ဖူကူရှီးမားစက်ရုံ ရေဒီယိုသတ္တိကြွရေတွေ သမုဒ္ဒရာထဲဖောက်ချမှု ဆန္ဒပြခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်နိုင်ငံဟာ ဖူကူရှီးမားနျူကလီးယား ဓာတ်အားပေးစက်ရုံထွက် စွန့်ပစ်ရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ ဖောက်ချစွန့်ပစ်မှု စတင်ချိန်မှာပဲ တောင်ကိုရီးယားအပါအဝင် ဒေသတွင်းကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တရုတ်ဆီကနေ တန်ပြန်တုံ့ပြန်မှုတွေ ထွက်ပေါ် လာပါတယ်။
ဂျပန်နိုင်ငံကနေ ပင်လယ်စာအများဆုံးဝယ်ယူတဲ့ တရုတ်ကတော့ ဂျပန်က တင်ပို့လာတဲ့ ပင်လယ်စာ ထွက်ကုန်တွေအားလုံးကို ပိတ်ပစ်မယ်လို့ ကြာသပတေးနေ့မှာပဲ ပြောလိုက်ပါတယ်။
ဂျပန်ကတော့ ဖောက်ချလိုက်လိုက်တဲ့စွန့်ပစ်ရေတွေဟာ ဘေးကင်းတယ်လို့ ပြောသလို သုတေသီတွေကလည်း ဒါကို သဘောတူထားပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီကလည်း ဒီလိုစွန့်ပစ်ရေဖောက်ချတဲ့အစီအစဥ်ကို အတည်ပြုပါတယ်။
အကဲခတ်တွေကတော့ ပိုပြီးလေ့လာသုံးသပ်ပြီးမှ အခုလိုလုပ်သင့်သလို ရေဖောက်ချတာကိုလည်း ရပ်ဆိုင်းသင့်တယ်လို့ ပြောပါတယ်။
နျူကလီးယားဓာတ်အားပေးစက်ရုံမှာ လှောင်ထားတဲ့ ရေတန်ချိန် ၁ သန်းကျော်ကို လာမယ့် နှစ်ပေါင်း ၃၀ အတွင်းအတွင်း ဖောက်ချသွားမှာဖြစ်ပါတယ်။
ဒီလိုရေတွေဖောက်ချမယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ၂ နှစ်ကတည်းက သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် ထင်ထင်ပေါ်ပေါ် ကန့်ကွက်ပြောဆိုတာတွေ လုပ်ထားတဲ့ တရုတ်နိုင်ငံကတော့ ''အခုလို ရေတွေဖောက်ချလိုက်တာဟာ တကယ့်ကို တကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့တဲ့လုပ်ရပ်လို့ ပြောသလို ''မကျက်သေးတဲ့အနာတစ်ခုကို အနာဂတ်လူသားမျိုးနွယ် မျိုးဆက်အဆက်ဆက်ကို ဆက်ပြီးလွှဲလိုက်တာ''လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလိုပြောပြီး မကြာခင်မှာပဲ တရုတ် အကောက်ခွန်ရုံးက ''တရုတ်စားသုံးသူတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့'' ဆိုပြီး အရင် ဖူကူရှီးမားနဲ့ တချို့ ဂျပန် စီရင်စုတွေကနေ ထွက်တဲ့ ပင်လယ်စာတွေ ပို့ကုန်တွေကို တားမြစ်ထားတဲ့ ပိတ်ပင်မှုကို အခုတော့ ဂျပန်တစ်နိုင်ငံလုံးက တင်ပို့လာတဲ့ ပင်လယ်စာတွေကို တားမြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
ဒီလိုတားမြစ်မှုဟာ စီးပွားရေးအပေါ် ရိုက်ခတ်မှုရှိစေဖို့ ရည်ရွယ်တယ်လို့ ခန့်မှန်းရပြီး ဂျပန်ကလည်း ပင်လယ်စာ စီးပွားရေးလုပ်ငန်းတွေအပေါ် သိသိသာသာထိခိုက်လာနိုင်တယ်ဆိုတာကို ဝန်ခံထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ဟာ ဂျပန်နိုင်ငံကနေ ပင်လယ်စာထွက်ကုန် ဒေါ်လာ ၁.၁ ဘီလျံကျော်ကို တင်သွင်းနေတာဖြစ်ပြီး ဒီပမာဏဟာ ဂျပန်နိုင်ငံရဲ့ ပင်လယ်စာတင်ပို့မှု တစ်ဝက်နီးပါးဖြစ်ပါတယ်။
