်ပြီး သားနှစ်ဦးကို အရေးယူ ဒဏ်ခတ်တာဟာ မှားယွင်းတဲ့သတင်းအချက်အလက်တွေကို အခြေခံခဲ့တာဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ အရေးယူ ဒဏ်ခတ်တာနဲ့ ပတ်သက်ပြီး ၂၀၂၂ ဖေဖော်ဝါရီ က ရှင်းလင်းချက် ထုတ်ပြန်ဖူးပါတယ်။
စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖော်ထုတ်နေတဲ့ လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar က စစ်အုပ်စုထံ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ ဆက်စပ် ပစ္စည်းတွေ တင်သွင်းနေကြတဲ့ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးကို “အသက် ၃၀ အထက် မသမာသူများ (Dirty Over 30)” ဆိုတဲ့ခေါင်းစဥ်နဲ့ ၂၀၂၃ စက်တင်ဘာက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအထဲမှာ စစ်အစိုးရအဆက်ဆက်နဲ့ ရင်းနှီးခဲ့တဲ့ ထူးကုမ္ပဏီများအုပ်စု တည်ထောင်သူ ဦးတေဇကို ထိပ်ဆုံးမှာ ဖော်ပြထားပါတယ်။
ဦးတေဇနဲ့ မိသားစုပိုင်တဲ့ ထူးကုမ္ပဏီအပါအဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ရှယ်ယာရှင် ၄၀ ကျော်ရဲ့ လူနာမည်စာရင်းနဲ့ ရာထူးတွေကိုလည်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးတေဇဟာ စင်္ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွေမှာ တလှည့်စီနေထိုင်တယ်လို့ သူနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက သူဌေးကြီး ဦးတေဇဟာ ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က ထူးကုမ္ပဏီရုံးချုပ်နေရာ ခြံအမှတ် (၅) ကို အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်နဲ့ ရောင်းချခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
နာမည်ကျော် အင်းလျားကန်ရှေ့က အဲဒီမြေကွက်ကို ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူသွားတယ်လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေကပြောပြီး အရောင်းအဝယ်ကို အသိုသိပ်ဆုံးလုပ်ခဲ့ကြတာ ဖြစ်ပါ တယ်။
ပြည်လမ်း (တံတားဖြူ) မှတ်တိုင်အနီးက တစ်ဧကခွဲ ကျယ်တဲ့ အဲဒီခြံနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ နိုင်ငံပိုင်သတင်းစာမှာ ကြေညာချက်ထည့်တဲ့အခါမှသာ လူတွေက သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။
ခြံအမှတ် (၅) ကို ပိုင်ဆိုင်သူတွေအမည်စာရင်းမှာ ဦးတေဇရဲ့သားသမီးတွေဖြစ်တဲ့ ဦးပြည့်ဖြိုးတေဇ၊ ဦးထူးထက်တေဇ နဲ့ ဒေါ်ထူးထွေးတေဇတို့ရဲ့ အမည်ကို ဝယ်သူဘက်ကရှေ့နေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ထူးကုမ္ပဏီများအုပ်စုရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးတေဇရဲ့ အစ်ကိုဖြစ်သူ ဦးသီဟ (သီဟတေဇ)ရဲ့ နာမည်တော့ ပါဝင်တာမတွေ့ရပါဘူး။
“လုပ်ငန်းတော်တော်များများကို သူ့သားတွေနဲ့ အစ်ကိုဖြစ်တဲ့ ဦးသီဟကို လွှဲထားတာကြာပြီ” လို့ ဦးတေဇရဲ့ အစ်ကို ဦးသီဟနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဦးတေဇရဲ့ အစ်ကိုဦးသီဟ(သီဟတေဇ)ကတော့ အနောက်နိုင်ငံတွေရဲ့ အရေးယူထားတဲ့ လူစာရင်းထဲမှာ လူပုဂ္ဂိုလ်တစ်ဦးခြင်းအနေနဲ့ မပါဝင်သေးဘဲ ထူးကုမ္ပဏီကို စီးပွားရေးပိတ်ဆို့ထားလို့သာ ပူးတွဲပါဝင်နေတာ ဖြစ်ပါတယ်။
Justice For Myanmar က ဖော်ထုတ်တဲ့ အစီအရင်ခံစာထဲမှာတော့ ဦးသီဟဟာ ထူးကုမ္ပဏီများအုပ်စုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး ညီဖြစ်သူ ဘီလျံနာသူဌေးကြီး ဦးတေဇပြီးရင် ထူးကုမ္ပဏီအုပ်စုရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။