ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေပူးတွဲတည်ဆောက်ဖို့ အမေရိကန်၊ယူကေနဲ့ သြစတြေးလျတို့ သဘောတူ
ကတ်သရင်း အမ်းစတောင်း၊လန်ဒန်။ ဖရန့်စ်မော်၊စင်ကာပူ။ တွမ်ဟာစ်ဒန်၊ဆစ်ဒနီ
အင်ဒို-ပစိဖိတ်ဒေသအတွင်းက တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ရည်ရွယ်တဲ့အနေနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောအုပ်စုသစ်တစ်ခု တည်ဆောက်မယ့် ပူးတွဲအစီအစဉ် အသေးစိတ်ကို အမေရိကန်၊ ယူကေနဲ့ သြစတြေးလျတို့က သဘောတူ ထုတ်ပြန်လိုက်ပါတယ်။
Aukus သဘောတူညီချက်အရ သြစတြေးလျနိုင်ငံဟာ သူတို့နိုင်ငံအတွက် ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောငယ် အနည်းဆုံးသုံးစင်း အမေရိကန်နိုင်ငံကနေ ရရှိမှာဖြစ်ပါတယ်။
သုံးနိုင်ငံ မဟာမိတ်အဖွဲ့က ယူကေနိုင်ငံလုပ် Rolls-Royce ဓာတ်ပေါင်းဖိုတွေ အပါအဝင် နောက်ဆုံး ပေါ်နည်းပညာကို အသုံးပြုပြီး ရေငုပ်သင်္ဘော အုပ်စုသစ်တစ်ခု ဖန်တီး တည်ဆောက်သွားကြမှာပါ။
အမေရိကန်၊ယူကေနဲ့ သြစတြေးလျ သုံးနိုင်ငံရဲ့ ဒီ ရေတပ်သဘောတူညီချက်ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေပါတယ်။
အထက်ပါနိုင်ငံသုံးနိုင်ငံဟာ အန္တရာယ်များပြီး မှားယွင်းတဲ့ လမ်းကြောင်းကို ဆက်လျှောက်နေကြတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က စွပ်စွဲလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂ မစ်ရှင်ကလည်း အနောက်နိုင်ငံ မဟာမိတ်တွေဟာ နျူကလီးယား မပြန့်ပွားရေး ကြိုးပမ်းမှုများကို ကျောခိုင်းသွားကြပြီလို့ အစောပိုင်းက စွပ်စွဲထားပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အဆိုပါသဘောတူညီချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ရေငုပ်သင်္ဘောတွေမှာ နျူကလီးယား စွမ်းအင်ကိုပဲ အသုံးပြုမှာဖြစ်ပြီး၊နျူကလီးယား လက်နက်ကိုင်ဆောင်အသုံးပြုမှာ မဟုတ်ကြောင်း အလေးပေးပြောဆိုခဲ့ပါတယ်။
ယူကေဝန်ကြီးချုပ် ရီရှီဆူးနက် ၊သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နီစ်တို့နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုးမြို့မှာ ဂျိုးဘိုင်ဒင်က ပြောကြားရာမှာ အဆိုပါ သဘောတူညီချက်က သြစတြေးလျနိုင်ငံရဲ့ နျူကလီးယားကင်းစင်ရေး ကတိကဝတ်ကို ထိခိုက်စေမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ သြစတြေးလျအတွက် အမေရိကန်မဟာမိတ် ပူးပေါင်းပြီး စစ်ရေးစွမ်းရည် အကြီးစား အဆင့်မြှင့်တင်မှု တစ်ခုဖြစ်ပါတယ်။ပြီးတော့ သြစတြေးလျဟာ ယူကေပြီးရင် အမေရိကန်ရဲ့ ထိပ်တန်းနျူကလီးယား တွန်းကန်အားနည်းပညာကို လက်ခံရရှိတဲ့ ဒုတိယမြောက်နိုင်ငံ လည်းဖြစ်လာပါတယ်။
နျူကလီးယား ရေငုပ်သင်္ဘောတွေက လက်ရှိသြစတြေးလျနိုင်ငံမှာ အသုံးပြုနေတဲ့ဒီဇယ်အင်ဂျင်တပ်ရေငုပ်သင်္ဘောတွေထက် ပိုမြန်မြန်သွားနိုင်မှာဖြစ်ပြီး၊ ပထမဆုံးအနေနဲ့ ရန်သူတွေကို တာဝေးပစ်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။
