'ဝမ်းထဲမှာ စရန်သတ်ပြီး ဒေါ်လာနဲ့ရောင်းတယ်' - အင်ဒိုရဲ ဖြိုခွင်းလိုက်တဲ့ ကလေးမှောင်ခိုအဖွဲ့

    • ရေးသားသူ, ကွီနာဝါတီ ပါဆာရီဘူး နဲ့ ဂယ်ဗင် ဘတ္တလာ
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, ဂျာကာတာနဲ့ စင်္ကာပူ

နို့စို့အရွယ်ကလေး အနည်းဆုံး ၂၅ ယောက်ကို စင်္ကာပူက ဝယ်ယူသူတွေထံ ၂၀၁၃ ခုနှစ်ကတည်းက ရောင်းချနေတဲ့ နိုင်ငံတကာကလေးကုန်ကူးအဖွဲ့ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖော်ထုတ်လိုက်ပါတယ်။

ဒီအဖွဲ့နဲ့ဆက်နွှယ်သူ ၁၃ ဦးကို အင်ဒိုနီးရှားနိုင်ငံ၊ ပွန်တီရယ်နက်နဲ့ တန်ဂျာရန်မြို့တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖမ်းဆီးခဲ့ပြီး ကုန်ကူးခံရတော့မယ့် ၁၂ လသားအရွယ် ကလေးငယ် ၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

"စင်္ကာပူကို ပို့ဖို့ ကလေးတွေရဲ့လူဝင်မှုကြီးကြပ်ရေး(လဝက) စာရွက်စာတမ်းတွေလုပ်လို့ စောင့်နေတုန်းမှာ ကလေးတွေကို ပွန်တီရယ်နက်က အိမ်တစ်လုံးမှာ ထားခဲ့တာ" လို့ အနောက်ဂျာဗားရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူးချုပ် စူရာဝမ်က ဘီဘီစီအင်ဒိုနီးရှားဘာသာဌာနကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာရဖို့ စင်္ကာပူပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ပြန်လည်တုန့်ပြန်ဖြေကြားမှု မရခဲ့ပါဘူး။

ကလေးတွေကို သူတို့ဘာသာ ပြုစုပျိုးထောင်ဖို့ရာ မစွမ်းနိုင်တော့တဲ့ ကလေးရတော့မယ့် မိခင်တွေကို ဒါမှမဟုတ် မိသားစုတွေကို အဲဒီအဖွဲ့က ပစ်မှတ်ထားတဲ့ပုံစံနဲ့ လှုပ်ရှားတယ်လို့ စွပ်စွဲခံရပါတယ်။ တချို့ဖြစ်ရပ်တွေမှာဆိုရင် WhatsApp လို သီးခြားမက်ဆေ့ပို့တာမလုပ်ခင် ဖေ့ဘုတ်ခ်ကနေ အရင် ဆက်သွယ်တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

"တချို့ကလေးတွေဆိုရင် ဗိုက်ထဲမှာပဲ ရှိသေးတာကို ကြိုပြီးတော့ စရန်သတ်ခံထားရပြီးပြီ'' လို့ စူရဝမ်က ပြောပါတယ်။ "မွေးလိုက်ပြီဆိုတာနဲ့ မီးဖွားစရိတ်ရမယ်၊ အဲဒီအတွက် စာနာကြေးလည်း ရမယ်၊ ပြီးရင်တော့ ကလေးကို ခေါ်သွားတာမျိုးပေါ့''

ဂိုဏ်းလို လုပ်ငန်းစုတစ်ခုလို လှုပ်ရှားတဲ့အဲဒီအဖွဲ့မှာ ကုန်ကူးလို့ရမယ့်ကလေးကို လိုက်ရှာတဲ့ စုဆောင်းသူတွေ၊ ကလေးကို ယာယီစောင့်ရှောက်သူတွေနဲ့ အဲဒီကလေးကို ယာယီနေစရာပေးသူတွေဆိုပြီး အဆင့်ဆင့် ပါဝင်တယ်လို့ ရဲက ပြောပါတယ်။

