ကတ်ကိုဘိန်းရဲ့ ဂစ်တာ နောက်တစ်လက် ဒေါ်လာတစ်သန်းကျော် ထပ်ရပြန်ပြီ - နိုဝင်ဘာ ၁၈ ရက် နိုင်ငံတကာ သတင်းများ

နီဗားနားရဲ့ နောက်ဆုံး ခရီးစဉ်မှာ ကက်ကိုဘိန်း တီးခဲ့တဲ့ ဂစ်တာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နီဗားနားရဲ့ နောက်ဆုံး ခရီးစဉ်မှာ ကက်ကိုဘိန်း တီးခဲ့တဲ့ ဂစ်တာ

အမေရိကန် ရော့ခ် ဂီတ တီးဝိုင်း နီဗားနားအဖွဲ့ကို ဦးဆောင်သူ ဖြစ်တဲ့ ကွယ်လွန်သူ ဂီတ ပညာရှင် ကတ်ကိုဘိန်း တီးခဲ့တဲ့ ဂစ်တာတစ်လက်ကို ဒေါ်လာ ၁.၆ သန်း နီးပါးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

လေလံပွဲမှာ အခုလို ဂစ်တာ တစ်လက်ကို ဒေါ်လာ တစ်သန်း အထက် ရတာမျိုး အင်မတန် ရှားပါတယ်။

အခု ဂစ်တာဟာ ဘယ်သန်တွေ အတွက် ထုတ်ထားတဲ့ မိုးပြာရောင် ဖဲန်ဒါ မာ့စ်တန် Fender Mustang ဂစ်တာ ဖြစ်ပြီး၊ လွန်ခဲ့တဲ့ အနှစ် ၃၀ နီဗားနား အဖွဲ့ရဲ့ နောက်ဆုံး လှည့်လည် ဖျော်ဖြေပွဲ ခရီးစဉ်မှာ ကတ်ကိုဘိန်း တီးခဲ့တာ ဖြစ်ပါတယ်။

ဘယ်ကျော်တွေတီးဖို့ ထုတ်ထားတဲ့ မိုးပြာရောင် ဖဲန်ဒါ မာ့စ်တန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘယ်ကျော်တွေတီးဖို့ ထုတ်ထားတဲ့ မိုးပြာရောင် ဖဲန်ဒါ မာ့စ်တန်

များသောအားဖြင့် ကတ်ကိုဘိန်းဟာ စင်ပေါ်မှာ ဂစ်တာတွေကို ရိုက်ချိုးလေ့ ရှိပေမယ့် အခု ဒီတစ်လက်က ရှားရှားပါးပါး အကောင်းအတိုင်း ကျန်နေခဲ့တဲ့ အနည်းငယ်ထဲက တစ်လက် ဖြစ်ပါတယ်။

ကတ်ကိုဘိန်းဟာ အသက် ၂၇ နှစ် အရွယ် ၁၉၉၄ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့ပါတယ်။

ကတ်ကိုဘိန်း မသေဆုံးခင် လအနည်းငယ်တုန်းက နီဗားနား အဖွဲ့ ရိုက်ခဲ့တဲ့ MTV ထဲမှာ ကတ်ကိုဘိန်း တီးခဲ့တဲ့ Martin D-18E ဟော်လို ဂစ်တာကတော့ ဒေါ်လာ ၆ သန်း အထိ စံချိန်တင် ရရှိထားပါတယ်။

အယ်လ်-ရှီဖာရဲ့ အခြေအနေ

လူနာ အယောက် ၄၅၀ ရဲ့ အခြေအနေဟာ နေရာ ရွှေ့ပြောင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆရာဝန်တွေ ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူနာ အယောက် ၄၅၀ ရဲ့ အခြေအနေဟာ နေရာ ရွှေ့ပြောင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆရာဝန်တွေ ပြော

ဂါဇာမြို့ ရဲ့ အကြီးဆုံး ဆေးရုံ အယ်လ်-ရှီဖာ ကနေ လူရာပေါင်းများစွာကို ခြေကျင် ကယ်ထုတ် ပေးနေပါတယ်။ တစ်နာရီ အတွင်း အယ်လ်-ရှီဖာကနေ ထွက်ပေးရမယ်ဆိုတဲ့ နောက်ဆုံး ရာဇသံပေးချက်ကို အစ္စရေး စစ်တပ်က အသံချဲ့စက်တွေနဲ့ အော်နေခဲ့ကြတယ် ဆိုပြီး အယ်လ်-ရှီဖာမှာ ရှိတဲ့ ဆရာဝန်တွေက ပြောပေမဲ့၊ အစ္စရေး စစ်တပ်ကတော့ သူတို့ အဲဒီလို မပြုလုပ်ဘူး ဆိုပြီး ငြင်းဆန်ပါတယ်။

