ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေစျေး ဒေါ်လာ ၄၀၀၀ ကျော် စံချိန်တင်မြင့်တက်တာ ဘာကြောင့်လဲ
- ရေးသားသူ, သြစမန် ချီယာ
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်
- ရေးသားသူ, ဖိုင်ဇယ် အစ္စလာမ်
- ရာထူးတာဝန်, စီးပွားရေး အယ်ဒီတာ
ကမ္ဘာတလွှား စီးပွားရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေတွေ ထားဖို့ စိတ်ချရာ နေရာကို ရှာနေချိန်မှာပဲ ရွှေစျေး ဒေါ်လာ လေးထောင်ကျော် စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း ရွှေစျေး အမြင့်ဆုံး ပြန်တက်လာတာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ထရမ့်က သွင်းကုန်ခွန်တိုးဖို့ ကြေညာလိုက်ပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေး အဆင်မပြေဖြစ်ခဲ့တဲ့ ဧပြီလကစပြီး ရွှေစျေးက သုံးပုံတပုံ တက်သွားပါတယ်။
အမေရိကန်မှာ အစိုးရ ယန္တရား ရပ်ဆိုင်းနေတာ ဒုတိယပတ်ထဲ ဝင်လာနေလို့ အရေးကြီးတဲ့ စီးပွားရေး အချက်အလက်တွေကို ထုတ်ပြန်ဖို့ နှောင့်နှေးနေတာကလည်း ရင်းနှီးမြှုပ်နှံသူတွေကို ပူပန်စေတဲ့ နောက်တချက်ဖြစ်ကြောင်း သုံးသပ်သူတွေက ဆိုပါတယ်။
ရွှေကို စီးပွားရေးကျပြီး စျေးကွက် မတည်ငြိမ်တဲ့အခါတွေမှာ တန်ဖိုးမကျဘဲ ထိန်းထားနိုင်တဲ့အပြင် တန်ဖိုးတောင် တက်နိုင်တဲ့ စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ယူဆကြပါတယ်။
ဒီအချိန်မှာပဲ ဉာဏ်ရည်တု နည်းပညာ ကုမ္ပဏီတွေရဲ့ တန်ဖိုးက အလွန်အကျွံ မြင့်မားခဲ့ပုံရလို့ ငွေကြေးစျေးကွက် အကြီးအကျယ် ပြန်ကျလာနိုင်ခြေ ရှိတယ်ဆိုပြီး အင်္ဂလန်ဘဏ်က သတိပေးခဲ့ပါတယ်။
နည်းပညာ ကုမ္ပဏီတွေ အားပြိုင်ပွဲကနေ အမြတ်ရဖို့ ရင်းနှီးမြှုပ်နှံသူတွေ ကြိုးစားနေချိန်မှာပဲ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပက ရှယ်ယာစျေးကွက်တွေမှာ မကြာခင်က စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ဒီစျေးကွက်ညွှန်းကိန်းတွေမှာ ၁၀ ရာခိုင်နှုန်းကျော် ကျတာကို အကြီးအကျယ် ပြန်ကျမှုလို့ သတ်မှတ်တာပါ။
အာရှမှာ ဗုဒ္ဓဟူးနေ့ နေ့ခင်းက တကယ့်စျေးကွက် ရွှေပေါက်စျေးက ၄၀၃၆ ဒေါ်လာထိ တက်သွားခဲ့ပါတယ်။