ပြီးတော့ ကလေးတွေအတွက် အိမ်ထောင်စုစာရင်းနဲ့ နိုင်ငံကူးလက်မှတ်လို့ အထောက်အထားအတုတွေ ပြင်ဆင်ပေးတဲ့လူတွေလည်း ပါဝင်တယ်လို့ သူက ရှင်းပြပါတယ်။

ကလေးအမေထံကနေ ကလေးကို ခေါ်ခဲ့လိုက်ပြီးတဲ့နောက် ကလေးထိန်းက ၂ လ ကနေ ၃ လအထိ ထားထားပြီး ပွန်တီရယ်နက်မှာ မွေးစာရင်း၊ နိုင်ငံကူးလက်မှတ်နဲ့ အထောက်အထားတွေ ကို ပြင်ဆင်ပါတယ်။ အဲဒီနောက်မှာတော့ ကလေးတွေကို ဂျာကာတာမြို့ကို ပို့ဆောင်တယ်လို့ ရဲက ပြောပါတယ်။

ကလေးတွေဟာ အင်ဒိုနီးရှား ရူပီငွေ ၁၁ သန်း(အမေရိကန်ဒေါ်လာ ၆၇၃, ပေါင် ၅၀၂ ပေါင်) နဲ့ မိခင်ရဲ့ရောင်းချခံရပြီး လုပ်ငန်းတွေက ကလေးတစ်ဦးကို အင်ဒိုရူပီး ၁၆ သန်းကို ထပ်မံ စျေးတင်ကြတာလို့ သိရပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ ပြောပြချက်အရ ပြည်တွင်းနဲ့ နိုင်ငံခြားတို့က အနည်းဆုံး ကလေးယောက်ျားလေး ၁၂ ယောက်နဲ့ မိန်းကလေး ၁၃ ယောက်တို့ကို ရောင်းခဲ့ပါတယ်။ ကလေးအများစုက အင်ဒိုနီးရှား၊ အနောက်ဂျာဗားပြည်နယ်ထဲက မတူညီတဲ့ ခရိုင်တွေနဲ့ မြို့တွေက ဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့ကတော့ သူတို့ အခုချက်ချင်းပြုလုပ်ရမယ့်အလုပ်ဟာ စင်္ကာပူက ကလေးမွေးစားသူတွေကို ရှာဖို့လို့ဆိုပါတယ်။

"နိုင်ငံထဲက ထွက်သွားတဲ့ကလေးတွေ အချက်အလက်ကို အရင်ကြည့်ပါမယ်။ ဒါဆိုရင် ဘယ်သူက ကလေးကို ခေါ်သွားတယ်ဆိုတာ ပေါ်ပါပြီ။ ဒီလူကို သိရင် ဘယ်သူက မွေးစားလိုက်လဲဆိုတာကိုလည်း ကွင်းဆက်နေနဲ့ သိနိုင်ပါပြီ'' လို့ စူရဝမ်က သတင်းထောက်တွေကို ပြောပါတယ်။

ရဲတပ်ဖွဲ့က စုစည်းရရှိခဲ့တဲ့ အချက်အလက်တွေရဲ့ ညွှန်ပြချက်အရ ကလေးတွေဟာ နိုင်ငံသားပြောင်းလဲမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုချိန်ထိတော့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို ရှာဖွေစစ်ဆေးနေတယ်လို့လည်း စုရဝမ်က ပြောပါတယ်။

မိဘတွေနဲ့ ကလေးကုန်ကူးသူတွေအကြား သဘောတူညီချက်တွေအရ ကလေးတွေကို ပေးအပ်ခဲ့ ကြတာဖြစ်ပြီး ပြန်ပေးဆွဲပြီးယူခဲ့တာလိုမျိုး တွေ့ရှိထားတာမရှိဘူးလို့ အစောပိုင်းမှာ စူရဝမ်က ဘီဘီစီအင်ဒိုနီးရှားဌာနကို ပြောထားပါတယ်။