ဆေးရုံအုပ်ချုပ်သူရဲ့ တောင်းဆိုချက်ကို အစ္စရေး စစ်တပ်က သဘောတူပြီး လူတွေကို ရွှေ့ပြောင်း ပေးနိုင်ရေး အစီအစဉ်ကို တိုးချဲ့ လုပ်နိုင်ဖို့ရာ အကူအညီ ပေးနေတယ် ဆိုပြီး အစ္စရေး စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

အယ်လ်-ရှီဖာ ဆရာဝန်တွေကတော့ အဲဒီမှာ ရှိတဲ့ လူနာ အယောက် ၄၅၀ ရဲ့ အခြေအနေဟာ နေရာ ရွှေ့ပြောင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောနေပါတယ်။

အယ်လ်-ရှီဖာ ဆေးရုံဝန်းထဲက မြေအောက် လိုဏ်ခေါင်းတွေထဲ ဟားမတ်စ် အဖွဲ့ရဲ့ အမိန့်ပေး ကွပ်ကဲရေး စခန်း ရှိနေတယ် ဆိုပြီး အစ္စရေး စစ်တပ်က ရှာဖွေ နေပါတယ်။

သိုလှောင်ထားတဲ့ လက်နက် တချို့ကို တွေ့ထား ပေမယ့် အခုထိတော့ ဟားမတ်စ်ရဲ့ အမိန့်ပေး စခန်း အဲဒီမှာ ရှိနေတယ် ဆိုတဲ့ သက်သေ အထောက်အထားမျိုး ရှိမနေသေးပါဘူး။

လူနေ တိုက်ခန်း ၂ ခန်းမှာ နေထိုင်ကြတဲ့ စုစုပေါင်း လူဦးရေ ၂၆ ယောက် သေဆုံးသွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူနေ တိုက်ခန်း ၂ ခန်းမှာ နေထိုင်ကြတဲ့ စုစုပေါင်း လူဦးရေ ၂၆ ယောက် သေဆုံးသွား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂါဇာတောင်ပိုင်းမှာတော့ ခန်းယွန်နစ္စမှာ ရှိတဲ့ လူနေ အထပ်မြင့် အဆောက်အအုံ တစ်လုံး အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု ခံခဲ့ရတဲ့ အတွက်၊ လူနေ တိုက်ခန်း ၂ ခန်းမှာ နေထိုင်ကြတဲ့ စုစုပေါင်း လူဦးရေ ၂၆ ယောက် သေဆုံး သွားရတယ် ဆိုပြီး အဲဒီမှာ ရှိနေတဲ့ အရေးပေါ်ကယ်ဆယ်ရေး ဆေးဝန်ထမ်းတွေက ပြောပါတယ်။

သေဆုံးသွားသူတွေနဲ့ ဆွေမျိုး တော်စပ်သူ တစ်ဦး ဖြစ်တဲ့ လေယာ့ဒ် အယ်လ်-ဇိုင်ယမ် ဆိုသူက ဒီတိုက်ခိုက်ခံရမှု အတွင်း သေဆုံးသွားသူတွေဟာ ကလေးသူငယ်တွေ ဖြစ်တယ် ဆိုပြီး ရင်ခွဲရုံ အပြင်ဘက်မှာပဲ ဘီဘီစီကို ပြောပါတယ်။

“ခန္ဓာကိုယ်တွေဟာ အပိုင်းပိုင်း ပြတ်တောက်နေပါတယ်။ သူတို့ရဲ့ မစ်ဆိုင်းဒုံး အဆောက်အအုံကို လာမှန်တာပါ။ သေသွားကြသူတွေဟာ တော်လှန်ရေးအဖွဲ့ နဲ့လည်း ပတ်သက်ကြသူတွေ မဟုတ်ပါဘူး။ အားလုံး ကလေးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ကြပါတယ်” လို့ ဆိုပါတယ်။

