ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ ဆင့်ပွားစျေးရောင်းချတဲ့ MLM စနစ် ဒစ်ဂျစ်ခေတ် မှာ ခေါင်းပြန်ထောင်လာ
Multi Level Marketing (MLM ) ဆိုတဲ့ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းတွေဟာ အလုပ်အကိုင်နဲ့ ဝင်ငွေရလမ်း ရှားပါးလာတဲ့ စစ်အာဏာသိမ်းကာလမှာ ပြည်တွင်းစျေးကွက်ထဲ ခေါင်းပြန်ထောင်လာပါတယ်။
အထူးသဖြင့် အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား မြန်မာအမျိုးသမီးတွေဟာ MLM စနစ်နဲ့ ကုန်ပစ္စည်းထုတ်လုပ်သူတွေရဲ့ ပစ်မှတ်ထားခံရတဲ့ သားကောင်တွေဖြစ်လာတယ်လို့ မြန်မာမှာ ခေါင်းပြန်ထောင်လာတဲ့ MLM စနစ်ရဲ့ ဆိုးကျိုး ကို စောင့်ကြည့်သုတေသနပြုနေသူ ၃ ဦးထက်မနည်းက ဘီဘီစီကိုပြောပါတယ်။
သာမန်အရပ်သူ အမျိုးသမီးတစ်ဦးကနေ ကိုယ့်အားကိုယ်ကိုးပြီး အိမ်၊ခြံမြေနဲ့ ကားတွေ ကို ဝယ်နိုင်သုံးနိုင်တဲ့ လုပ်ငန်းရှင်အမျိုးသမီးတွေဖြစ်လာမယ်ဆိုတဲ့ မက်လုံးတွေပေးပြီး ဒီစနစ်ထဲပါဝင်လာအောင် အမျိုးသမီးထုကို ဆွဲဆောင်ကြတယ် လို့ MLM စနစ်အကြောင်းလေ့လာနေတဲ့ မဇင်အိသူ ကပြောပါတယ်။
ဒစ်ဂျစ်တယ်ခေတ်မှာ MLM လုပ်ငန်း ဦးဆောင်သူတွေသုံးတဲ့ လက်နက်က ဆိုရှယ်မီဒီယာဖြစ်ပါတယ်။
မြန်မာမှာ အသုံးပြုမှုများတဲ့ TikTok ၊ ဖေ့ဘွတ်ခ် နဲ့ တယ်လီဂရမ်လို ဆိုရှယ်လူမှုကွန်ရက်တွေမှာ ငွေအထုတ်လိုက်သုံးစွဲပြပြီး လုပ်ငန်းထဲကို ပါဝင်လာအောင် ဆွဲဆောင်လိုက်တာပါ။
ဒါတင်မက အနုပညာရှင်တွေ၊အလှမယ်တွေနဲ့ Social influencer တွေကိုယ်တိုင် MLM စနစ် နဲ့ရောင်းချတဲ့ပစ္စည်းတွေကို ကြော်ငြာပေးနေတာက လူအများယုံကြည်မှုကို အလွယ်တကူပိုရသွားပါတယ်။
ဒစ်ဂျစ်တယ်ခေတ် MLM စနစ်ရဲ့ သားကောင်
ရန်ကုန်မှာနေတဲ့ အသက် ၂၀ ကျော်အရွယ် မသွယ်သွယ်ကတော့ ကော်လာဂျင်၊ အသားဖြူ ဆပ်ပြာတွေကို MLM စနစ်နဲ့ရောင်းတဲ့ အလှကုန်အမှတ်တံဆိပ်တစ်ခုရဲ့ ပိုင်ရှင်ကို အားကျတာကနေ ပစ္စည်း တွေယူရောင်းဖြစ်ခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီ လုပ်ငန်းပိုင်ရှင် ရဲ့ အဝတ်အစားဖက်ရှင်၊ ငွေကြေးသုံးစွဲနိုင်မှုနဲ့ မိဘတွေကို လိုလေသေးမရှိထောက်ပံ့နိုင်တယ်ဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တွေက မသွယ်သွယ်ကို အားကျစိတ်တွေဖြစ်လာစေပါတယ်။
