ယူကရိန်း အီးယူအကူ ဟန်ဂေရီပယ်ချ - ဒီဇင်ဘာ ၁၅ ညပိုင်း နိုင်ငံတကာသတင်းများ

eu

ဓာတ်ပုံ ရင်းမြစ်, EPA

အီးယူက ယူကရိန်းကို ငွေပေးဖို့ ကြိုးစားတာမှန်သမျှ တားမြစ်ဖို့ အသင့်ပဲဆိုပြီး ဟန်ဂေရီ ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။

ဘရပ်ဆဲမှာ ကျင်းပတဲ့ အီးယူထိပ်သီးဆွေးနွေးပွဲက ယူကရိန်းကို ဒေါ်လာ ၅၅ ဘီလျံတန်တဲ့ အကူအညီတွေ ပေးမှာကို ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပြီးနောက် ဗစ်တာ သြဘန်းက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အီးယူက ဟန်ဂေရီကို အကူအညီတွေ ထပ်ပေးရင်တော့ ယူကရိန်းကို ပိတ်ထားတဲ့ ဗီတိုကို ရုပ်သိမ်းပေးမယ်လို့လည်း သြဘန်းက ဆိုပါတယ်။

ဟန်ဂေရီအတွက် ရသင့်တာ ယူဖို့ အခွင့်ကောင်းကြီးလို့လည်း ပြောပါတယ်။

ယူကရိန်းကို အီးယူ ဥရောပသမဂ္ဂထဲ ဝင်ရေး တရားဝင် ဆွေးနွေးပွဲတွေ စဖို့အတွက် ကြာသပတေးနေ့ မဲခွဲပွဲမှာတော့ မစ္စတာ သြဘန်း မဲမပေးဘဲ နေခဲ့ပါတယ်။

ဒီကိစ္စကို နောက်မှ ပိတ်ပင်မယ်ဆိုပြီး ဟန်ဂေရီ ရေဒီယိုမှာ သူပြောကြားခဲ့ပါတယ်။

တရုတ်မှာ အအေးလှိုင်းဖြတ်

china

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မကြုံစဖူး အထူးအေးတဲ့ ဘေဂျင်း

တရုတ်နိုင်ငံတလွှား အအေးလှိုင်းဖြတ်နေတဲ့အတွက် မြောက်ပိုင်း တချို့နေရာတွေမှာ အနုတ် ၄၀ ဒီဂရီ စင်တီဂရိတ်ထိ ကျဆင်းမယ်လို့ ခန့်မှန်းရပါတယ်။

ပြည်နယ်တော်တော်များများမှာ ခရီးလမ်းပန်းပြတ်တောက်နေပြီး ဘေဂျင်းနားက မြေအောက်ရထားလမ်းမှာ ယာဉ်မတော်တဆဖြစ်တာ ရာသီဥတုကြောင့်လို့ သိရပါတယ်။

ရထားနှစ်စင်း ပွတ်တိုက်မိလို့ ခရီးသည် ၁၀၀ ကျော် အရိုးကျိုးအက်ကုန်ပြီး ရထားလမ်းချော်တာကြောင့် ဖြစ်ပုံရပါတယ်။

အအေးလှိုင်းကျနေချိန်မှာ လျှပ်စစ်မီးမပြတ်အောင် အာဏာပိုင်တွေ ကြိုးစားနေကြပြီး သီးနှံတွေ မပျက်စီးအောင်လည်း ကာကွယ်နေကြပါတယ်။

ဂါဇာ အသေအပျောက် ကန် သတိပေး

gaza

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပါလက်စတိုင်း သမ္မတနဲ့ ကန်အကြံပေး တွေ့ဆုံ

အစ္စရေးက ဂါဇာမှာ အရပ်သား အသေအပျောက် မဖြစ်အောင် ရှောင်လိုတယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆော်လီဗန်က ပြောပါတယ်။

ဒါပေမဲ့ ဒီအတွက် ရလဒ်တွေ ပိုရဖို့လိုတယ်လို့ ဆိုပါတယ်။

သေကြေပျက်စီးမှု ပမာဏအတွက် ဟားမတ်စ်ကို သူက အပြစ်ဖို့ပါတယ်။ ဟားမတ်စ်ဟာ ကျောင်းတွေ၊ ဆေးရုံတွေမှာ ပုန်းပြီး အရပ်သားတွေကို လူသားဒိုင်းလို လုပ်နေတယ်လို့ ဆာလီဗန်က စွပ်စွဲပါတယ်။

ကြာသပတေးနေ့က အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ပြီးနောက် မစ္စတာ ဆော်လီဗန် ပြောကြား ခဲ့တာပါ။

အနောက်ဘက်ကမ်းကို သွားပြီး ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်နဲ့ ဆော်လီဗန် တွေ့ခဲ့ပါတယ်။

အောက်တိုဘာလ ဟားမတ်စ်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်ကို အမေရိကန်က အပြင်းအထန် ကာကွယ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အရပ်သား အသေအပျောက် တအားများလာတဲ့အတွက် မဟာမိတ်နှစ်နိုင်ငံကြား တင်းမာမှု ကြီးလာခဲ့ပါတယ်။

