ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗန်းမော်ကို အဝင်အထွက်ပိတ်ထားလို့ ကုန်စျေးနှုန်းတွေ အဆမတန်တက်
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ တခြားမြို့နယ်တွေကို သွားလာလို့ မရဘဲ အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့ကနေ သွားလို့ရတဲ့ လွယ်ဂျယ်-တရုတ်နယ်စပ်ဒေသအပြင် ဗန်းမော်ကနေ မန္တလေး၊ ဗန်းမော်-မြစ်ကြီးနား လမ်းမှန်သမျှလည်း ပိတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ပိတ်ဆို့ခံထားရတာတွေကြောင့် ဗန်းမော်မြို့မှာ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး လုံခြုံရေးအရလည်း စိုးရိမ်မှုတွေ ဒေသခံတွေမှာ ဖြစ်ပေါ်နေပါတယ်။
ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ခရိုင်ရုံးစိုက်ရာ မြို့လည်းဖြစ်ပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ဗန်းမော်မြို့ဟာ မြို့တော်မြစ်ကြီးနားရဲ့ တောင်ဘက် ၁၁၅ မိုင် အကွာမှာတည်ရှိပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့် အကွာမှာရှိပါတယ်။ KIO အခြေစိုက်ရာ လိုင်ဇာမြို့ကတော့ ဗန်းမော်နဲ့ မြစ်ကြီးနားအကြား တည်ရှိပြီး ဗန်းမော်မြို့ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်မှာ တည်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့က နမ်ဆန်ယန်မှာ ဖြစ်တဲ့ တိုက်ပွဲတွေ ကြောင့် နမ်ဆန်ယန်ကို ဖြတ်သွားရတဲ့ ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းကတော့ ပိတ်ထားတာ လနဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။
ဒါကြောင့် ဗန်းမော်ကနေ မြစ်ကြီးနားကို လာမယ်ဆိုရင် မန္တလေးလမ်း ဘက်ကနေ ပတ်လာရတဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ သွားလာနေကြသူတွေက ဆိုပါတယ်။
လက်ရှိမှာတော့ ဗန်းမော်မြို့ကို စစ်ကောင်စီရဲ့ ရိက္ခာတင် သင်္ဘော ၉ စီး ဆိုက်လာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ကတည်းက ဗန်းမော်-မန္တလေးလမ်းကိုလည်း ပိတ်ထားသလို ဗန်းမော်ကနေ သွားတဲ့ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ လွယ်ဂျယ်ဘက်က ခရီးသွားကားတွေပါ အခုရက်ပိုင်း သွားလာလို့မရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုလို တရားဝင် ကြေညာခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှုကို ကန့်သတ်ပြီး အဝင်အထွက်တွေကို ပိတ်ထားတာဟာ စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ အပါအဝင် ကချင်ဒေသကို ဝင်ရောက်နေတဲ့ ကုန်စည်တွေကို ဖြတ်တောက်လိုတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ခရီးစဉ်တွေကတော့ လောလောဆယ်ကားလိုင်းတွေကတော့ ပိတ်ထားတယ်။ လက်မှတ်တွေလည်း မရောင်းဘူး။ အဓိကကတော့ ဗန်းမော်-မန္တလေး-ရန်ကုန် ပေါ့။ မြစ်ကြီးနားဘက်ကိုလည်း အရင်က မန္တလေးလမ်းကနေ သွားတာကို အခု ပိတ်ထားတော့ သွားလို့မရဖြစ်နေတာပေါ့" လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါအပြင် ဗန်းမော်ကနေသွားတဲ့ ကုန်းလောနဲ့ မြို့သစ်ဘက်ကိုလည်း နမ်ဆန်ယန်ဘက်ကို ခရီးရောက်နိုင်တာကြောင့် သတ်မှတ်ထားတဲ့ ပစ္စည်းတွေနဲ့ ဆန်၊ ဆီ သယ်ယူလို့မရတဲ့အပြင် လူတစ်ယောက်ကို အိတ်တစ်လုံးပဲ ယူလို့ရတယ်လို့ ဆိုပါတယ်။
လက်ရှိ ဗန်းမော်မှာတော့ ကုန်သွယ်ရေးလမ်းတွေ ပိတ်နေတာဖြစ်လို့ ပုံမှန်ထက် အဆမတန်ဈေးမြင့်နေသလို တချို့ပစ္စည်းတွေဆို ပြတ်နေပြီး ပုံမှန်ချိန် စားသုံးလေ့မရှိကြတဲ့ အပုပ် အပျက် ပစ္စည်းတွေကိုတောင် ဈေးမြင့်မြင့်ပေးပြီး ဝယ်စားနေရတဲ့ အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။
ဆန်၊ ဆီ အပါအဝင် အခြေခံ စားသောက်ကုန်စျေးတွေ ကုန်စျေးနှုန်းတွေတောက်လျှောက်တက်နေသလို ဆန်တစ်အိတ်ကို တစ်သိန်းငါးသောင်း အထိ လက်ရှိဖြစ်နေတယ် လို့ဗန်းမော်မြို့ခံ စျေးသည်တစ်ဦးက ပြောပါတယ်။
ဗန်းမော်ဈေးဟာ ကမ်းနားမှာဖြစ်တဲ့အပြင် မြို့တွင်းထဲမှာလည်း စစ်ကောင်စီရဲ့ လုံခြုံရေး ယူထားတဲ့အနေအထားတွေကြောင့် တစ်ချို့ ဗန်းမော် ဒေသခံတွေဆိုရင် ဈေးထွက်မဝယ်ရဲတာ ရှိတယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်သင်္ဘော ၉ စီး ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ စနေနေ့က ရောက်လာပြီး သင်္ဘောပေါ်ကနေ ရိက္ခာသယ်ယူမှုတွေ ပြုလုပ်နေတာကြောင့် ဗန်းမော်မြို့တွင်း လမ်းတချို့ကိုလည်း ပိတ်ထားတာကြောင့် ရှောင်ကွင်း သွားနေရတဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ကတော့ ဗန်းမော်မြို့သူ မြို့သားနဲ့ ခရီးသွားတွေအတွက် ဗန်းမော် PDF က စာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ထုတ်ပြန်ချက်မှာတော့ အခုအချိန်ဟာ စစ်ရေးတင်းမာနေတဲ့အချိန် လုံခြုံရေးအရ စစ်ဆေးမှုများရှိလို့ ဗန်းမော်ကနေ မန္တလေး၊ ဗန်းမော်ကနေ မြစ်ကြီးနား၊ ဗန်းမော်-လွယ်ဂျယ်လမ်းကို ကုန်တင်ကြတဲ့ ၁၂ ဘီး၊ ၁၀ ဘီး၊ ၆ ဘီးကားကြီးတွေ မဖြစ်မနေ အဲဒီကားလမ်းတွေကို အသုံးပြုမယ်ဆိုရင် မိုးကာတခြမ်းသာအုပ်ဖို့နဲ့ ကားမှန်ချထားဖို့၊ စစ်ဆေးချိန်မှာ ပူးပေါင်းပေးဖို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဗန်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး ကျေးရွာအချို့ကို စစ်ကောင်စီဘက်က တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတာတွေလည်း ရှိပါတယ်။