“သူကလှလည်းလှတယ်။ တန်ဖိုးကြီးပစ္စည်းတွေလည်း ကိုင်နိုင်တယ်။ ကျောင်းတက်ရင်း အပိုဝင်ငွေရအောင် ယူရောင်းမလားမေးတာနဲ့ ယူဖြစ်သွားတာ။ သူ့လို ဖြစ်ချင်တာလည်းပါတာပေ့ါ”
မသွယ်သွယ်ရဲ့ပတ်ဝန်းကျင်မှာလည်း သူ့လိုပဲ လူငယ်မိန်းကလေးအများအပြားဟာ ကျောင်းတက်ရင်း ဒါမှမ ဟုတ် အလုပ်တစ်ဖက်နဲ့ MLM စနစ်နဲ့ရောင်းတဲ့ ပစ္စည်းတွေကို ရောင်းတာမျိုးလုပ်လာကြပါတယ်။
အွန်လိုင်းကနေ ဈေးကွက်ရှာနည်းဆိုပြီး စျေးရောင်းနည်းသင်တန်းတွေပေးပေမဲ့ လက်တွေ့မှာ ပစ္စည်းကိုသုံးစွဲသူလက်ထဲ အရောက် ရောင်းရတာနည်းတယ်လို့ မသွယ်သွယ်ကပြောပြပါတယ်။
သူ့လက်ထဲမှာပဲ ပစ္စည်းတွေပုံနေပြီး ရောင်းမထွက်တာမျိုးဖြစ်နေတာပါ။ ဒါပေမဲ့ သူနဲ့နီးစပ်သူ MLM စနစ်နဲ့ရောင်းချသူတချို့လည်းအလားတူကြုံနေကြရပါတယ်။
ကိုယ်ပိုင်ငွေတွေရင်းနှီးမြုပ်နှံထားပြီး ထင်ထားသလို အလုပ်မဖြစ်ကြတာကို ရင်ဆိုင်နေရတယ်လို့ မသွယ်သွယ်က သူနဲ့ဘဝတူ MLM စနစ်ထဲဝင်မိခဲ့သူတွေရဲ့ အခြေအနေကို ပြောပြပါတယ်။
“ကော်လဂျင်ကို ၃ ဘူးကစယူရင် ကိုယ်စားလှယ်ရတယ်။ တစ်ဘူး ၆ သောင်းဆို အမြတ်က ၃၀၀၀ လောက်ပဲရ တယ်။ ဒိတ်မကုန်ခင်မှာပဲ ခဲကုန်လို့ ရှုံးတာလည်းရှိတယ်”လို့ သူ့အတွေ့ အကြုံကို ပြောပြပါတယ်။
မသွယ်သွယ်က ငွေကျပ်သိန်း ၃၀ ရင်းနှီးထားပြီးဖြစ်ပါတယ်။ သူ့အနေအထားနဲ့ဆိုရင် ငွေ သိန်း ၃၀ က မနည်းတဲ့ ရင်းနှီးမြုပ်နှံထားရမှုလို့ သူကဆိုပါတယ်။
“တစ်ဘူးစနှစ်ဘူးစဆို အရင်းလည်းများနေလို့ အမြတ်မကျန်ဘူး။ များများရင်းရင် ဝယ်ဈေးနည်းသွားတော့ အလုပ်ဖြစ်မယ်ထင်ပြီး ထပ်ရင်းတော့လည်း ဝယ်သူမရှိ၊ လူထပ်မရှာ နိုင်တော့ အရင်းတောင်ဘယ်လိုပြန်ရှာမရပါ ဘူး”လို့ သူ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ဖြေပါတယ်။
MLM စနစ်ရဲ့ဆိုးကျိုးကို လေ့လာနေတဲ့ မဇင်အိသူကတော့ တကယ်အရည်အသွေးမြင့်တဲ့ ကုန်အမှတ်တံဆိပ်တွေဟာ MLM စနစ်နဲ့ ရောင်းချကြတာမရှိသလို Agent တွေ အများကြီးကိုမက်လုံးပေးဆွဲဆောင်တာလည်းမရှိဘူးလို့ ပြောပါတယ်။
'' သူတို့လက်ထဲမှာ ပစ္စည်းတွေကျန်နေတဲ့ ပြဿနာက Agent တွေများနေတာ။ ဝယ်လိုအားကမရှိ ရောင်းချင်တဲ့သူကပဲများနေတော့ အဲဒီပစ္စည်းတွေက သူတို့လက်ထဲမှာ ပိုက်ဘောမိသလိုဖြစ်နေမှာပဲ။ အဲဒီမှာ ပိုက်ဆံတွေဆုံးပြီး စီးပွားပျက်သွားခဲ့တဲ့သူတွေ ကျွန်မကိုလာပြောပြထားတာအများကြီးရှိပါတတယ်'' လို့ မဇင်အိသူ က သူသိရှိထားတဲ့အချက်အလက်ကိုမျှဝေပါတယ်။