အာဖဂန် အကြမ်းဖက်ခံတွေ ထောင်ထဲထည့်

afghan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တာလီဘန်အောက်က အာဖဂန် အမျိုးသမီးတစု

အာဖဂန်နစ္စတန်မှာ အိမ်တွင်းအကြမ်းဖက်ခံရမှု သားကောင် အမျိုးသမီးတွေကို ကာကွယ်ဖို့ ဆိုပြီး တာလီဘန် အစိုးရက ထောင်ထဲ ထည့်ထားကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစောင်မှာ ပါရှိပါတယ်။

အစိုးရဖွင့်ထားတဲ့ အမျိုးသမီးခိုလှုံရေးဂေဟာ ၂၃ ခုလုံးကို မလိုဘူးဆိုပြီး အာဏာပိုင်တွေက ပိတ်ပစ်တယ်လို့လည်း ကုလသမဂ္ဂရဲ့ အာဖဂန်နစ္စတန် ကူညီရေးအဖွဲ့က ပြောပါတယ်။

အာဖဂန်အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် ချိုးဖောက်ကျူးလွန်မှုတွေက လွန်ခဲ့တဲ့ ၂ နှစ် တာလီဘန်တွေ ပြန်အာဏာမရခင်ခေတ်ကလည်း များခဲ့တယ်လို့ ဆိုပါတယ်။

စီးပွားရေးနဲ့ လူမှုအကျပ်အတည်းတွေ အာဖဂန်နစ္စတန်ကို ရိုက်ခတ်လာလို့ ပြဿနာတွေ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

ကျောက်မီးသွေးလိုအပ်ချက် ကျလာနိုင်

coal

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျောက်မီးသွေးသုံးစွဲမှု စံချိန်တင်ခဲ့

ကမ္ဘာ့ ကျောက်မီးသွေးလိုအပ်ချက် ၂၀၂၃ မှာ အမြင့်ဆုံး ရောက်ခဲ့ပြီး နောက်နှစ်ကစလို့ တဖြည်းဖြည်း ကျလာနိုင်ကြောင်း နိုင်ငံတကာ စွမ်းအင် အေဂျင်စီအဖွဲ့ IEA က ပြောပါတယ်။

နိုင်ငံတကာရာသီဥတု ခန့်မှန်းချက်တွေနဲ့အညီဖြစ်ဖို့ ပိုပြီး ခိုင်ခိုင်မာမာလုပ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ဒီနှစ် ကမ္ဘာ့ကျောက်မီးသွေးသုံးစွဲမှု တန်ချိန် ၈.၅ ဘီလျံထိ စံချိန်တင် ရောက်ရှိခဲ့ပြီး ဥရောပနဲ့ အမေရိကန်မှာ ကျဆင်းခဲ့တယ်လို့ IEA က ဆိုပါတယ်။

အာရှနဲ့ တခြားကမ္ဘာ့နေရာတွေမှာ ကျောက်မီးသွေးသုံးစွဲမှုက ပိုများလာခဲ့ပါတယ်။

ဒါပေမဲ့လည်း သန့်ရှင်းစွမ်းအင်မှာ တရုတ် ရင်းနှီးမြှုပ်နှံမှုကြောင့် လာမယ့်နှစ်တွေအတွင်း ကျောက်မီးသွေး လိုအပ်ချက် သိသိသာသာ ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

နယ်သာလန်မှာ ဆေးခြောက်ရောင်းဖို့ စမ်းသပ်

Netherlands

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဘရီဒါနဲ့ တီးလ်ဘဂ်မြို့ နှစ်မြို့မှာ လေးနှစ် စမ်းသပ်မယ်

နယ်သာလန်မှာ ဆေးခြောက် စိုက်ပျိုး ရောင်းချမှုကို ရာဇဝတ်မှုအဖြစ်က ပယ်ဖျက်ဖို့ စပြီး စမ်းသပ်နေပါပြီ။

ဘရီဒါနဲ့ တီးလ်ဘဂ်မြို့ နှစ်မြို့မှာ လေးနှစ် စမ်းသပ်မှာ ဖြစ်ပါတယ်။

ဆေးခြောက်သုံးစွဲမှုကို နယ်သာလန်မှာ ခွင့်ပြုထားတာ ကြာပါပြီ။

ဆေးခြောက် ရောင်းချမှုကို မသိကျိုးကျွံပြုထားပေမယ့် ခုထိ တရားမဝင် ဖြစ်နေပါသေးတယ်။

စမ်းသပ်မှုအနေနဲ့ စိုက်ခင်းအနည်းငယ်ကိုပဲ ကန့်သတ်ထားပြီး ကော်ဖီဆိုင်တွေကို မပို့ခင် ဆေးခြောက်ပင်တွေကို သေချာလေ့လာစစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်က ဆေးခြောက်ရောင်းသူတွေကို နှိမ်နင်းပြီး အရည်အသွေးမြင့်ပြီး စိတ်ချရတဲ့ ထုတ်ကုန်တွေကို သုံးစွဲသူတွေဆီ ပေးဖို့ ဖြစ်ပါတယ်။