ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဂျင်တီးနားကစားသမား မက်ဆီ ရွှေဘောလုံးဆုကို ၈ ကြိမ်မြောက်ဆွတ်ခူး
အာဂျင်တီးနားအမျိုးသား ဘောလုံးအသင်းနဲ့ အင်တာမိုင်ယာမီအသင်း ရှေ့တန်းကစားသမား လီယွန်နယ် မက်ဆီဟာ အမျိုးသား ရွှေဘောလုံးဆု(Ballon d'Or)ကို ၈ ကြိမ်မြောက် ရရှိသွားပါတယ်။
ပဲရစ်မြို့မှာကျင်းပတဲ့ပွဲမှာ ဒီဆုကို ရရှိသွားတဲ့ အသက် ၃၆ နှစ်အရွယ် မက်ဆီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို အနိုင်ရအောင်စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။
အင်္ဂလန်နဲ့ ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား ဂျု့ ဘယ်လင်ဟမ်ကတော့ အသက် ၂၁ နှစ်အောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ကော့ပါဆုကို ရရှိသွားပါတယ်။
မက်ဆီဟာ စံချိန်တင် ဘလွန်ဒေါဆုကို မန်စီးတီးရှေ့တန်းကစားသမား အာလင်း ဟာလန့်ကို ကျော်ပြီး ရရှိသွားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟတ်ထရစ် ဂိုးသွင်းခဲ့ပေမဲ့ အာဂျင်တီးနားကို ၄-၂ ဂိုးနဲ့ရှုံးခဲ့တဲ့ ပြင်သစ်ရှေ့တန်းကစားသမား ကီလီယန် အမ်ဘာပေးကတော့ တတိယနေရာပဲ ရခဲ့ပါတယ်။
''ဒီတဒင်္ဂကို နောက်တစ်ခေါက် ပျော်ရွှင်ရဖို့ အခုစင်မြင့်ထက် ပြန်တက်လာရတာ သိပ်ဝမ်းသာမိတယ်'' လို့ မက်ဆီကပြောပါတယ်။
''ကမ္ဘာ့ဖလားအနိုင်ရတာနဲ့ ကျွန်တော့်အိမ်မက် အကောင်အထည်ဖော်နိုင်ခဲ့တယ်''
ဘာစီလိုနာအသင်းနဲ့ PSG ကစားသမားဟောင်း မက်ဆီကတော့ ''သမိုင်းမှာ အကောင်းဆုံးအသင်းမှာ အသင်းသားမဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော် အခုရရှိထားတဲ့ ကစားသမားဘဝ အရာအားလုံးရှိလာမယ် မထင်ပါဘူး'' လို့ သူက ဆက်ပြောပြပါတယ်။
''(ဘလွန်ဒေါ) ဆုအားလုံးဟာ ကျွန်တော့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အဓိပ္ပါယ်ရှိတဲ့ဆုတွေပါ''
နော်ဝေဖွား နိုင်ငံတကာဘောလုံးကစားသမား ဟာလန်းဟာ လက်ရှိသူကစားနေတဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ FA ဖလားတွေကို ၃ ဆုဆက်တိုက် ရရှိခဲ့တဲ့ လိဂ်ပြိုင်ပွဲပေါင်း ၃၅ ပွဲမှာ စံချိန်တင်ဂိုး ၃၆ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းအတွက် အသိအမှတ်ပြုတဲ့အနေနဲ့ အကောင်းဆုံးဂိုးသွင်းဆု ဂါ့မူလာဆုကို ချီးမြှင့်ခံရပါတယ်။
''မန်စီးတီးတစ်သင်းလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော့် မိသားစုကိုရော၊ ကျွန်တော် ဒီနေ့ ဒီနေရာရောက်အောင် ဝန်းရံပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်''
ကစားသမားတွေရဲ့ ရှေ့ကို ရောက်လာတဲ့ မက်ဆီ
ဘလွန်ဒေါဆုဟာ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားကို အသိအမှတ်ပြုတာဖြစ်ပြီး ကမ္ဘာတဝန်းက သတင်းသမား ၁၀၀ ကနေ မဲပေးကြတာ ဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားကို ကမ္ဘာ့ဖလားအနိုင်ရအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သလို လက်ရှိ သူကစားနေတဲ့ အင်တာမိုင်ယာမီ ဘောလုံးအသင်းအတွက်လည်း လိဂ်ဖလား အောင်ပွဲရအောင် စွမ်းဆောင်ရာမှာ အခရာကျတဲ့နေရာမှာပါဝင်သူဖြစ်ပါတယ်။
မက်ဆီဟာ ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက်ရတာဖြစ်လို့ ဘလွန်ဒေါဆု ၅ ကြိမ်အထိ ဆွတ်ခူးထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုထက် ၃ ကြိမ် ပိုများအောင် ဆွတ်ခူးခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ ဆော်ဒီအာရေးဗျက အယ်လ် နက်ဆာ အသင်းမှာကစားနေတဲ့ ရော်နယ်ဒိုဟာ ဒီနှစ် ဘလွန်ဒေါဆု ဆန်ကာတင် စာရင်းမှာ မပါဝင်ခဲ့ပါဘူး။
ဒါဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