အထက်ကနေအောက်ကို အဆင့်ဆင့် ဂုတ်သွေးစုပ်တဲ့ပုံစံ
မြန်မာမှာ Multi Level Marketing (MLM) ဆိုတဲ့ ဆင့်ပွားကွန်ရက်ချိတ် ဈေးရောင်း လုပ်ငန်းတွေဟာ ၁၉၉၅-၁၉၉၆ ခုနှစ်ဝန်းကျင်ကတည်းက ရှိခဲ့တာပါ။
မွန်ပြည်နယ်၊ ကျိုက်ထိုက ဒေါ်အေးသန်းကတော့ ၂၀၀၆-၂၀၀၇ခုနှစ်ဝန်းကျင်မှာ MLM လောကထဲ ရောက်ခဲ့သူဖြစ်ပါတယ်။
ရောင်းအားကောင်းရင်ကောင်းသလောက် ရာထူးနဲ့ခံစားခွင့်တက်လာနိုင်သလို နိုင်ငံရပ်ခြားလည်းသွားခွင့်ရနိုင်တယ်ဆိုတဲ့ မက်လုံးကို ဒေါ်အေးသန်းယုံခဲ့ပါတယ်။
“ရောင်းရင်း နဲ့ ကိုယ်လည်းသုံးရတယ်။ လူခေါ်နိုင်ရင် သိန်းရာနဲ့ချီရမယ့် အဆင့်တက်သွားမယ် လို့ ဆွေမျိုးထဲကလာဆွယ်တာနဲ့ လုပ်ခဲ့တာ။ ဘာအဆင့်မှလည်း မတက်သွားပါဘူး။ လာဆွယ်တဲ့အမျိုးကတော့ ထိုင်းကို အလည်အပတ် သွားခွင့်ရတယ်ဆိုပြီး ပုံလာပြတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့်ပဲ အဲဒီကာလက သားရှင်ပြုဖို့စုထားတဲ့ စပါးရောင်းရငွေ ကျပ် ၅ သိန်းဝန်းကျင်ဖိုး ရင်းလိုက်တဲ့ MLM ထုတ် သွားတိုက်ဆေး နဲ့ ဓာတ်စာတချို့ လက်ထဲပိုက်မိပြီး သောင်တင်ကျန်ခဲ့တာက လွဲရင် ဘာမှအဖတ်မတင်ခဲ့ဘူးလို့ ဒေါ် အေးသန်းက ပြောပါတယ်။
ဒီဈေးရောင်းတဲ့ပုံစံက အထက် ကနေ အောက်ကို ဂုတ်သွေးစုပ်သွားတာမျိုးပဲလို့ ဒေါ် အေးသန်းက မှတ်ချက်ပြုပါတယ်။
တစ်အိမ်တက်ဆင်း လူကိုယ်တိုင်စည်းရုံးစရာမလိုတော့ဘဲ ဖုန်းအသုံးပြုနိုင်သူများလာတဲ့ ၂၀၁၀ခုနှစ် နောက်ပိုင်းကာလမှာ MLM လုပ်ငန်းက စည်းရုံးတာတွေ ပိုလွယ်ကူမြန်ဆန်လာပါတယ်။
“ကျွန်မတို့တုန်းကတော့ နေပူစပ်ခါးထဲ အိမ်တိုင်ရာရောက်သွားဆွယ်ရတာ။ လမ်းစရိတ်ကရှိသေးတော့ ထင်သလောက်ခရီးမပေါက်ဘူး။ အခုကအွန်လိုင်းဆို တော့ လွယ်တယ်လေ။ ယုံဖို့လည်းလွယ်မှာပေါ့” လို့ ဒေါ်အေးသန်း က ပြောပါတယ်။
၂၀၁၅ ကနေ ၂၀၁၈ ကာလတွေကတော့ ဒီစျေးရောင်းချတဲ့စနစ်ကြောင့် ဘဝပျက်တဲ့အထိ နစ်နာသူတွေရှိလာတာကြောင့် ဒီစနစ်အပေါ် ကန့်ကွက်ဆန့်ကျင်သံတွေလည်း ကျယ်ကျယ်လောင်လောင်ဖြစ်ခဲ့ပါတယ်။
အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ ဒီစနစ်က လွှတ်တော်တွင်း ဆွေးနွေးစရာဖြစ်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် မှာ MLM စနစ်နဲ့ရောင်းချသူတွေကို အရေးကြီးကုန်စည် နဲ့ ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။
