ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၃ နှစ်လယ်မှာ အိန္ဒိယမှာ တရုတ်ထက် လူဦးရေပိုများလာမယ်လို့ ကုလပြော
အိန္ဒိယဟာ ဒီနှစ်လယ်ပိုင်းမှာ တရုတ်ကို ကျော်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြနေပါတယ်။
အိန္ဒိယ လူဦးရေဟာ ၁.၄၂၈၆ ဘီလျံ အထိ ရောက်လာနိုင်ပြီး အိမ်နီးချင်း တရုတ်ကတော့ ၁.၄၂၅၇ ဘီလျံအထိ ရှိလာနိုင်တာကြောင့် တရုတ်ထက် ၂.၉ သန်းပိုများလာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံ ကျော်ဟာ ဒီအာရှ ၂ နိုင်ငံက ဖြစ်ပါတယ်။
တရုတ်ကတော့ ကလေးမွေးဖွားနှုန်းတွေ ကျဆင်းလာခဲ့တာကြောင့် ပြီးခဲ့တဲ့ နှစ်မှာ ၁၉၆၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူဦးရေတိုးနှုန်း ကျဆင်းလာတာကို တွေ့ခဲ့ရပါတယ်။
ကုလသမဂ္ဂရဲ့ လူဦးရေဆိုင်ရာ ရန်ပုံငွေ အဖွဲ့က ထုတ်ပြန်တဲ့ ကမ္ဘာ့လူဦးရေဆိုင်ရာ အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ အိန္ဒိယ လူဦးရေခန့်မှန်းချက်ကတော့ အိန္ဒိယမှာ ပြီးခဲ့တဲ့ ၂၀၁၁ နောက်ပိုင်းကတည်းက လူဦးရေစာရင်း ကောက်ယူတာမျိုး မရှိတာကြောင့် မှန်းဆတွက်ချက်ထားချက်သာ ဖြစ်ပါတယ်။
အိန္ဒိယမှာ နှစ်ပေါင်း ၁၄၀ အတွင်း ၁၀ နှစ် ၁ ကြိမ် လူဦးရေစာရင်းကို မပျက်မကွက် ကောက်ယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ မှာ ကိုဗစ်ကြောင့် မကောက်ယူနိုင်ခဲ့ဘဲ ၂၀၂၂ အထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာ လာမယ့် ၂၀၂၄ မှ ကောက်ယူဖို့ ထပ်ပြီး ရွှေ့ဆိုင်းခဲ့ပြန်ပါတယ်။
ကုလသမဂ္ဂရဲ့ လူဦးရေ ခန့်မှန်းမှု ဆိုင်ရာဌာနရဲ့ အကြီးအကဲ ပက်ထရစ် ဂါလန်းက ဘီဘီစီနဲ့ တွေ့ဆုံခဲ့ရာမှာ အိန္ဒိယရဲ့ တကယ့် လူဦးရေနဲ့ ပတ်သက်လို့ ဟိုသည်က ရနိုင်သမျှ အချက်အလက် တွေကို အခြေခံပြီး အမှန်အဖြစ် ယူဆထားတာမျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ဆီမှာ အိန္ဒိယဆီက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်မျိုး မရှိဘူးလို့ ပြောပါတယ်။
ဒီကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေထဲမှာ တရုတ်ရဲ့ အထူး အုပ်ချုပ်ရေး ဒေသ ၂ ခု ဖြစ်ကြတဲ့ ဟောင်ကောင်နဲ့ မကာအိုက လူဦးရေတွေကိုလည်း ထည့်သွင်းတွက်ချက်မထား ပါဘူး။ အဲဒီ ဒေသ ၂ ခုပေါင်းမှာ လူဦးရေ ၈ သန်းနေထိုင်ကြပါတယ်။ နောက်ပြီး ဘေကျင်းက ခွဲထွက်ပြည်နယ်ဖြစ်ပြီး တချိန်မှာ ပြည်မနဲ့ ပြန်လည်ပေါင်းစည်းရမယ်လို့ ရှုမြင်တဲ့ ထိုင်ဝမ်ကျွန်းကိုလည်း