သဘောတူညီချက်ထဲမှာ သြစတြေးလျရေတပ်က သင်္ဘောသားတွေ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ကိုင်တွယ်လေ့ကျင့်ဖို့ အမေရိကန်နှင့်ယူကေနိုင်ငံတွေက ရေငုပ်သင်္ဘော စခန်းတွေကို ဒီနှစ်ကစပြီး စေလွှတ်ဖို့ကိစ္စလည်း ပါဝင်ပါတယ်။
၂၀၃၀ခုနှစ်အစောပိုင်း အမေရိကန်လုပ် Virginia-class ရေငုပ်သင်္ဘောသုံးစင်းကို သြစတြေးလျက မ၀ယ်ခင် (၂စင်းလည်း ပိုဝယ်ဖို့ရှိ) ၂၀၂၇ ခုနှစ်က စပြီး အမေရိကန်နဲ့ ယူကေနိုင်ငံတွေက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအသေးလေးတွေကို Perthမြို့မှာ စခန်းချထားမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ SSN-AUKUS လို့ခေါ်တဲ့ ယူကေနဲ့ သြစတြေးလျ ရေတပ်အတွက် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောကို ဒီဇိုင်းဆွဲတည်ဆောက်သွားဖို့ အစီအစဥ်ရှိပါတယ်။
ဒီတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေကို ယူကေက ဒီဇိုင်းထုတ်ပြီး ယူကေနဲ့ သြစတြေးလျနိုင်ငံ နှစ်နိုင်ငံမှာ သုံးနိုင်ငံစလုံးရဲ့ နည်းပညာတွေကို အသုံးပြု တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်ပွင့်လင်းလာရေးအတွက်လုပ်ဆောင်သွားဖို့ သုံးနိုင်ငံစလုံးက ကတိကဝတ်ပြုထားကြောင်း အမေရိကန် သမ္မတဘိုင်ဒင်က ပြောပါတယ်။
“ဒီ မိတ်ဖက်အသစ်လမ်းကြောင်းကို ပုံဖော်တာဟာ ဒီမိုကရေစီနိုင်ငံတွေကနေ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးနဲ့ သာယာဝပြောမှုကို ဘယ်လောက် ပေးစွမ်းနိုင်လဲဆိုတာကို ပြသနေပါတယ်။ ဒါက ကျွန်တော်တို့အတွက်တင်မက တစ်ကမ္ဘာတစ်ခုလုံးအတွက်လည်း ပါပါတယ်” လို့ သမ္မတ ဘိုင်ဒင်က ပြောသွားပါတယ်။
ပြီးတော့ အမေရိကန်နိုင်ငံရဲ့ ရေငုပ်သင်္ဘောတည်ဆောက်မှု စွမ်းရည်ကို တိုးချဲ့သွားဖို့နဲ့ လက်ရှိ နျူကလီးယားစွမ်းအင်သုံး Virginia-class ရေငုပ်သင်္ဘောတွေကို ပြုပြင်ထိန်းသိမ်း မြှင့်တင်ရာမှာ အသုံးပြုဖို့ အမေရိကန် ဒေါ်လာ ၄.၆ ဘီလီယံ (ပေါင် ၃.၇ ဘီလီယံ)သုံးစွဲသွားဖို့လည်း ကတိပြု ခဲ့ပါတယ်။
သြစတြေးလျဝန်ကြီးချုပ်ကလည်း နှစ်ပေါင်း၃၀ကျော်အတွင်း သူတို့နိုင်ငံက အသုံးပြုမယ့် သြစတြေးလျဒေါ်လာ ၃၆၈ဘီလီယံ (ပေါင် ၂၀၁ ဘီလျံ) အထိ ကုန်ကျမယ့် အစီအစဉ်ဟာ "ဩစတြေးလျနိုင်ငံ ကာကွယ်ရေးစွမ်းရည်မြှင့်တင်မှုမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး တစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှု” ဖြစ်ကြောင်း အမှတ်အသားပြု ပြောကြားသွားပါတယ်။
ဩစတေးလျ သင်္ဘောကျင်းတွေမှာ ရေငုပ်သင်္ဘောတွေ တည်ဆောက်တာက ဒေသတွင်း အလုပ် အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း၊ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နီစ်အန်က ပြောကြားခဲ့ပါတယ်။
ယူကေဝန်ကြီးချုပ်ကလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေပေါ်လာမယ့် ဒါဘီနှင့် Barrow-in-Furness ဒေသတွေအတွက် အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်မယ်လို့ ပြောပါတယ်။