ထောင်ဒဏ် ၆လ ကနေ ၃ နှစ်အထိဖြစ်စေ၊ ငွေကျပ် ၅ သိန်းထက်မပိုတဲ့ ငွေဒဏ် ဖြစ်၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တဲ့ ဥပဒေတွေထွက်ခဲ့ပါတယ်။
ဒီအရှိန်ကြောင့် ၂၀၂၀ အစောပိုင်းအထိ MLM စနစ် ပပျောက်လုနီးဖြစ်ခဲ့ပါတယ်။
၂၀၂၀ နောက်ပိုင်း ကိုဗစ်ကာလ အွန်လိုင်းဈေးရောင်းတာတွေ ခေတ်စားလာတာနဲ့အတူ အလှကုန်၊ ကော်လာဂျင်၊အဆီချကော်ဖီ စသဖြင့် ကုန်ပစ္စည်းတွေကို MLM စနစ်နဲ့ အွန်လိုင်း ကနေ ပေါ်ပေါ်ထင်ထင် ကိုယ်စားလှယ် ခေါ်ယူရောင်းချတာတွေပြန်ရှိလာပါတယ်။
မြန်မာပြည်တွင်းမှာ တားမြစ်လိုက်တဲ့အတွက် ထိုင်းနဲ့ မလေးရှားမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပစ်မှတ်ထားတဲ့ ကုမ္ပဏီတွေရှိလာပါတယ်။
ဒါတင်မက စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အမျိုးသမီးတွေ၊ ပြင်ပအခွင့်အလမ်းမရှိသလောက်ဖြစ်ပြီး အိမ်ထဲမှာပိတ်မိနေတဲ့အမျိုးသမီးတွေ၊ CDM ဝန်ထမ်းတွေနဲ့ အလုပ်လိုအပ်နေတဲ့ ကျောင်းသူတွေကို ပစ်မှတ်ထားစျေးကွက်ထိုးဖောက်လာတယ်လို့ MLM စနစ် ဆန့်ကျင်ရေးလှုပ်ရှားသူ ကိုဇင်ဇေက ရှင်းပြပါတယ်။
“လုပ်ငန်းနဲ့ဆွယ်တယ်။ပစ္စည်းကောင်းကြောင်းနဲ့ဆွယ်တယ်။နောက်တစ်ခုက ဝတ်ပြစားပြသုံးပြတယ်။ လွတ်မြောက်ပျော်ရွှင်နေတဲ့ ပုံနေပြတယ်။ပိုက်ဆံတွေဝင်နေကြောင်းပြတယ်''
'' စိတ်ဝင်စားတဲ့သူတွေရှိလာမှ ဒါတွေလုပ်နိုင်တာဘာကြောင့်ဆိုပြီးတော့ လုပ်ငန်းနဲ့ ကုန်ပစ္စည်းကိုမိတ်ဆက်ကြတယ်။ အွန်လိုင်းမှာ မြင်တဲ့သူများပြီး ဈေးကွက်ဖောက်တာပေါ့”လို့ ဒစ်ဂျယ်တယ်ခေတ်မှာ ပြောင်းလာတဲ့ MLM စနစ်အကြောင်း ကိုဇင်ဇေက ဘီဘီစီကိုပြောပါတယ် ။
MLM စနစ်ရဲ့ အဓိကပြဿနာ ၂ ချက်
MLM စနစ်နဲ့ရောင်းတဲ့လုပ်ငန်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ဖို့ သတ်မှတ်ချက်က လုပ်ငန်း တခုနဲ့ တခု မတူပါဘူး။
တချို့လုပ်ငန်းက ကုန်ပစ္စည်းအရေအတွက် နည်းနည်းဝယ်လိုက်တာနဲ့ အဖွဲ့ဝင် ဖြစ်နိုင်ပေမယ့် တချို့ကုမ္ပဏီတွေမှာတော့ သိန်းရာနဲ့ချီ ငွေရင်းနှီးလိုက်မှ အဖွဲ့ဝင် ဖြစ်ရတာမျိုးပါ။
အဖွဲ့ဝင်ဖြစ်သွားသူက နောက်ထပ် အဖွဲ့ဝင်သစ်တွေရအောင် အွန်လိုင်းကနေ ရှာဖွေစည်းရုံးကြပါတယ်။