မိဘတွေကတော့ ပွဲစားတွေက အခကြေးငွေပေးဖို့ ပျက်ကွက်တာကြောင့် သူတို့ရဲ့ကလေးတွေဟာ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ ပြောကြပါတယ်။

ငွေရေးကြေးရေးအခက်အခဲကြောင့် အချို့သောမိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ရောင်းစားတာ မျိုးဖြစ်နိုင်တယ်လို့ သံသယရှိခဲ့ကြပါတယ်။ ဒီလိုမိဘတွေဟာလည်း အလားတူ ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရနိုင်တယ်လို့ စူရဝမ်က ပြောပါတယ်။

"ပြစ်မှုကျူးလွန်သူနဲ့ မိဘတွေအကြားမှာ သဘောတူညီချက်တစ်ခုရှိခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရင် လူကုန်ကူးတဲ့ပြစ်မှုနဲ့ ကလေးသူငယ် ကာကွယ်ရေးဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ တရားစွဲခံရနိုင်ပါတယ်" လို့ သူက ရှင်းပြပါတယ်။

နိုင်ငံရပ်ခြားမှာရှိနေတဲ့ အဲဒီအဖွဲ့က အဖွဲ့ဝင်တွေကိုရော၊ ကလေးဝယ်တဲ့သူတွေကိုရော ဖမ်းဆီးနိုင်ဖို့ စင်္ကာပူ ရဲတပ်ဖွဲ့နဲ့ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)တို့ဆီ အင်ဒိုနီးရှားရဲတပ်ဖွဲ့ဘက်က အကူအညီ တောင်းခံထားပါတယ်။

"အလိုရှိတဲ့လူတွေ ပြစ်မှုကျူးလွန်သူတွေ စာရင်းကို အလိုရှိသူစာရင်းအဖြစ် ပြုစုပါမယ်'' လို့ စူရဝမ်က ရှင်းပြပါတယ်။ "အဲဒီလူတွေကို ဖမ်းဆီးဖို့ အနီရောင်အဆင့် သတိပေးချက်ထုတ်ပါမယ်။ ပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေက ဥပဒေစိုးမိုးရေးအဖွဲ့တွေကို အကူအညီတောင်းပါမယ်'' လို့ ပြောပါတယ်။

ကလေးလူကုန်ကူးမှုလုပ်ငန်းစုဟာ ပုံမှန်အားဖြင့် အကူအညီအသည်းအသန်လိုအပ်နေတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားတယ်လို့ အင်ဒိုနီးရှားကလေးသူငယ်ကာကွယ်ရေး ကော်မရှင်(KPAI) ရဲ့ ကော်မရှင်နာ Ai Rahmayanti က ပြောပါတယ်။

"ဥပမာအနေနဲ့ လိင်အကြမ်းဖက်ခံရမှုကြောင့် ကိုယ်ဝန်ရလာတယ်။ အမျိုးသားရဲ့စွန့်ပစ်မှု ခံရတာ ဒါမှမဟုတ် ချစ်ကြ ကြိုက်ကြရင်း အခန့်မသင့်ဘဲ ကိုယ်ဝန်ရသွားတာတွေလည်း ပါတယ်" လို့ သူက ဘီဘီစီ အင်ဒိုနီးရှားဌာနကို ပြောပါတယ်။

အင်ဒိုနီးရှားမှာ ကိုယ်ဝန်ဖျက်ချခွင့် မရှိပါဘူး။ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေတွေ၊ အဓမ္မပြုကျင့်ခံရတာကြောင့် ရလာတဲ့ကိုယ်ဝန်လို အခြေအနေတွေမှာ ကိုယ်ဝန်ဖျက်ချခွင့်ပါတယ်။