Aukus မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ၁၈လအတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းမှုအခြေအနေက စိန်ခေါ်မှုတွေပိုကြီးလာတယ်လို့ မစ္စတာဆူးနက်စ်က ထပ်ဖြည့်ပြောပါတယ်။
"ရုရှားက ယူကရိန်းကို တရားမ၀င်ကျူးကျော်တိုက်ခိုက်တာ၊ တရုတ်နိုင်ငံရဲ့ ခိုင်မာအားကောင်းလာမှု၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ မတည်မငြိမ်တဲ့ ပြုမှုလုပ်ဆောင်ချက်တွေက အန္တရာယ်တွေ နဲ့ ဖရိုဖရဲဖြစ်လာပြီး ကမ္ဘာကြီးကို ကွဲပြားမှုနဲ့ ခြိမ်းခြောက်မှုတွေ ဖန်တီးပေးသလိုဖြစ် နေတယ်" လို့ မစ္စတာ ဆူးနက်က ပြောပါတယ်။
မစ္စတာဆူးနက်က သူ့ရဲ့ အမေရိကန်ခရီးစဉ်အတွင်းမှာ ရန်လိုတဲ့နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ လာမယ့်နှစ်နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် စတာလင်ပေါင် ၅ ဘီလီယံ (ဒေါ်လာ ၆ ဘီလီယံနီးပါး) တိုးမြှင့်မယ်လို့ ကတိပြုခဲ့ပါတယ်။
တရုတ်နိုင်ငံက အကြိမ်ကြိမ်ဝေဖန် ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တဲ့ကြားက Aukus လုံခြုံရေး မဟာမိတ်အဖွဲ့ ဖွဲ့စည်းကြောင်းကို ၂၀၂၁ခုနှစ်စက်တင်ဘာလက ထုတ်ပြန်ကြေငြာခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက Aukus လုံခြုံရေးမဟာမိတ်အဖွဲ့ နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့ပြီး၊အဆိုပါ သဘော တူညီချက်ဟာ လက်နက်ပြိုင်ဆိုင်မှုကို ဖန်တီးသလိုဖြစ်နေတဲ့အတွက် အန္တရာယ်ရှိတယ်လို့ ထောက်ပြထားပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံသုံးနိုင်ငံကတော့ ဒီလုံခြုံရေးသဘောတူညီချက်ဟာ အင်ဒို-ပစိဖိတ် ဒေသတွင်း တည်ငြိမ်မှု တိုးမြင့်လာစေဖို့အတွက် ရည်ရွယ်တာလို့ ပြောနေပါတယ်။
ဒီသဘောတူညီချက်ဟာ သူတို့နိုင်ငံတွေအတွက် ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာလာစေသလို နိုင်ငံ ရေးအရ ဆုတ်ယုတ်မယ့် အခြေအနေဆိုးတစ်ခု ဖြစ်လာမှာမဟုတ်ဘူးလို့ ခေါင်းဆောင်သုံးဦး စလုံးက ဆိုပါတယ်။
သုံးနိုင်ငံသဘောတူညီချက်ကို ထောက်ခံတဲ့အနေနဲ့ ပြင်သစ်အစိုးရနဲ့ စိတ်ဝမ်းကွဲမှုဖြစ်စေနိုင်တဲ့ ပြင်သစ်နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ဒေါ်လာသန်းပေါင်း များစွာတန်တဲ့ ဒီဇယ်စွမ်းအင်သုံး ရေငုပ် သင်္ဘောသဘောတူညီချက်ကို ၂၀၂၁ခုနှစ်က သြစတြေးလျက ဖျက်သိမ်းခဲ့ပါတယ်။
သြစတြေးလျနိုင်ငံဟာ သူတို့နိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း သံတမန်ရေး ထိခိုက်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
တရုတ်နဲ့ ကူးသန်းရောင်းဝယ်ရေး ဆက်ဆံမှု အားကောင်းနေချိန်မှာ အမေရိကန်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ဆက်လက် ခိုင်မြဲအောင် သြစတြေးလျနိုင်ငံအနေနဲ့ လုပ်နိုင်ပါ့ မလားဆိုတာကို လည်း လေ့လာသူတွေက မေးခွန်းထုတ်နေကြပါတယ်။