မေလ ၆ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ
ဗြိတိန်၊ လန်ဒန်မြို့တော်မှာ တတိယမြောက် ချားလ်စ်ဘုရင် နန်းတက်ဘိသိက်ခံတဲ့ အခမ်းအနားကျင်းပခဲ့တဲ့သတင်းအပြင် ဒီနေ့အတွက် တခြားထိပ်တန်းရောက် နိုင်ငံတကာသတင်းတချို့ကိုလည်း ဒီမှာ ဖတ်ရှုနိုင်ကြပါတယ်။
သီရိလင်္ကာမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီရိလင်္ကာ သမ္မတ ရာနေးလ် ဝစ်ခရာမာဆင်ဂေးလ် (Ranil Wickremesinghe)က ဗုဒ္ဓဘာသာဝင်တွေရဲ့ အားလပ်ရက်မှာ တစ်ထောင်နီးပါး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒီလွတ်ငြိမ်းခွင့်က ပြစ်ဒဏ်သေးငယ်တဲ့ အကျဉ်းသားတွေ အတွက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓ မွေးဖွားတဲ့နေ့ဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားကို သီရိလင်္ကာမှာ ၂၀၁၉ ခုနှစ်ကတည်းက ပထမဆုံးအကြိမ် ကျင်းပနိုင်တာ ဖြစ်ပါတယ်။ အဲဒီနှစ်က ကိုလံဘိုမြို့က အီစတာ တနင်္ဂနွေနေ့ အခမ်းအနားမှာ လူ ၂၇ဝ သေဆုံးခဲ့တဲ့ အစ္စလာမ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒီအခမ်းအနားကို မကျင်းပနိုင်ခဲ့ပါဘူး။
ဒီနောက် ကိုဗစ် ကပ်ရောဂါနဲ့ နိုင်ငံရဲ့ ငွေကြေး အကျပ်အတည်းတွေကြောင့် ပွဲတော်တွေကို ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။
ရိုဟင်ဂျာတွေ မြန်မာပြည်မပြန်ချင်သေးဘူးလို့ ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့က မြန်မာကို မပြန်ချင်သေးဘူးလို့ ပြောပါတယ်။
ဒီရိုဟင်ဂျာ ဒုက္ခသည်တွေက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက် အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ့်ကို ရောက်နေတဲ့ တစ်သန်းကျော်ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်ကို စောင့်ကြည့်ချင်သေးတယ်လို့ ပြောပါတယ်။
ပြန်လာတဲ့သူတွေကို သူတို့ရဲ့ ရွာတွေမှာ သွားရောက်နေထိုင်ခွင့်ပြုတာထက် စခန်းမှာ ထားမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘဝင်မကျဘူးလို့ သူတို့က ပြောပါတယ်။ ဒါ့အပြင် နိုင်ငံသားဖြစ်ခွင့်မပြုမှာကိုလည်း သူတို့က စိုးရိမ်နေပါတယ်။
၂ဝ၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။
ဆူဒန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စင်ပြိုင်တပ်ဖွဲ့ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆော်ဒီအာရေဗျနိုင်ငံ ဂျေဒါမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆူဒန် စင်ပြိုင် တပ်ဖွဲ့ ခေါင်းဆောင်က ကြိုဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ ဆော်ဒီတို့ ကြားဝင် စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အရပ်သားတွေဆီ အကူအညီတွေ ရောက်နိုင်ဖို့ ကူညီရာရောက်မယ်လို့ စင်ပြိုင်တပ်ဖွဲ့က ဗိုလ်ချုပ် မိုဟာမက် ဟမ်ဒမ် ဒါဂါလိုက ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဆူဒန်စစ်တပ်ကလည်း ကိုယ်စားလှယ်တွေ စေလွှတ်မယ်လို့ ပြောပါတယ်။ လွတ်လပ်မှုနဲ့ ပြောင်းလဲရေးလို့ အမည်ပေးထားတဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုက ဆွေးနွေးပွဲက အမြဲတမ်း အပစ်ရပ်စဲရေးကို ဦးတည်နိုင်ဖို့ ရည်မှန်းထားပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေး အဖြေတစ်ခုကို ရရှိနိုင်မယ်လို့ ဆိုပါတယ်။
မြို့တော်ခါတွမ်းက တချို့နေရာတွေမှာ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် အပစ်ရပ်ဖို့ နှစ်ဖက်စလုံးက စစ်မှန်တဲ့ စိတ်ဝင်စားမှု ရှိလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။
အာဖဂန်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားကို ရှားရှားပါးပါး ထွက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖဂန်နစ္စတန်နိုင်ငံ တာလီဘန်အစိုးရအဖွဲ့က အာဖဂန်နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရပ်ခြားကို ရှားရှားပါးပါး ထွက်လာပါတယ်။
အာမီခမ်း မူတာကီ (Amir Khan Muttaqi)ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ပါကစ္စတန်နဲ့ တရုတ်နဲ့ ဆွေးနွေးဖို့ ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဆွေးနွေးမယ့် အကြောင်းအရာထဲမှာ လူသားခြင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ သန်းနဲ့ချီတဲ့သူတွေ အစာရေစာ ပြတ်လပ် ရှားပါးမှု ပြဿနာတွေ အကြောင်း ဆွေးနွေးမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် သူက နိုင်ငံထဲကနေ ထွက်ခွာလို့ မရပေမဲ့ ခြွင်းချက် ရခဲ့တယ်လို့ ပြောပါတယ်။ အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေကို အလုပ်လုပ်ခွင့် တားမြစ် ပိတ်ပင်တာကို ကုလသမဂ္ဂက ဆန့်ကျင်ကန့်ကွက်ထားပါတယ်။