အမေရိကန်မှာ အစိုးရအသုံးစရိတ်နဲ့ပတ်သက်လို့ အကြိမ်ကြိမ် ပိတ်ဆို့ခံခဲ့ရအပြီး အမေရိကန် အစိုးရ ယန္တရားရပ်နေမှုကလည်း ရွှေစျေးကို တက်စေတဲ့ အကြောင်း ဖြစ်တယ်လို့ စင်္ကာပူ အခြေစိုက် ဘဏ်တိုးနှုန်း ကျွမ်းကျင်သူ အိုစီဘီစီဘဏ်က ခရစ္စတိုဖာ ဝေါင်းက ပြောပါတယ်။
အရင် အမေရိကန် အစိုးရ ယန္တရား ရပ်တန့်ချိန်တွေတုန်းကလည်း ရင်းနှီးမြှုပ်နှံသူတွေက ရွှေလို စိတ်ချရတဲ့ ပစ္စည်းတွေဘက် လှည့်ခဲ့ကြပါတယ်။
ထရမ့်အစိုးရ ပထမသက်တမ်းတုန်းကလည်း တလကြာ အစိုးရ ယန္တရား ရပ်နေချိန်မှာ ရွှေစျေးက ၄ ရာခိုင်နှုန်းလောက် တက်ခဲ့ပါတယ်။
ဒါပေမဲ့ ယန္တရားရပ်တာက ရင်းနှီးမြှုပ်နှံသူတွေ ထင်တာထက် ပိုပြီးမြန်မြန် ပြီးသွားခဲ့ရင် ရွှေစျေးတွေ ပြန်ကျနိုင်ကြောင်း မစ္စတာ ဝေါင်းက ပြောပါတယ်။
အရင်လက ရွှေစျေး မထင်မှတ်ဘဲ တက်သွားခဲ့တာဟာ သုံးသပ်သူတွေ မှန်းတာကို ကျော်သွားကြောင်း ယူအိုဘီဘဏ်ရဲ့ စျေးကွက်ဗျူဟာ အကြီးအကဲ ဟန်ကွန်းဟောင်က ပြောပါတယ်။
အမေရိကန်ဒေါ်လာ မခိုင်မာမှုနဲ့ လက်လီ ရင်းနှီးမြှုပ်နှံသူတွေလို့ ခေါ်တဲ့ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဝယ်ယူသူတွေက ရွှေကို ပိုဝယ်လာတာတွေနဲ့ ဒီစျေးတက်မှုက တွဲစပ်နေတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိ ရွှေစျေးတက်မှုက ရေတို မရေမရာ ဖြစ်မှုတွေကြောင့် ဖြစ်ပေမယ့်လည် အမေရိကန်ငွေတိုက်နဲ့ ဒေါ်လာကို မှီခိုလွန်းတာကို လျှော့ချဖို့ ဗဟိုဘဏ်တွေက ရွှေတွေ ဝယ်နေတာကြောင့်လည်း ရွှေက အားကောင်းလာတာ ဖြစ်ပါတယ်။
၂၀၂၂ က စပြီး ဗဟိုဘဏ်တွေကနေ စုစုပေါင်းအနေနဲ့ဆိုရင် ရွှေတန် တထောင်ကျော် နှစ်စဉ် ဝယ်ယူခဲ့ကြပါတယ်။ ၂၀၁၀ နဲ့ ၂၀၂၁ ကြားတုန်းကတော့ တနှစ်ကို ပျမ်းမျှ ၄၈၁ တန်လောက်ပဲ ဝယ်ခဲ့ကြတာပါ။ မနှစ်က ရွှေဝယ်တဲ့ နိုင်ငံတွေထဲ ပိုလန်၊ တူရကီ၊ အိန္ဒိယ၊ အဇာဘိုင်ဂျန်နဲ့ တရုတ်နိုင်ငံတွေ ထိပ်ဆုံးက ပါပါတယ်။
ရွှေမှာ ရင်းနှီးမြှုပ်နှံသူတိုင်း တကယ့် ရွှေတုံးတွေကို ဝယ်ကြတာ မဟုတ်ပါဘူး။
တချို့က ရွှေကျောထောက်နောက်ခံပြုတဲ့ အိပ်ချိန်း-ကုန်သွယ်ရေး ရန်ပုံငွေ (ETFs) လို ရှယ်ယာတွေကို ဝယ်ကြပါတယ်။
ဒီနှစ်ထဲမှာ အခုချိန်ထိ ရွှေ ETF ဒေါ်လာ ၆၄ ဘီလျံဖိုးထိ စံချိန်တင် ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း ကမ္ဘာ့ ရွှေကောင်စီက ထုတ်ပြန်ပါတယ်။