အဲဒီအရပ်မှာ ရှိနေတဲ့ ဟားမတ်စ်အဖွဲ့ကို ဦးတည်ပြီး တိုက်ခိုက်လာမှာ ဖြစ်တဲ့ အတွက် ယာယီနေထိုင်ရာ နေရာတွေဆီ ပြောင်းရွှေ့ ကြဖို့ အစ္စရေး စစ်တပ်က အစောပိုင်းတုန်းက စာရွက်တွေ ကြဲချ နေခဲ့ပါတယ်။ ဒါ့ကြောင့် ဂါဇာမြို့ကနေ ဂါဇာကမ်းမြောင် တောင်ပိုင်း အရပ်ကို ထွက်ပြေး လာခဲ့ကြတဲ့ သိန်းနဲ့ ချီတဲ့ ပါလက်စတိုင်းတွေဟာ ထပ်ပြီး နေရာ ရွှေ့ ပေးရမဲ့ အခြေအနေမှာ ရှိနေပါတယ်။

အဲဒီမှာ လောစာဆီ ပြတ်တောက်မှုကြောင့် စာနာမှု ဆိုင်ရာ အကျပ်အတည်းဟာ ပိုပြီး ဆိုးရွား နေတယ်လို့ ကူညီရေး အဖွဲ့တွေက ပြောပါတယ်။ မနေ့ သောကြာနေ့တုန်းက လောင်စာဆီတင် လော်ရီကား နှစ်စင်းကို အစ္စရေးဘက်က ဝင်ခွင့် ပြုခဲ့ပေမဲ့၊ အဲဒီလောက် ပမာဏနဲ့ ဘယ်လိုမှ မလုံလောက်ဘူးလို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ပြောနေကြပါတယ်။

နိုင်ငံရေး အကြောင်းအရာတွေကို ရှောင်လွှဲပြီး ကြေညာချက်ထုတ်တဲ့ အေပက် ထိပ်သီး ဆွေးနွေးပွဲ

ဆန်ဖရန်စစ္စကိုမြို့ အေပက် ထိပ်သီး ဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန်ဖရန်စစ္စကိုမြို့ အေပက် ထိပ်သီး ဆွေးနွေးပွဲ

အာရှနဲ့ ပစိဖိတ် ဒေသ နိုင်ငံတွေ စီးပွားရေး အတူ ပူးပေါင်း လုပ်ကြဖို့ ဖွဲ့ထားတဲ့ အေပက် APEC အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကြား ဂါဇာနဲ့ ယူကရိန်း တို့ထဲ ပေါ်ပေါက်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်လို့ ဘုံရပ်တည်ချက် သဘောထားမျိုး ရမလာ နိုင်ခဲ့ပါဘူး။

အေပက် ထိပ်သီး အစည်းအဝေးကို အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယား ပြည်နယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်သီးညီလာခံ အဆုံးသတ် ထုတ်ပြန်တဲ့ ကြေညာချက်ထဲ နိုင်ငံရေး ကိစ္စချင်းရာတွေ အပေါ် အသေးစိတ် ပြောဆိုထားတာမျိုး မလုပ်ပဲ ရှောင်လွှဲထားတာ တွေ့ရပါတယ်။

ဂါဇာထဲက ပဋိပက္ခ အပေါ် အမြင်တွေ ဖလှယ်ခဲ့ကြတယ် ဆိုတာမျိုးပဲ ထုတ်ပြန်ချက်ထဲ ဖော်ပြထားသလို၊ ယူကရိန်းထဲက စစ်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း အေပက် အဖွဲ့ဝင် အများစုက ယူကရိန်းအပေါ် ကျူးလွန်တဲ့ ရုရှားရဲ့ ရန်လိုမှုကို ကန့်ကွက် ရှုတ်ချတယ် ဆိုတာမျိုးထက် ပိုပြီး ရေးသားမထားပါဘူး။

မွတ်ဆလင် အများစု နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့ ကတော့ ဂါဇာမှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ သီးသန့် ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုပါတယ်။ ဆန်ဖရန်စစ္စကို မြို့ သတင်းစာ ရှင်းလင်းပွဲမှာ ဂျပန်၀န်ကြီးချုပ် ဖူမိအို ကီရှီဒါက အခုလို ပြောပါတယ်။

“ဂျပန်ဟာ မဟာမိတ် နိုင်ငံတွေ၊ စိတ်တူကိုယ်တူ ရှိတဲ့ နိုင်ငံတွေနဲ့ အတူ လက်တွဲလို့ လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာ အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်လာဖို့ရာ ဥပဒေ စိုးမိုးမှု အခြေခံကနေ ကြိုးစားနေပါတယ်။ တွေ့ကြုံ လာရတဲ့ စိန်ခေါ်မှု အမျိုးမျိုး အတွက်လည်း ရှုထောင့် ပေါင်းစုံကနေ ဆွေးနွေး အဖြေရှာနေပြီး၊ ဖြေရှင်းရေး နည်းလမ်းတွေကို ကိုယ်စီကိုယ်ငှ ထည့်၀င်လို့ အားလုံးအတူ မျှဝေ လုပ်ဆောင်ကြပါတယ်” ဆိုပြီး ဂျပန်၀န်ကြီးချုပ် ပြောသွားပါတယ်။