အဖွဲ့ဝင်သစ် စည်းရုံးနိုင်မှု၊ ကုန်ပစ္စည်းရောင်းချနိုင်တဲ့ အရည်အတွက်ကို မူတည်ပြီး ရာထူးအဆင့်တွေ သတ်မှတ်ပေးပါတယ်။
ကိုယ်စည်းရုံးထားသူ ကတဆင့် ဆင့်ပွား ဆင့်ပွား တိုးပွားလာရင် အမှတ်တွေ အဆင့်တွေတက်လာပြီး လစဉ် ဝင်ငွေ မြိုးမြိုးမြက်မြက်ရတဲ့သူတွေ ဖြစ်လာစေပါတယ်။
'' အဓိကတော့ နှုတ်ခမ်းနီ အချောင်းတစ်သောင်းရောင်းရင် ကားတစ်စီးလက်ဆောင်ပေးတာတို့တွေ နိုင်ငံခြားခရီး စဉ်ပို့ပေးတာတွေပေါ့။ MLM လုပ်တဲ့ စီအီးအိုဆိုသူက Brand တွေဝတ်ပြ၊ ညစာစားပွဲပါတီပွဲ တွေလုပ်ပြပြီး သူ့ကိုအားကျ အထင်ကြီးအောင်ဆွဲဆောင်တယ်။ သူ့လိုချမ်းသာချင်ရင် ၊ သူ့လိုလူရာဝင်ချင်ရင် သူ့ပစ္စည်းယူရောင်းပေါ့။အဲဒီလိုနည်းနဲ့ မိန်းကလေးတွေကို စည်းရုံးတာ'' လို့ MLM စနစ်ရဲ့ဆိုးကျိုးကို သုတေသနပြုသူ မဇင်အိသူက ပြောပါတယ်။
မြန်မာမှာ MLM စနစ်နဲ့ရောင်းချတဲ့အခါ အဓိက ပြဿနာ ၂ မျိုးကိုကြုံနေကြရပါတယ်။
နံပါတ်တစ် ပြဿနာက ဆင့်ပွားရောင်းချပြီး ရင်းနှီးငွေ စိုက်ထုတ်ရတာကြောင့် ငွေကြေး မတတ်နိုင်သူတွေက မက်လုံးနောက်လိုက်ပြီး ချေးငှားရင်းနှီးတာကနေ အကြွေးတက်လာပြီး ဘဝပျက်ကြတာပါ။
နံပါတ် နှစ် ပြဿနာက MLM စနစ်နဲ့ရောင်းတဲ့ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးပြဿနာပါ။
ထုတ်ပိုးမှုပုံစံကို အကောင်းဆုံးသုံးပြီး ပစ္စည်းရဲ့ အရည်အသွေးကို လျှော့ချပြီး စျေးသက်သက်သာသာနဲ့ ထုတ်ထားတာကြောင့် အရည်အသွေးနဲ့ ပတ်သက်ပြီး စောဒကတက်တဲ့ပြဿနာတွေ မကြာခဏဖြစ်နေတာပါ။
ဒါပေမဲ့ ကုန်ပစ္စည်းအရည်အသွေးပေါ်မှာ စောဒကတက်တဲ့ပြဿနာတွေကြုံလာတဲ့အခါ အဲဒီလုပ်ငန်းတွေက တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိတာကိုတွေ့ရတယ်လို့ မဇင်အိသူ က သူ့လေ့လာထားတဲ့ ပြဿနာတချို့ကို ဥပမာပြုပြီး ပြောပါတယ်။
'' အရည်အသွေးပြဿနာဆိုရင် မျက်နှာကိုချက်ချင်းပြောင်းလဲသွားတယ်ဆိုပြီး ကြော်ငြာတယ်။ ပြီးတော့ စတီးရွိုက်တွေပါတဲ့ အလှကုန်တွေဖြစ်တယ်။ အဲဒီမှာ မျက်နှာက ပျက်စီးသွားတယ်ဆိုတာမျိုးတွေ ပြောလာတယ်။ နောက် ဓာတ်ဆာဆိုလည်း တမျိုးတည်းနဲ့ ၉၆ ပါးရောဂါအကုန်ပျောက်သလို ရောင်းတယ်။ တကယ်တမ်း ဘာအာနိသင်မှမရတော့ ပြဿနာရှိလာကြတယ်'' လို့ MLM စနစ်ရဲ့ဆိုးကျိုးကို သုတေသနပြုသူ မဇင်အိသူက သူလေ့လာထားတဲ့ပြဿနာတချို့ကိုရှင်းပြပါတယ်။