ယာရှင် ဆုရှင် မာတီးနက်ဇ်
ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနားနဲ့ အက်စတွန်ဗီလာအသင်း ဂိုးသမားလည်းဖြစ်တဲ့ အမ်မီလီယာနို မာတီးနက်ဇ်ကတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု ယာရှင်ဆုကို ရရှိသွားပါတယ်။
မာတီနက်ဇ်ဟာ ကာတာမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကင်စလေ ကိုမန်ရဲ့ ပယ်နတီဘောလုံးကို ခုခံကာကွယ်ခဲ့လို့ ရွှေလက်အိပ်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
အက်စတွန်ဗီလာ အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့် ၇ ရောက်အောင် ကူညီခဲ့သူဖြစ်သလို ယူရိုပါ ကွန်းဖရန့်စ်လိဂ် ပြိုင်ပွဲ ဝင်နိုင်အောင်လည်း ကူညီခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ မာတီးနက်ဇ်ဟာ ပြင်သစ်မှာ ကျင်းပတဲ့ဆုပေးပွဲမှာ ပရိသတ်အချို့ရဲ့ အားပေးမှုပဲ ရခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ရခဲ့ပြီးတဲ့နောက် သူ့ရဲ့အောင်ပွဲခံပုံကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။
မန်စီးတီး တစ်နှစ်တာအကောင်းဆုံးအသင်းဖြစ်လာ
မန်ချက်စတာ စီးတီးအသင်းကတော့ တစ်နှစ်တာအကောင်းဆုံးအသင်းအဖြစ် ၂ နှစ်ဆက်တိုက် ရပ်တည်ပါတယ်။
ပတ် ဂါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဘောလုံးရာသီတစ်ခုအတွင်း ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ FA ဖလားစတဲ့ဆု ၃ ခုကို ဆွတ်ခူးတဲ့ အင်္ဂလိပ်ဘောလုံးအသင်းတွေထဲ ဒုတိယမြောက် အသင်းဖြစ်ပါတယ်။
အသင်းကစားသမားတွေဟာလည်း ဘလွန်ဒေါဆုအတွက် ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံရသူတွေဖြစ်ခဲ့ပါတယ်။
လူမျိုးရေးခွဲခြားမှု တိုက်ဖျက်မယ်လို့ ဗင်နီရှပ် ဂျူနီယာ ပြော
ရီးယဲမက်ဒရစ် တောင်ပံကစားသမား ဗင်နီရှပ် ဂျူနီယာကတော့ ဘောလုံးကွင်းပြင်ပ သူ့ရဲ့ အားထုတ်မှုတွေအတွက် ဆိုခရက်စ်ဆုကို ရရှိခဲ့ပြီး ဘောလုံးလောကမှာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရေး လုပ်မယ်လို့ ကတိပြုပါတယ်။
ဗင်နီရှပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုအတွင်း လာလီဂါ ပွဲတွေမှာ မကြာမကြာကြုံနေရတဲ့လူမျိုးရေးခွဲခြားမှုပစ်မှတ်ဖြစ်ခဲ့ရသူပါ။
ဘရာဇီးက ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာနဲ့ ဖွံ့ဖြိုးမှုနည်းတဲ့အရပ်တွေမှာ ကျောင်းတွေဆောက်လုပ်တဲ့ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်မှုအတွက် အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။
''လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရေး ခိုင်ခိုင်မာမာရပ်တည်သွားပါမယ်'' လို့ သူက ပြောပါတယ်။
''ဒီနေ့ခေတ်မှာ လူမျိုးရေးခွဲခြားမှု အကြောင်းပြောနေရတာ သိပ်ကို ဝမ်းနည်းစရာကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီး တိုက်ဖျက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ လူတွေ ထိခိုက်ခံစားရတာ နည်းပါမယ်''
ဘလွန်ဒေါ ဆန်ကာတင်စာရင်းဝင်တဲ့ကစားသမား ၁၀ ဦး
၁. လီယွန်နယ် မက်ဆီ (အာဂျင်တီးနားနဲ့ PSG/အင်တာ မီယာမီ)
၂. အာလင်း ဟာလန့် (နော်ဝေနဲ့ မန်ချက်စတာ စီးတီး)
၃. ခီလီယမ် အမ်ဘာပေး (ပြင်သစ်နဲ့ PSG)
၄. ခယ်ဗင် ဒီဘရွိုင်နာ (ဘယ်လ်ဂျီယံနဲ့ မန်ချက်စတာ စီးတီး)
၅. ရော့ဒရီ (စပိန်နဲ့ မန်ချက်စတာ စီးတီး)
၆. ဗင်နီရှပ် ဂျူနီယာ (ဘရာဇီးနဲ့ ရီးရဲ မက်ဒရစ်)
၇. ဂျူလီယန် အဲဗရက်ဇ် (အာဂျင်တီးနားနဲ့ မန်ချက်စတာ စီးတီး)
၈. ဗစ်တာ အော်ဆီ့မိန်း (နိုက်ဂျီးရီးယားနဲ့ နာပိုလီ)
၉. ဘာနက်ဒို ဆေးလ်ဗား (ပေါ်တူဂီနဲ့ မန်ချက်စတာစီးတီး)
၁၀. လူကာ မိုဒရစ် (ခရိုအေးရှားနဲ့ ရီးရဲ မက်ဒရစ်)