အာရေဗျပင်လယ်ထဲကို စစ်သင်္ဘော ၃ စီး အိန္ဒိယစေလွှတ် - ဒီဇင်ဘာ ၂၆ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရင်သီတင်းပတ်တွင်းက အိန္ဒိယ ဆိပ်ကမ်းကို ဦးတည်လာခဲ့ပြီး အစ္စရေးနဲ့ ဆက်နွှယ်မှုရှိတဲ့ ရေနံတင် သင်္ဘောတစီး ပင်လယ်ထဲမှာ ဒရုန်းနဲ့ တိုက်ခိုက်တာခံခဲ့ ရတဲ့နောက် အိန္ဒိယကသူ့ရဲ့ စစ်ရေယာဉ် ၃ စီးကို အာရေဗျပင်လယ်ထဲ ပို့ဆောင် ထား တယ်လို့ ပြောပါတယ်။
ပဲ့ထိန်းမစ်ဇိုင်းတွေ ပစ်လွှတ်နိုင်တဲ့ ဖျက်သင်္ဘော ၃ စီး စေလွှတ်ထားတယ်လို့ အိန္ဒိယ ရေတပ်က ထုတ်ပြန်ထားပါတယ်။
MV Chem Pluto သင်္ဘောဟာ အိန္ဒိယတောင်ပိုင်းက မန်ဂလို ဆိပ်ကမ်းကို ရေနံတွေ ပို့ဖို့ လာစဉ်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။
ပျက်ဆီးသွားမှု တွေကို ဆန်းစစ်ခဲ့ပြီးတဲ့နောက် အဲဒီသင်္ဘောကို မွန်ဘိုင်းက သင်္ဘောကျင်းမှာ မနေ့က ထားထားပါတယ်။
ဒီတိုက်ခိုက်မှုကို အီရန်က လုပ်တာလို့ အမေရိကန်က အပြစ်ပုံထားပြီး အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဒါဟာ အခြေအမြစ်မရှိဘဲ စွပ်စွဲပြောနေတာလို့ တုံ့ပြန်ထားပါတယ်။
ရုရှား စစ်သင်္ဘောတစီး ယူကရိန်း မစ်ဇိုင်း ထိမှန်

ဓာတ်ပုံ ရင်းမြစ်, OLEKSANDR TRETYAK
ခရိုင်းမီးယားမှာ ဆိုက်ကပ်ထားတဲ့ သူတို့ ကမ်းတက်စစ်ရေယာဥ်တစီး ယူကရိန်းတို့ရဲ့ မစ်ဇိုင်းထိမှန်ခဲ့တယ်လို့ ရုရှားက အတည်ပြုပြောကြားလိုက်ပါတယ်။
ယူကရိန်း ကာကွယ်ရေးဌာနက ရုရှား စစ်သင်္ဘော နိုဗိုချက်ကတ်စ် မီးလောင်နေတဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပြီး သမ္မတ ဇယ်လန်းစကီးက ဒီစစ်သင်္ဘော ရုရှားရဲ့ ရေအောက် ရေတပ်ထဲ ဆင်းသွားပြီလို့ လူမှုမီဒီယာမှာ အရွှန်းဖောက်ပြီး ရေးထားပါတယ်။
ဒါဟာ ရုရှားရဲ့ ပင်လယ်နက်က ရေတပ်သင်္ဘောတွေကို ယူကရိန်းက နောက်ထပ် တိုက်ခိုက်နိုင်ခဲ့တဲ့အဖြစ်ပါ။
ဒီပဋိပက္ခက ရှေ့မတိုး နောက်မဆုတ်သာတံ့နေပြီလို့ ပြောနေကြတာတွေကို ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့် ရှက်ပ်က လက်မခံ သဘောမတူပါဘူး။
ပရီးမီးယားလိခ်နဲ့ လူမည်းဒိုင်လူကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပရီးမီးယားလိခ် ဘောလုံးပွဲတွေမှာ ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူမည်း ဒိုင်လူကြီး တယောက်က ဦးဆောင်ကြည့်ကြပ်မယ့်ပွဲ ဒီနေ့ကန်တော့မှာပါ။
မစ္စတာ ဆမ် အလစ်ဆန်ဟာ ရှက်ဖီး ယူနိုက်တက်နဲ့ လူတန်တောင်း အသင်းတို့ ကန်ကြတဲ့ ပွဲကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူမှာဖြစ်ပြီး ပရီးမီးယားလိခ်သမိုင်းမှာ သူဟာ ဒုတိယမြောက် လူမည်း ဒိုင်လူကြီး ဖြစ်လာမှာပါ။။
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က သူတို့အနေနဲ့ တာဝန်ပေးရာမှာ မျိုးစုံထွေပြားတဲ့ လူတွေအထဲ မျှတမှုကို ပို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်း ဒိုင်လူကြီး ပေါင်း ၃၀,၀၀၀ လောက်ရှိပြီး အဲဒီအထဲမှာ လူမည်း၊ အာရှ နွယ်၊ တခြားလူမျိုးနွယ် စသဖြင့် လူနည်းစုတွေက ၈ ရာခိုင်နှုန်းလောက် ရှိပါ တယ်။