ဆူဒန် ပြည်တွင်းစစ်ကြောင့် နိုင်းမြစ်ပေါ်က ဆည်ကြီး ကျိုးကျမှာလား

မြို့တော်ကနေ ကီလိုမီတာ ၄၀ လောက်ပဲ ဝေးတဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြို့တော်ကနေ ကီလိုမီတာ ၄၀ လောက်ပဲ ဝေးတဲ့နေရာ

နိုင်းမြစ်ပေါ်မှာ ရှိတဲ့ အော်လီယာ ဆည်တမံကြီး ထိခိုက် ပျက်စီးသွားတာနဲ့ ပတ်သက်လို့ ဆူဒန်မှာ တိုက်ခိုက်နေကြတဲ့ ဆူဒန် စစ်တပ်နဲ့ RSF ပြည်သူ့ စစ် အဖွဲ့တို့ တစ်ဘက်နဲ့ တစ်ဘက် စွပ်စွဲ ပြောဆို နေပါတယ်။

အော်လီယာ ဆည်တမံဟာ မြို့တော် ခါတွမ်းကနေ တောင်ဘက် ကီလိုမီတာ ၄၀ ၀န်းကျင် အကွာမှာ တည်ရှိပြီး၊ အနီးတဝိုက်မှာ ဆူဒန် စစ်တပ်ရဲ့ အခြေစိုက် စခန်း တစ်ခုလည်း ရှိပါတယ်။

ထိခိုက် ပျက်စီးသွားတဲ့ အတိုင်းအတာ ပမာဏကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့၊ ရေကြီး ရေလွှမ်းတာ အကြီးအကျယ် ဖြစ်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဗျူဟာမြောက် အရေးပါတဲ့ ရှမ်ဘတ်တံတားကို ဘယ်သူ ဖျက်ဆီးခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့တစ်ဖက် အပြစ်ဖို့ ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက စလို့ ပေါ်ပေါက်လာခဲ့တဲ့ ဆူဒန်ပြည်တွင်းစစ်ကြောင့် သေဆုံးရသူ သောင်းနဲ့ချီ ရှိနေပြီလို့ ခန့်မှန်းရပြီး လူ ၆ သန်းလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဖြစ်ပါတယ်။

လိုဏ်ခေါင်းပြိုကျတဲ့အောက် ပိတ်မိနေသူတွေထံ အရောက်သွားနိုင်မလား

လွန်နဲ့ဖောက် သံမဏိပိုက်ထည့်ပြီး ကယ်ဖို့ ကြိုးစား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွန်နဲ့ဖောက် သံမဏိပိုက်ထည့်ပြီး ကယ်ဖို့ ကြိုးစား

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အူတာရာခန်း ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပေါ်ပေါက်ခဲ့တဲ့ မြေအာက် လိုဏ်ခေါင်း ကားလမ်း ပြိုကျမှုအတွင်း ပိတ်မိနေတဲ့ အလုပ်သမား အယောက် ၄၀ ရှိရာဆီ ရောက်နိုင်ဖို့ရာ ကယ်ဆယ်ရေး လုပ်ငန်းတွေ နောက်တချီ ပြန်စဖို့ ကြိုးစားနေပါတယ်။

မနေ့ သောကြာနေ့တုန်းကတော့ ကွဲအက် ပြိုကျသံလိုမျိုး အသံတစ်ခု ရုတ်တရက် ထွက်လာခဲ့တဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းကို ဆိုင်းငံ့လိုက်ရပါတယ်။ အပျက်အစီးပုံကြီးကို လွန်စက်တွေနဲ့ ဖောက်၊ သံမဏိ ပိုက်လုံး စိုက်သွင်းပြီး အထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်နေခဲ့တာပါ။

လွန်စက်တွေနဲ့ ဖောက်တိုင်း အပျက်အစီး အပိုင်းအစတွေ ပိုပြီး ကျရောက် လာခဲ့တာကြောင့် နှောင့်နှေး နေခဲ့ရပါတယ်။ အက်ကွဲသံလိုမျိုး ထွက်လာခဲ့တဲ့ နောက်မှာတော့ လိုဏ်ခေါင်း ပြိုကျမှု နောက်တစ်ကြိမ် ဖြစ်လာပြီး အခြေအနေ ပိုဆိုး သွားမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။