ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းကို ဒေါ်လာ ဘီလျံ ၅၀ ကျော် ထောက်ပံ့ဖို့ အီးယူနိုင်ငံတွေ သဘောတူ - ဖေဖော်ဝါရီလ ၁ ရက် နိုင်ငံတကာသတင်းများ
အီးယူ ဥရောပသမဂ္ဂခေါင်းဆောင်တွေက ယူကရိန်းကို အကူအညီ အကြီးအကျယ် ပေးရေးမှာ ဟန်ဂေရီကြောင့် ငွေကြေးဆိုင်ရာ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရတဲ့ အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် သဘောတူချက် တစ်ခု ရသွားကြပြီ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို ၅၄ ဘီလျံဖိုး အကူအညီစီမံကိန်းတစ်ခု မပေးမဖြစ် ရေရှည် ထောက်ပံ့သွားဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံစလုံးက သဘောတူခဲ့ကြတယ်လို့ ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မစ်ချဲလ်က ပြောပါတယ်။
ယူကရိန်းပဋိပက္ခအခြေအနေက ကြိုတင်ခန့်မှန်းလို့ မရတဲ့အတွက်ဆိုပြီး အကူအညီပေးဖို့ စီမံကိန်းကို ဟန်ဂေရီအစိုးရက ဒီဇင်ဘာလတုန်းက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာပါ။ အခုသဘောတူချက်ထဲမှာ ဒီအကူအညီစီမံကိန်းအကြောင်း နှစ်စဉ် ဆွေးနွေးဖို့နဲ့ နှစ်နှစ်တစ်ခါ ပြန်လည်သုံးသပ်ဖို့ အချက်တွေ ပါဝင်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ဒီစီမံကိန်းကို ကြိုဆိုလိုက်ပြီး ဒါဟာ ဥရောပသမဂ္ဂတွင်း ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို သက်သေပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ် ဒဲနစ်စ် ရှမ်ယဲလ် ကလည်း ရုရှားစစ်ပွဲကို ရပ်တန့်သွားစေဖို့ အရေးပါတဲ့ အထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။
ဥရောပမှာ လယ်သမားတွေ ဆန္ဒပြ
ကုန်ကျစရိတ်တွေ မြင့်မားလာမှုနဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းတွေကို ကန့်ကွက်တဲ့အနေနဲ့ ဘရပ်ဆဲလ်စ်မြို့က အီးယူ ထိပ်သီးဆွေးနွေးပွဲ အပြင်ဘက်မှာ ဥရောပဒေသတဝန်းက လယ်သမား ထောင်ပေါင်းများစွာ ဆက်လက် ဆန္ဒပြနေကြပါတယ်။
လယ်ထွန်စက် တစ်ထောင်လောက် ဘရပ်ဆဲလ်စ်မြို့ထဲကို ဝင်လာပြီး လမ်းမကြီးတွေ ပိတ်ဆို့သွားတယ်လို့ ဘဲလ်ဂျီယမ် ရဲတွေက ပြောပါတယ်။
လယ်သမား တချို့က ဥရောပပါလီမန်အပြင်ဘက်ရင်ပြင်မှာ ကားတာယာတွေ မီးရှို့ ဆန္ဒပြနေကြရာမှာ ရဲအရာရှိတွေက ဥရောပ ကော်မရှင်နဲ့ ဥရောပ ကောင်စီ အဆောက်အဦတွေရဲ့ အပြင်ဘက်မှာ အရံအတားတွေ ကာရံထားလိုက်ပါတယ်။
ဥရောပဒေသရဲ့ စိုက်ပျိုးမွေးမြူရေး အကျပ်အတည်းကိစ္စဟာ အီးယူ ထိပ်သီးဆွေးနွေးပွဲရဲ့ အစီအစဉ်မှာ တရားဝင် မပါရှိပေမဲ့လည်း ထည့်သွင်းဆွေးနွေးဖို့တော့ ရှိနေပါတယ်။
ဒါ့အပြင် လယ်သမားတွေဟာ ၄ ၇က်မြောက်နေ့အဖြစ် ပဲရစ်မြို့နားတစ်ဝိုက်က လမ်းတွေကိုလည်း ပိတ်ဆို့ထားပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။
ရိုဟင်ဂျာ ၁၃၀ ကျော် ပင်လယ်ဖြတ်ပြီး အင်ဒိုနီးရှားကို ရောက်ရှိလာ
ရိုဟင်ဂျာ ၁၃၀ ကျော်ကို တင်ဆောင်လာတဲ့ စက်လှေတစ်စင်း အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိလာတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေထဲကနေ အင်ဒိုနီးရှားနိုင်ငံကို အခုနောက်ဆုံး ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစလို့ ရိုဟင်ဂျာ ၂ ထောင်နီးပါးလောက် ပင်လယ် ဖြတ်ကျော်လာနိုင်ခဲ့ကြပေမဲ့ ၅၅၀ ကျော်လောက်ကတော့ ပျောက်ဆုံး ဒါမှမဟုတ် ရေနစ်သေဆုံး ခဲ့ကြတယ်လို့ သိရပါတယ်။
ဗာရာဏသီမြို့က ဗလီကျောင်းမှာ ဟိန္ဒူတွေ ဝတ်ပြုခွင့်ရ
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဗာရာဏသီမြို့က ဗလီကျောင်းတစ်ခုရဲ့ မြေအောက်ခန်းကို ဝတ်ပြုဖို့နေရာအဖြစ် အသုံးပြုဖို့ တရားရုံးက ခွင့်ပြုခဲ့အပြီး အဲဒီနေရာမှာ ဟိန္ဒူ ဘုန်းတော်ကြီးတွေက ဘာသာရေးဝတ်ပြုပွဲတွေ ကျင်းပခဲ့ကြပါတယ်။
မွတ်ဆလင်ခေါင်းဆောင်တွေကတော့ တရားရုံးရဲ့ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်ချက်ကို အယူခံဝင်မယ်လို့ ပြောပါတယ်။
အဲဒီဗလီကျောင်းကို ဟိန္ဒူတွေ ပိုင်ဆိုင်ခွင့်ရဖို့ အဆင့်တစ်ဆင့် နီးလာနေပြီလို့ ရှေ့နေတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်းသုတေသန စစ်တမ်းမှာ ၁၆ ရာစုက မွတ်ဆလင်ခေါင်းဆောင်တွေရဲ့ အမိန့်နဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုရဲ့ အုတ်အကြွင်းအကျန်တွေကို သုံးပြီး ဂျန်ဗာပီ ဗလီကျောင်းရဲ့ တစ်စိတ်တပိုင်းကို ဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ် နရန်ဒရာ မိုဒီနဲ့ သူ့ရဲ့ဟိန္ဒူဝါဒီ BJP ပါတီက ဒီလို နေရာမျိုးတွေကို ဟိန္ဒူဘာသာဝင်တွေထံ ပြန်ပေးဖို့ အရင်ကတည်းက ဂတိပြုထားတာ ဖြစ်ပါတယ်။