MLM စနစ်နဲ့ရောင်းတဲ့ ပစ္စည်းတွေဘယ်မှာထုတ်လဲ
MLM စနစ်နဲ့ရောင်းတဲ့ အလှကုန်အပါအဝင် ကျန်းမာရေးဓာတ်ဆာလို ထုတ်ကုန်အများစုဟာ မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက အလှကုန်စက်ရုံတွေမှာ ထုတ်လုပ်ကြတာများပါတယ်။
အရေအတွက်များများဆိုရင် ထုတ်လုပ်မှုစရိတ်နည်းနည်းနဲ့ ကိုယ်ပိုင်အလှကုန်နဲ့ ကော်လာဂျင်လို ဖြည့်စွက်စာတွေ ထုတ်နိုင်တာကြောင့် ငွေကြေးအတန်အသင့်ရင်းနှီးနိုင်သူတွေတောင်လုပ်ငန်းရှင်ဖြစ်နိုင်ပါတယ်။
ထိုင်းက အလှကုန်ထုတ်စက်ရုံတချို့ကို ဘီဘီစီက ဆက်သွယ်စုံစမ်းချက်အရ မြန်မာမှာMLM စနစ်နဲ့ရောင်းနေတဲ့ နေရောင်ကာခရင်မ်တစ်ဘူးရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် က စျေးကွက်ထဲရောင်းချနေတဲ့ စျေးရဲ့ ထက်ဝက်တောင်မရှိပါဘူး။
သဘောက ငွေကျပ် ၂ သောင်းကျော်တန်ပစ္စည်းရဲ့ ထုတ်လုပ်စရိတ်ဟာ ငွေကျပ် ၁ သောင်း နီးနီးလောက်ပဲကျသင့်ပါတယ်။
အနည်းဆုံး ဘူး ၁,၀၀၀ ကနေစမှာနိုင်ပြီး အရေအတွက်များများမှာရင် အရင်းစျေးလည်းလျော့သွားတာဖြစ်ပါတယ်။
MLM စနစ်နဲ့ စီးပွားရေးလုပ်နေသူတွေက ဒီလိုဈေးသက်သက်သာသာနဲ့ထုတ်တဲ့ ထုတ်ကုန်တွေကို ဘူးပေါင်းသိန်းချီမှာယူကာ ဆင့်ပွားစနစ်နဲ့ ဖြန့်ချိပါတယ်။
ဆင့်ပွားကိုယ်စားလှယ်များများယူလေ ပစ္စည်းတွေကို များများဖြုန်းနိုင်ပြီး အမြတ်များများရဖို့ MLM လုပ်ငန်းရှင်တွေက ကြိုးစားကြတာပါ။
ဒါကြောင့်လည်း တစ်ဦးကနေ တစ်ဦးဆီကို အလွယ်တကူ ပြန့်နှံ့နိုင်တဲ့ လူမှုကွန်ရက်တွေကိုသုံးပြီး နည်းလမ်းပေါင်းစုံနဲ့ ကြော်ငြာကြတယ်လို့ MLM စနစ်ရဲ့ဆိုးကျိုးကို သုတေသနပြုသူ မဇင်အိသူက ရှင်းပြပါတယ်။
'' အာဏာသိမ်းပီးနောက်ပိုင်း စည်းမရှိ ဘောင်မရှိ ကြောက်ရမယ့်သူမရှိပဲ တခေတ်ပြန်ထလာတာ။ အွန်လိုင်း MLM ခေတ်စားလာတာကို သိသိသာသာကိုတွေ့နေရတယ်'' လို့ မဇင်အိသူက ပြောပါတယ်။
မြန်မာမှာ လူမှုကွန်ရက်အသုံးပြုသူက DataReportalရဲ့ အချက်အလက်အရ ၂၀၂၄ နှစ်စပိုင်းမှာ ၁၈ သန်းကျော် ရှိပြီး ဒါဟာ ၂၀၂၃ ခုနှစ်ထက် ၄ သန်း လောက်ပိုများလာတာလည်းဖြစ်ပါတယ်။