ဒါပေမဲ့ အကဲခတ်တွေကတော့ အထူးသဖြင့် တရုတ်ဆီက တုံ့ပြန်ချက်ဟာ နိုင်ငံရေးကြောင့် ပေါ်လာတာဖြစ်သလို တကယ့်စိုးရိမ်ချက်ကြောင့်လည်း ဖြစ်လာတာလို့ သုံးသပ်ကြပါတယ်။
ဂျပန်ဟာ အမေရိကန်နဲ့ဆက်ဆံရေး ပိုပြီးနီးကပ်လာသလို တရုတ်နိုင်ငံအောက်က နယ်မြေလို့ တရုတ်က ပြောထားပြီး လွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ် သူတို့ဘာသာမှတ်ယူထားတဲ့ထိုင်ဝမ်ကို ထောက်ခံကြောင်း ပြသထားတာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂျပန်နဲ့တရုတ်ကြားက ဆက်ဆံရေး ယိုယွင်းလာနေတာဖြစ်ပါတယ်။
''ဒီဖြစ်ရပ်ဟာ တရုတ်-ဂျပန်ရဲ့ ဆက်ဆံရေး ဆိုးရွားလာစေတဲ့အကြောင်းရင်းဆိုတာထက် ပိုပါတယ်'' လို့ အာရှလူမှု မူဝါဒ အင်စတီကျုက တရုတ်နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူ နီးလ် ထောမတ်စ်က ပြောပါတယ်။
''ဘေကျင်းအနေနဲ့ သူတို့ဟာ တိုကျိုနဲ့ ဆက်ဆံရေးကောင်းရှိနေမယ်ဆိုရင် ဒီလိုရေတွေဖောက်ချတာကို ဒီလောက်တုံ့ပြန်ချင်မှ တုံ့ပြန်လိမ့်မယ်''
အပြန်အလှန်အနေနဲ့ ဂျပန်ဟာ ''ဒီဝေဖန်မှုကို ပယ်ချနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ သူတို့ကတော့ ရန်စတဲ့လုပ်ရပ်မျိုးတော့ လုပ်မယ် မထင်ဘူး'' လို့ ဂျပန့် နိုင်ငံခြားရေးမူဝါဒရေးရာကို လေ့လာနေတဲ့ တမ်ပယ်တက္ကသိုလ်က ပါမောက္ခ ဒီဂျေ ဘရောင်းက ပြောပါတယ်။
''တရုတ်ကွန်မြူနစ်ပါတီဘက်က ရန်လိုတဲ့ လုပ်ရပ်လို့ ဂျပန်ဘက်က မြင်နိုင်ပေမဲ့ နယ်မြေပိုကျယ်ပြောတဲ့ တရုတ်လို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံနဲ့ ဆက်ဆံရေး တည်တည်ငြိမ်ငြိမ် တည်ဆောက်ထားနိုင်မှ သူတို့အကျိုးရှိမယ်ဆိုတာကို ဂျပန်ဘက်က နားလည်ထားတယ်''
ဒါပေမဲ့ ဒါပေမဲ့ ဒီအခြေအနေဟာ မကြာနိုင်ပါဘူး။ အကဲခတ်အချို့ကတော့ တရုတ်ဟာ တားမြစ်ချက်ကို ကြာကြာလုပ်နိုင်ခြေမရှိဘူးလို့ သုံးသပ်ပါတယ်။
''လက်ရှိမှာ တရုတ်စီးပွားရေးအကျပ်အတည်းက မြင့်တက်လာနေတော့ ဘယ်လို တားမြစ်မှုမျိုးမဆိုဟာ တိုးတောင်း ကျဥ်းမြောင်းတာမျိုးပဲ ဖြစ်ပါမယ်။ ဒါဟာ တရုတ်သွင်းကုန်သမားတွေအတွက်လည်း အပြုသဘောမဆောင်တဲ့ရိုက်ခတ်မှုရှိလာနိုင်တယ်'' လို့ မစ္စတာ ထောမတ်စ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်ကိုရီးယားဟာလည်း ဂျပန်ပင်လယ်စာတွေကို ပိတ်ပင်ထားတာကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ ရေတွေဖောက်ချတဲ့ဖြစ်ရပ်မှာတော့ တောင်ကိုရီးယားက ခပ်မဆိတ်ရှိနေပါတယ်။
တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒတ်ဆူးကတော့ ''အခု အရေးကြီးတာက ဂျပန်ဟာ နိုင်ငံတကာအသိုက်အဝန်းကို ကတိပြုထားတဲ့အတိုင်း သိပ္ပံနည်းကျ စံနှုန်းတွေကို ခိုင်ခိုင်မာမာ လိုက်နာဆောင်ရွက်နေလားဆိုတာနဲ့ သတင်းအချက်အလက်မျှဝေရာမှာ ပွင့်လင်းမြင်သာမှုရှိလားဆိုတာပါပဲ '' လို့ပြောပါတယ်။
ဆိုးလ်နဲ့ တိုကျိုဟာ အတိတ်သမိုင်းဖြစ်ရပ်တွေကြောင့် အငြင်းပွားမှုတွေ နက်နက်ရှိုင်းရှိုင်းရှိနေပေမဲ့ အမေရိကန်နဲ့ ဆက်ဆံရေးမှာ နီးနီးကပ်ကပ်ဆက်ရှိနေသလို မြောက်ကိုရီးယားနဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေလည်း အတူမျက်နှာမူထားရတဲ့နိုင်ငံတွေဖြစ်ပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံသားအများစုကတော့ ရေတွေ စွန့်ထုတ်တာကို ကန့်ကွက်ပြီး ကြာသပတေးနေ့မှာဆိုရင် ဆိုးလ်မြို့က ဂျပန်သံရုံးထဲကို ချင်းနင်းဝင်ရောက်ဖို့အထိ ကြိုးပမ်းခဲ့ပါတယ်။
ရေတွေစွန့်ချတာကို စိတ်ဆိုးဒေါသထွက်ကြလို့ ဟောင်ကောင်နဲ့ တိုကျိုမှာလည်း ဆန္ဒဖော်ထုတ်တာတွေရှိခဲ့ပါတယ်။
ဒီအတော်အတွင်းမှာပဲ ပစိဖိတ်ကျွန်းစုများဖိုရမ်ဥက္ကဋ္ဌဖြစ်သူ မာ့ဘရောင်းကတော့ ''အခုအစီအစဥ်ဟာ နိုင်ငံတကာဘေးကင်းစံနှုန်းတွေနဲ့ကိုက်ညီတယ်လို့ ယူဆတဲ့ကြောင်း'' ပြောပါတယ်။
၂၀၁၁ ခုနှစ် ဆူနာမီရေလှိုင်းကြောင့် ဖူကူရှီးမား နျူကလီးယားစက်ရုံ ပျက်စီးသွားတဲ့အခါ ဓာတ်အားပေးစက်ရုံပိုင် Tepco ဟာ ဓာတ်အားပေးစက်ရုံရဲ့လောင်စာတောင့်တွေကို အေးအောင်လုပ်ဖို့ ရေတွေကို အသုံးပြုပါတယ်။
ဒါကြောင့် စက်ရုံဟာ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို နေ့စဥ် ထုတ်နေပြီး အဲဒီရေတွေကို နေ့စဥ်သန့်စင်ရ၊ ကန်ကြီးတွေထဲ သိုလှောင်နေရပါတယ်။
ရေတွေကို သန့်စင်ပြီးပေမဲ့ အဲဒီရေထဲမှာ ရေကနေ ခွဲထုတ်ဖို့ခက်တဲ့ ထွိုင်တီယံလို ဓာတ်သတ္တိကြွပစ္စည်းတွေ ပါဝင်နှုန်းမြင့်နေပါသေးတယ်။ ဒီအတွက် ဂျပန်ရဲ့ဖြေရှင်းနည်းကတော့ အဲဒီရေတွေကို ပင်လယ်ထဲကို စွန့်ပစ်တာမလုပ်ခင်မှာ ပင်လယ်ရေနဲ့ ဓာတ်ပြယ်သွားအောင် ပြုလုပ်တာဖြစ်ပါတယ်။
ကန်ပေါင်း ၁၀၀၀ ကျော်မှာ ရေတွေပြည့်နေလို့ ဂျပန်ဘက်ကတော့ ဒါဟာ ရေရှည်ဖြေရှင်းနည်းမဟုတ်ဘူးလို့ ပြောထားပါတယ်။ ရေတွေကို သန့်စင်ထားပြီး ဖောက်ချမယ့်ရေတွေဟာ ဓာတ်ပြယ်အောင်လုပ်ထားတဲ့ရေတွေလို့ ပြောပါတယ်။
ဂျပန်အာဏာပိုင်တွေကတော့ သမုဒ္ဒရာထဲက ရေဒီယိုဓာတ်သတ္တိကြွသင့်မှုကို အဆင့်ဆင့်ကို မပြတ်စောင့်ကြည့်နေမှာဖြစ်ပြီး ဒါကိုလည်း ပွင့်ပွင့်လင်းလင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။








