မုန်တိုင်း ခန့်မှန်းချက်တွေကို မိုးဇလ တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images
မေလ ဒုတိယအပတ်အတွင်း အားကောင်းတဲ့ မုန်တိုင်းတိုက်ခတ်ဖို့ရှိနေပြီး ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိလာသလို စားနပ်ရိက္ခာနဲ့ ဆေးဝါး အသုံးအဆောင်တွေ ကြိုတင်စုဆောင်းကြဖို့ဆိုပြီး တိုက်တွန်းပြောဆိုတာတွေလည်း ဒီရက်ထဲမှာ ထွက်ပေါ်လာနေပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က အခုလို မေလဆန်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းနာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တိုင်းအတွင်း လူတစ်သိန်းကျော် သေဆုံးခဲ့ပါတယ်။
ဒါကြောင့် အခုလိုမုန်တိုင်းဝင်မယ်လို့ ကြိုတင်ခန့်မှန်းချက်တွေ ထွက်လာလို့ ဒေသခံအချို့က စိုးရိမ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ဒီသတင်းက ရခိုင်ပြည်နယ်ဘက်မှာလည်း ပျံ့နှံ့နေသလို မြစ်ဝကျွန်းပေါ်ဘက်မှာလည်း မုန်တိုင်းဝင်မယ်လို့ သတင်းတွေထွက်နေတယ်လို့ မြောင်းမြမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
လာမယ့် မေလ ၁၁ ရက်နေ့ ၁၂ ရက်နေ့တွေမှာ ဧရာဝတီတိုင်း ဂေါ်ရင်ဂျီကျွန်းအနီးကို မုန်တိုင်းကြီးတစ်ခု ရောက်လာနိုင်ပြီး မုန်တိုင်းကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းတွေမှာ မုန်တိုင်းမိုးတွေ ရွာနိုင်တယ် ၊ ဧရာဝတီတိုင်း အနောက်ဘက်ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် ၂၄ ပေ အထိမြင့်တက်နိုင်ပြီး လေတိုက်ခတ်နှုန်းမှာ တစ်နာရီ ၉၆ မိုင် ကနေ ၁၁၀ မိုင် အထိတိုက်ခတ်နိုင်တယ်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းတွေထွက်နေတာပါ။
မိုးလေဝသနဲ့ဇလဗေဒဌာနကတော့ အဲဒီလေဖိအားနည်းရပ်ဝန်းဟာ မေလ ၇ နေ့မှာ ဖြစ်ပေါ်လာမှာ ဖြစ်သလို ဘယ်အဆင့်အထိ အင်အားကောင်းတဲ့မုန်တိုင်းဖြစ်လာမယ် မဖြစ်ဘူးဆိုတာကိုတော့ ခန့်မှန်းဖို့ စောသေးတယ်လို့ ပြောပါတယ်။
“ ခန့်မှန်းတယ်ဆိုတာ အနည်းဆုံး လေဖိအားနည်းရပ်ဝန်း အဆင့်လောက်က ခန့်မှန်းတာတောင် ဘယ်သွားမယ်၊ ဘယ်လောက်ထိပြင်းမယ်ဆိုတာ ပြောလို့မရနိုင်သေးဘူး မုန်တိုင်းငယ် အဆင့်ဖြစ်လာမှ ပြောနိုင်တဲ့ အနေအထားရှိတယ်။ အခုခန့်မှန်းချက်တွေအတိုင်း ပြောဖို့စောပါသေးတယ်”လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ပြောခွင့်ရသူ ဦးလှထွန်းက ပြောပါတယ်။
“မုန်တိုင်းဝင်မယ်တော့ကြားတယ်။ ဒီရက်ပိုင်း မိုးအုံ့တာ လေတိုက်တာနည်းနည်းပဲရှိတယ်။ မိုးမရွာသေးတော့ အပူရှိန်များပြီး လူတော်တော်များများ အပူရှပ်ပြီးဖျားကြတယ်” လို့ မြောင်းမြမြို့ခံတစ်ဦး ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုးဇလ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုလို မုတ်သုံရာသီအစဖြစ်တဲ့ မေလမှာ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်ပေါ်တတ်သလို မကြာခဏမုန်တိုင်းတိုက်ခတ်တာတွေကို ကမ်းရိုးတန်းဒေသတွေမှာ နှစ်စဉ်ကြုံတွေ့နေရဆဲဖြစ်တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေအရ ဒီရက်ပိုင်းဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်က ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတွေအတွက်တော့ စိုးရိမ်မှုတွေရှိနေကြပေမဲ့ ကြိုတင်အသိပေးမှု လက်လှမ်းမီမီရရှိနိုင်ဖို့ခဲယဥ်းတာကြောင့် ဒီရာသီဥတုဒဏ်ကိုတော့ နှစ်စဉ် အနည်းနဲ့အများဆိုသလို ကြုံတွေ့နေကြရပါတယ်။
ဒါနဲ့ပတ်သက်လို့ မြေပုံမြို့နယ် ငပသုန်ကျေးရွာက ရေလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းသိန်းက သတိပေးချက်တွေ အချိန်မီထုတ်ပြန်ပေးနိုင်ရင် ဒေသခံတွေအတွက် အကျိုးရှိနိုင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း အခုလို အချိန်အခါမဟုတ် ရုတ်တရက်မုန်တိုင်းကျရောက်ခဲ့တဲ့ အတွက် မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာ၊ ပြင်ဝန်းကျေးရွာနဲ့ ပေါက်တောမြို့နယ် ကျောက်ငနွားရွာ စတဲ့နေရာတွေက ရေလုပ်သား ၁၀ ဦးကျော် လှေမှောက်ပြီး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာ ဆိုးရွားအပြင်းထန်ဆုံး နာဂစ် မုန်တိုင်း ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး လူပေါင်း တစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ပါတယ်။