ရတနာသတ္တု ရောင်းဝယ်ရေးနဲ့ သိုလှောင်မှုဝန်ဆောင်မှုပေးတဲ့ Silver Bullion လုပ်ငန်း တည်ထောင်တဲ့ ဂျော့ ဂရက်ဂါရှင်ကတော့ မနှစ်ကစပြီး ဖောက်သည် နှစ်ဆတိုးလာကြောင်း ပြောပါတယ်။
ကမ္ဘာ့စီးပွားရေး မတည်ငြိမ်ချိန်မှာ စိတ်ချရအောင် လက်လီလုပ်ငန်း ရင်းနှီးမြှုပ်နှံသူတွေ၊ ဘဏ်တွေနဲ့ ချမ်းသာတဲ့ မိသားစုတွေကလည်း ရွှေဘက် လှည့်ကုန်ကြတယ်လို့ သူက ဆိုပါတယ်။
"ရွှေက တခါတလေ ကျတတ်ပေမယ့် လက်ရှိ စီးပွားရေး အနေအထားအရ အနည်းဆုံး ငါးနှစ်စာ အတက်ဘက်မှာ ရှိနေတယ်" လို့ မစ္စတာ ဂရက်ဂါရှင်က ပြောပါတယ်။
အတိုးနှုန်းတက်ရင် ဒါမှမဟုတ် ပထဝီနိုင်ငံရေး တင်းမာမှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ပြေလျော့လာရင် ရွှေစျေး ကျနိုင်ကြောင်း အိုစီဘီစီဘဏ်က မစ္စတာ ဝေါင်းက ပြောပါတယ်။
ဧပြီလက အမေရိကန် ဖက်ဒရယ်ဘဏ် ဥက္ကဋ္ဌ ဂျရုမ်း ပါဝဲကို ထရမ့် အလုပ်မဖြုတ်တော့ဖို့ ဆုံးဖြတ်ချိန်က ရွှေစျေး ခြောက်ရာခိုင်နှုန်းလောက် ကျခဲ့ကြောင်း သူက ပြောပါတယ်။
၂၀၂၂ တုန်းက ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးတွေ တက်ခဲ့ပြီးနောက် ရွှေတန်ဖိုး တအောင်စကို ဒေါ်လာ နှစ်ထောင်ကနေ ၁၆၀၀ ထိ ထိုးကျသွားခဲ့ကြောင်း ယူအိုဘီဘဏ်က မစ္စတာ ဟန်က ပြောပါတယ်။
ငွေကြေးဖောင်းပွမှု ရုတ်တရက် ပြန်ပေါ်လာလို့ ဖက်ဒရယ်ဘဏ်က အတိုးနှုန်း တက်လာရင် လတ်တလော ရွှေကို လူကြိုက်များနေမှုရဲ့ အန္တရာယ် ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ဖက်ဒရယ်ဘဏ် အတိုးနှုန်းလျှော့ဖို့ မျှော်မှန်းချက်ကြောင့် ရွှေလိုချင်မှုက ပိုများလာတာကို လတ်တလော ရွှေစျေးတက်မှုက ထင်ဟပ်နေကြောင်း မစ္စတာဝေါင်းက ဆိုပါတယ်။
ဒီအတောအတွင်း ထရမ့်က ဖက်ဒရယ်ဘဏ်ကို ဖိအားပေးခဲ့ပါတယ်။ အတိုးနှုန်းတွေ အမြန်ချ မပေးမှုနဲ့ မစ္စတာ ပါဝဲကို လူသိရှင်ကြား ဝေဖန်ပြီး ဘဏ်ဘုတ်အဖွဲ့ဝင် လီစာ ကွတ်ကို ဖြုတ်ဖို့ ကြိုးစားခဲ့ပါတယ်။
သမ္မတက ဖက်ဒရယ်ဘဏ်ကို ပစ်မှတ်ထားတာဟာ ဗဟိုဘဏ်အပေါ် ယုံကြည်မှု ကျစေနိုင်ကြောင်း မစ္စတာ ဝေါင်းက ပြောပါတယ်။
ဒီလို မရေရာတဲ့ အနေအထားမျိုးမှာ ရွှေရဲ့ အရေးပါမှု ပြန်တက်လာခဲ့ကြောင်းလည်း ပြောပါတယ်။
ကမ္ဘာ့ သွင်းကုန်ခွန် စစ်ပွဲ ဖြစ်နေတာနဲ့ အမေရိကန် ဖက်ဒရယ်ဘဏ်ရဲ့ ခိုင်မာမှုအပေါ်မှာ ဗြိတိန် ဗဟိုဘဏ်ကလည်း ပူပန်လာခဲ့ပါတယ်။