“ခြုံပြောရင်တော့ ကိုယ်လုပ်နေတဲ့စီးပွားရေးက တကယ်ကောင်းတယ်။အမြတ်ရနေတယ်ဆိုရင် ငါ့အလုပ်ကို ဝင် လုပ်ကြပါလို့ ဘယ်စီးပွားရေးသမားမှ ခေါ်မနေကြဘူး။ဒီလုပ်ငန်းမှာထူးခြားတာက ငါ့အလုပ်ကိုဝင်လုပ်ပါလို့ တအားခေါ်နေတာပေ့ါ။ ဒါကိုသံသယရှိသင့်တယ်လို့ပြောချင်ပါတယ်” လို့ MLM စနစ် ဆန့်ကျင်ရေးလှုပ်ရှားသူ ကိုဇင်ဇေက ပြောပါတယ်။
MLM စနစ် ဘာကြောင့် မပျောက်ကွယ်နိုင်တာလဲ
MLM စနစ်ဆိုတာ ထိပ်ပိုင်းကသာ အမြတ်ရနိုင်ပြီး အောက်ပိုင်းက ကိုယ်စားလှယ်ဝင်လာသူတွေမှာ ငွေကြေး ဆုံးရှုံးနစ်နာနိုင်ခြေများတယ်ဆိုတာကို ဒီစနစ်ကိုဆန့်ကျင်တဲ့သူတွေက ဆယ်နှစ်နီးပါး လူမှုကွန်ရက်တွေမှာ ပုံစံမျိုးစုံနဲ့တွက်ချက်ရှင်းပြနေကြပေမဲ့ ဒီစနစ်က ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။
“ကျွန်တော်တို့ဘယ်လောက်ပဲ ပြောခဲ့ ပြောခဲ့ သိတဲ့သူတွေရှိသလို သတိမထားခဲ့တဲ့သူတွေလည်းရှိတယ်။ လူသစ်တွေကိုဆွဲဆောင်စရာရှိနေသေးတာပေါ့” လို့ ကိုဇင်ဇေကပြောပါတယ်။
နိုင်ငံမှာ တားမြစ်ထားတယ်ဆိုပေမဲ့ ကြပ်မတ်မှု အားနည်းတာ၊ အသိ ပညာပေးနိုင်တဲ့အပိုင်းအားနည်းတာ နဲ့ ဆုံးရှုံးနစ်နာသူတွေဘက်ကထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေကြတာ ကြောင့် လည်း ဒီလုပ်ငန်းတွေကဆက်လက်ရပ်တည်နေတယ်လို့ ဒီစနစ်ရဲ့ဆိုးကျိုးကို လေ့လာသူတွေကသုံးသပ်ပါတယ်။
နောက်ထပ်အချက်ကတော့ နိုင်ငံတွင်းမှာ ရွေးချယ်စရာအလုပ်အကိုင်အခွင့်အလမ်းနည်းပါးသွားတာကိုလည်းထောက်ပြကြပါတယ်။
မြန်မာလို အလုပ်အကိုင်ရှားပါးတဲ့ နိုင်ငံတင် MLM စနစ် အမြစ်မဖြတ်နိုင်တာမဟုတ်ပါဘူး။ အရှေ့တောင်အာရှမှာဖွံ့ဖြိုးမှုအမြင့်ဆုံး ထိုင်းနိုင်ငံ မှာတောင် ဒီပြဿနာဆက်ရှိနေပါတယ်။
ထိုင်းနိုင်ငံက မြို့ကြီးတွေရဲ့အထင်ကရ နေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ ခမ်းခမ်းနားနား အရောင်းမြှင့်တင်ခဲ့တဲ့ Icon group ပိုင်ရှင်သူဌေးအပါအဝင် ပတ်သတ်ဆက်နွှယ်သူ ၁၈ ယောက် ကိုတော့ MLM စနစ်နဲ့ဖြန့်ချိမှုနဲ့ ဆက်စပ်ပြီး ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ပါတယ်။
ဖမ်းဆီးစစ်ဆေးခံရသူတွေထဲမှာ နာမည်ကြီး မင်းသား၊မင်းသမီးနဲ့အစီအစဉ်တင်ဆက်သူတွေလည်းပါဝင်တာပါ။
သူတို့ကို အများပြည်သူလိမ်လည်မှု၊နည်းပညာအသုံးပြုရာဇဝတ်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။ နောက်ထပ် ပုဒ်မ ၃ခုထက်မနည်းနဲ့လည်း စွဲတင်ခံရနိုင်ချေရှိတယ်လို့ ထိုင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။
