နိုင်ဂျီးရီးယားက အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ဖို့ ပြင်နေကြောင်း ထရမ့်ပြောဆို

 နိုင်ဂျီးရီးယားကို အကူအညီဖြတ်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ဂျီးရီးယားကို အကူအညီဖြတ်မယ်လို့ ဒေါ်နယ်ထရမ့်ပြော
    • ရေးသားသူ, ဂျိုးဆက် ဝင်းတား

နိုင်ဂျီးရီးယားက အစွန်းရောက် အစ္စလာမ္မစ်အုပ်စုတွေကို နှိမ်နင်းရေးအတွက် ပြင်ဆင်ထားဖို့ အမေရိကန်စစ်တပ်ကို သမ္မတထရမ့်က အမိန့်ပေးခဲ့ပါတယ်။

နိုင်ဂျီးရီးယား အစိုးရက ခရစ်ယာန်တွေကို ကာကွယ်ပေးဖို့ ပျက်ကွက်တယ်လို့လည်း သူက စွပ်စွဲပါတယ်။

ဘယ်သတ်ဖြတ်မှုတွေကို ရည်ညွှန်းသလဲ ထရမ့်က မပြောပေမယ့် နိုင်ဂျီးရီးယား ခရစ်ယာန်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိတယ် ဆိုတဲ့ သတင်းတွေက ဒီလပိုင်း သီတင်းပတ်တွေအတွင်း အမေရိကန် လက်ယာအုပ်စုတွေကြားမှာ ပြန့်နှံ့နေပါတယ်။

နိုင်ဂျီးရီးယားမှာ ခရစ်ယာန်တွေဟာ မွတ်ဆလင်တွေထက် ပိုပြီး သတ်ဖြတ်ခံနေရတယ်ဆိုတဲ့ အထောက်အထား မရှိကြောင်း ဒီဒေသက ဆူပူမှုတွေကို လေ့လာနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ နိုင်ဂျီးရီးယားက ဒီဘာသာရေးအုပ်စုကြီးနှစ်ခုရဲ့ ဘာသာဝင်ဦးရေက ညီတူနီးပါး ရှိနေပါတယ်။

ဒီ ဂျီဟတ်ဝါဒီအုပ်စုတွေကို နှိမ်နင်းရေးမှာ အတူ ပူးပေါင်းသင့်ကြောင်းလည်း နိုင်ဂျီးရီးယား သမ္မတရဲ့ အကြံပေးတဦးက ဘီဘီစီကို ပြောပါတယ်။

ထရမ့်က နိုင်ဂျီးရီးယားအတွက် ဂျီဟတ်ဝါဒီတွေကို ကူညီနှိမ်နင်းပေးချင်ပေမယ့် နိုင်ဂျီးရီးယားဟာ အချုပ်အချာ အာဏာပိုင် နိုင်ငံဖြစ်တယ်ဆိုပြီး ဒန်နီယယ် ဘဝါလားက ပြောပါတယ်။

သူပုန်တွေက ဘယ်ဘာသာဝင်ကိုမှ အထူးတလည် ပစ်မှတ်ထားနေတာ မဟုတ်ဘဲ ဘာသာမျိုးစုံက လူတွေကို သတ်ဖြတ်နေကြောင်းလည်း ဆိုပါတယ်။

နိုင်ဂျီးရီးယား သမ္မတ ဘိုလာ တင်နူဘူက နိုင်ငံမှာ မတူညီတဲ့ ဘာသာဝင်တွေကြား သည်းခံမှု ရှိကြောင်း စောဒက တက်ပါတယ်။ ဒေသစုံက ဘာသာစုံ ပြည်သူတွေကြားမှာ လုံခြုံရေး စိန်ခေါ်မှုတွေ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရေးယူ ဆောင်ရွက်ရေးအတွက် စစ်ဝန်ကြီးဌာနက ပြင်ဆင်ထားဖို့ ညွှန်ကြားထားကြောင်း ထရမ့်က လူမှုကွန်ရက်မှာ စနေနေ့က ရေးသားခဲ့ပါတယ်။