မထည့်သွင်းထားပါဘူး။ ထိုင်ဝမ်ဟာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ခေါင်းဆောင်တွေကို ရွေးကောက်တင်မြှောက်ကြတာ ဖြစ်တာကြောင့် သူတို့ဟာ တရုတ်ပြည်မနဲ့ မတူညီဘူးလို့ ရှုမြင်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ ကမ္ဘာ့လူဦးရေဟာ ၈ ဘီလျံ အမှတ်ကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ လူဦးရေ တိုးပွားမှုနှုန်းက လက်ရှိအချိန်မှာ အရင်ကလောက် မမြန်တော့ဘဲ ၁၉၅၀ နောက်ပိုင်း အနှေးဆုံးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အိန္ဒိယမှာရော တရုတ်မှာပါ ကလေးမွေးဖွားနှုန်းတွေ ကျဆင်းလာနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ရှေ့နှစ်ပိုင်းက စပြီး တရုတ်ရဲ့ လူဦးရေဟာ စတင်ကျဆင်းလာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ က တအိမ်ထောင် ကလေး ၁ ယောက်ယူ ဆိုတဲ့ မူကို ဖျက်သိမ်းပြီး ကလေး ၂ ယောက်နဲ့ အထက် ရှိတဲ့ မိသားစုတွေကို ထောက်ပံ့စရိတ်ပေးတာတွေ လုပ်နေတဲ့ ကြားကနေ ကျဆင်းလာတာ ဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ လူဦးရေ တိုးနှုန်း ကျဆင်းလာခြင်းတွေထဲမှာ လူနေမှု စရိတ်ကြီးမားလာတာနဲ့ လုပ်ငန်းခွင် ဝင်လာတဲ့ အမျိုးသမီး ဦးရေမြင့်တာလာခြင်းတွေကြောင့်လည်း ပါဝင်ပါတယ်။
အိန္ဒိယမှာလည်း ကလေးမွေးဖွားနှုန်းက သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ ဖြစ်ပါတယ်။ အမျိုးသမီးတဦးချင်း ကလေးမွေးဖွားနှုန်းကလည်း လွန်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်တွေ အတွင်းက ၅.၇ ရှိပေမယ့် အခုအချိန်မှာ ၂.၂ ပဲ ရှိပါတော့တယ်။
ကုလသမဂ္ဂရဲ့ လူဦးရေဆိုင်ရာ ရန်ပုံငွေ အဖွဲ့ရဲ့ လေ့လာမှုမှာတော့ အိန္ဒိယနိုင်ငံသားတွေက သူတို့ လူဦးရေဟာ သိပ်များသလို ကလေးမွေးဖွားနှုန်းကလည်း သိပ်မြင့်မားနေတယ်လို့ ဆိုကြပါတယ်။ လေ့လာမှုအရ လူဦးရေ တိုးပွားမှုနဲ့ ပတ်သက်လို့ လူ ၃ ဦးမှာ ၂ ဦးဟာ စီးပွားရေး အခြေအနေအပေါ် အစိုးရိမ်ဆုံး ဖြစ်ကြပါတယ်။
လူဦးရေ ဆိုင်ရာ ပညာရှင်တွေကတော့ အိန္ဒိယ လူဦးရေက တရုတ်ကို ကျော်တက်သွားမှာကို ပြဿနာ တခုအဖြစ် မရှုမြင်သင့်သလို စိုးရိမ်တကြီးလည်း မဖြစ်ကြဖို့ သတိပေးထားပါတယ်။
လူတဦးတယောက်ချင်းစီရဲ့ အခွင့်အရေးနဲ့ ရွေးချယ်မှုတွေကို နားလည်လက်ခံပေးပြီး
စိုးရိမ်ကြမယ့်အစား ဖွံ့ဖြိုး တိုးတက်မှုတွေအဖြစ်သာ ရှုမြင်သင့်တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။