လသားကလေး ဒါမှမဟုတ် ကလေးသူငယ်တွေကို အဖွဲ့နဲ့ မှောင်ခိုကူးသူတွေဟာ ကိုယ်ဝန်ဆောင်ကျန်းမာရေးဆေးခန်းတွေ၊ မိဘမဲ့ဂေဟာတွေ ဒါမှမဟုတ် ထိခိုက်လွယ်တဲ့ကလေးနဲ့ အမျိုးသမီးတွေကို စောင့်ရှောက်တဲ့ လူမှုရေးစောင့်ရှောက်မှု ဂေဟာတို့လို ဟန်ဆောင်လုပ်ကိုင်ကြတာကို တွေ့ရလေ့ရှိတယ်လို့ သူက ပြောပါတယ်။

"အဲဒီဆေးခန်းတွေ၊ နားခိုရာတွေဟာ ဂရုဏာသက်တဲ့စကားတွေနဲ့ ပထမဆုံး သုံးပြီးတော့ ကလေး မွေးပြီး အိမ်ကို ပြန်ယူသွားနိုင်တယ်လို့ ပြောပေမဲ့ တကယ်တမ်းကျတော့ ငွေနဲ့ ကမ်းလှမ်းတယ်။ ပြီးတော့ ကလေးငယ်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ခွင့်ကို တရားမဝင်လွဲပြောင်း ရယူတယ်" လို့ သူက ရှင်းပြပါတယ်။

အင်ဒိုနီးရှားအတွင်းမှာ ရောင်းစားခံရတဲ့ကလေးအရေအတွက် တရားဝင်အချက်အလက် မရှိပေမယ့်လည်း KPAI ရဲ့ကိုယ်ပိုင်အချက်အလက်ဖြစ်တဲ့ လူကုန်ကူးတဲ့ရာဇဝတ်မှုတွေက ထပ်တလဲလဲ ဖြစ်နေသလို၊ တိုးပွားလာနေတယ်လို့ ညွှန်ပြနေပါတယ်။

၂၀၂၀ ခုနှစ်အတွင်း KPAI က တရားမဝင်မွေးစားခြင်းခံရတဲ့ နစ်နာသူကလေးငယ်အမှု ၁၁ မှု၊ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ကလေးခိုးယူမှုနဲ့ ၂၀၂၃ ခုနှစ်အတွင်း တရားမဝင်မွေးစားတဲ့ပုံစံ ဟန်ဆောင်ပြီး လူကုန်ကူးမှုနဲ့ဆက်နွယ်တဲ့အမှု ၅၉ မှုတို့ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

KPAI က ၂၀၂၄ ခုနှစ်အတွင်း ရှေ့နေလိုက်ပေးခဲ့ရတဲ့ အမှုတွေထဲက အများဆုံးအမှုဟာ ဘာလီ၊ အနောက်ဂျာဗားနဲ့ ဒီပေါ့ လိုနေရာမျိုးတွေမှာဖြစ်ပါတယ်။ လသားအရွယ် ကလေးငယ်တွေ ရောင်းစားခံရတော့မယ့်အခြေအနေမှာ ကြားဝင် ကူညီနိုင်ခဲ့တာဖြစ်ပါတယ်။

ကလေးတွေဟာ စျေးအစားစားနဲ့ ရောင်းချခံနေရတာလို့ သူက ပြောပါတယ်။

"ဘာလီမှာ ရူပီ သန်း ၂၀ ကနေ ၂၆ သန်း ရှိနေချိန် ဂျာဗားမှာ ပေါက်စျေးဟာ ရူပီ ၁၁ သန်းနဲ့ ၁၅ သန်းရှိတယ်" လို့ သူက ရှင်းပြပါတယ်။

"ပေါက်စျေးက အခြေအနေတွေအပေါ် မူတည်တယ်။ အဲဒီထဲက အရာတစ်ခုကတော့ ကလေးရဲ့ ရုပ်သွင်ပြင်လက္ခဏာလည်း ပါတာပေါ့"