The iCon group က Boom collagen အပါအဝင် အလှကုန်နဲ့ ဖြည့်စွက်ဓာတ်စာတွေကို MLM စနစ်နဲ့ရောင်းချတာပါ။
လက်ရှိမှာတော့ ဒီစနစ်ကြောင့် နစ်နာသူ အယောက်တစ်သောင်းဝန်းကျင်က ထိုင်းဘတ်ငွေ ၃ ဘီလီယံဆုံးရှုံးရမှုအတွက် တိုင်ကြားထားတာဖြစ်ပါတယ်။
ဒီနစ်နာမှုအတွက်တိုင်ကြားသူတွေထဲမှာ မြန်မာနိုင်ငံကလည်း ပါတယ်ဆိုပေမဲ့ ဘယ်သူဆိုတာတော့ ဘီဘီစီက စုံစမ်းနေဆဲဖြစ်ပါတယ်။
ထိုင်းသတင်းဖော်ပြချက်တွေမှာတော့ လူအများနစ်နာစေခဲ့တဲ့ ဒီလုပ်ငန်းစုက ကုန်ပစ္စည်းတွေကို စွန့်ပစ်ကြတာတွေလည်းရှိနေတာပါ။
Icon Group ရဲ့ ကုန်ပစ္စည်းတွေဖြန့်နေတဲ့ မြန်မာပြည်တွင်း ကိုယ်စားလှယ်အချို့ကတော့ လက်ရှိအချိန်ထိ ဆက်လက်ရောင်းချနေဆဲဖြစ်ပါတယ်။
ဘီဘီစီကဆက်သွယ်ခဲ့တဲ့ Icon Group ရဲ့ ကုန်ပစ္စည်းရောင်းချနေသူ ၅ ဦးထက်မနည်းကတော့ ပင်မကုမ္ပဏီက လိမ်လည်မှုနဲ့တရားရင်ဆိုင်နေရတာကိုမသိဘူးလို့ ပြောကြပါတယ်။
MLM စနစ်နဲ့ ရောင်းချနေသလားဆိုတဲ့ မေးခွန်းကိုလည်း ဖြေဆိုဖို့ ငြင်းဆိုကြပါတယ်။
MLM စနစ်ရဲ့ ဆိုးကျိုး ကို စောင့်ကြည့်သုတေသနပြုနေသူတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီ စနစ်နဲ့ လုပ်ငန်းတွေ မြန်မာမှာခေါင်းထောင်လာတာကို စစ်ကောင်စီက ကိုင်တွယ်ထိန်းချုပ်နိုင်တာမရှိရင် ထိုင်းမှာလိုပဲ လူအများစုရဲ့ ငွေကြေးတွေ လိမ်လည်ခံရတဲ့ပြဿနာတွေကြုံလာကြမယ်လို့ ကောက်ချက်ချကြပါတယ်။
မြန်မာမှာ MLM စနစ်ကြောင့် နစ်နာဆုံးရှုံးနေတာကို ထုတ်ဖော်ပြောဆိုဖို့ အားနည်းတာ၊ အမှန်တကယ်နစ်နာနေမှန်းမသိကြတာနဲ့ အထူးသဖြင့် စစ်ကောင်စီက ထိန်းကွပ်နိုင်တာမရှိတာကြောင့် ဒီစနစ်ရဲ့ ဝါးမြိုမှုတွေကို ခံနေကြရတယ်လို့ MLM ဆန့်ကျင်လှုပ်ရှားသူတွေက ဝေဖန်ပါတယ်။
“ထိုင်းလိုနိုင်ငံမှာ တိုက်ရိုက်ရောင်းချခြင်းဥပဒေရှိပြီးသားနိုင်ငံတောင်ဒီလိုဖြစ်တယ်။ စစ်ကောင်စီကလည်း နိုင်ငံသားတွေနစ်နာနေပါတယ်ဆိုပြီး စေတနာထားလုပ်မဲ့ပုံမပေါ်ဘူး။ ဒီတော့ မြန်မာမှာဆို နစ်နာသူက ပိုနစ်နာဖို့ပဲ ရှိတာပေါ့”လို့ ကိုဇင်ဇေက မှတ်ချက်ပြုပါတယ်။
မှတ်ချက် - အခုဆောင်းပါးပါ ဒေါ်အေးအေးသန်းနဲ့ မဇင်အိသူတို့ကို သူတို့ရဲ့လုံခြုံရေးအရ အမည်လွှဲဖော်ပြထားပါတယ်။