နိုင်ဂျီးရီးယားအစိုးရက မဖြေရှင်းပေးရင် အမေရိကန်တပ်လွှတ်ပြီး အင်အားသုံး ဖြေရှင်းနိုင်တယ်ဆိုပြီး ထရမ့်က သတိပေးခဲ့ပြီး သိက္ခာမရှိတော့တဲ့ နိုင်ငံကို အကူအညီတွေ ဖြတ်တောက်မယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ တိုက်ခိုက်ရင် အကြမ်းဖက်လူဆိုးတွေက ကျွန်တော်တို့ ခရစ်ယာန်တွေကို တိုက်ခိုက်သလိုပဲ မြန်ဆန်ပြီး ရက်စက်မယ်" လို့လည်း ထရမ့်က ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်ကလည်း "ကောင်းပါပြီ၊ စစ်ဝန်ကြီးဌာနက အသင့်ပြင်နေပါတယ်၊ နိုင်ဂျီးရီးယား အစိုးရက ခရစ်ယာန်တွေကို ကာကွယ်မပေးရင် ဒီကြောက်မက်ဖွယ်ရာ ရက်စက်မှုတွေကို ကျူးလွန်နေကြတဲ့ အစ္စလာမ္မစ် အကြမ်းဖက်သမားတွေကို ကျွန်တော်တို့ သတ်ဖြတ်ရလိမ့်မယ်" ဆိုပြီး ဒီပို့စ်အောက်မှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။

ထရမ့်မှာ ထူးခြားတဲ့ ဆက်သွယ်မှုပုံစံ ရှိပြီး သူ့စကားကို နိုင်ဂျီးရီးယားဘက်က အတည်မယူကြောင်း သူကိုယ်တိုင် ခရစ်ယာန် သင်းအုပ်ဆရာ ဆိုတဲ့ မစ္စတာ ဘဝါလားက ဘီဘီစီကို ပြောပါတယ်။

"ထရမ့်ရဲ့ စိတ်ရင်း သဘောထားက မလုံခြုံမှုကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့ကို ကူညီပေးနေမှန်း သိပါတယ် " ဆိုပြီး ဘဝါလားက ပြောကြားသလို ဒီကိစ္စတွေ ဆွေးနွေးဖို့ လာမယ့်ရက်တွေအတွင်း ထရမ့်နဲ့ တင်နူဘူတို့ တွေ့မယ် မျှော်မှန်းကြောင်းလည်း ဆိုပါတယ်။

အမေရိကန်၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ နိုင်ဂျီးရီးယား သမ္မတပြော

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ နိုင်ဂျီးရီးယား သမ္မတပြော

နိုင်ဂျီးရီးယားမှာ ခရစ်ယာန်တွေရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်တာတွေ ရှိလို့ အထူးစိုးရိမ်ရတဲ့ နိုင်ငံအဖြစ်လည်း စောစောပိုင်းက ထရမ့် ကြေညာခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာ ခရစ်ယာန် ထောင်ချီ အသတ်ခံရတယ်လို့လည်း အထောက်အထားမပြဘဲ သူက ဆိုပါတယ်။

ဒီလို ပြောဆိုမှုက ဘာသာရေး လွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်တဲ့ နိုင်ငံတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက သုံးလေ့ရှိတဲ့ စကားအသုံးအနှုန်း ဖြစ်ပါတယ်။

ဒီကြေညာချက် ထွက်လာပြီးနောက် ဘာသာအားလုံးက ပြည်သူတွေကို ကာကွယ်ရေးအတွက် အမေရိကန်၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ဂျီးရီးယားအစိုးရက ရည်မှန်းထားကြောင်း တင်နူဘူက ပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယားကို ဘာသာရေး သည်းခံမှု မရှိတဲ့ နိုင်ငံအဖြစ် ပုံဖော်တာဟာ တကယ့်အမှန်တရားကို မထင်ဟပ်ကြောင်း သမ္မတရဲ့ ထုတ်ပြန်ချက်မှာ ပါပါတယ်။

ဘိုကိုဟာရမ်နဲ့ အနောက်အာဖရိက အစ္စလာမ္မစ်နိုင်ငံအုပ်စုတို့ နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ ဆယ်နှစ်ကျော် တိုက်ခိုက် ဖျက်ဆီးခဲ့ကြပြီး လူထောင်ချီ သေဆုံးခဲ့ပါတယ်။ ဒီသေသူအများစုက မွတ်ဆလင်တွေ ဖြစ်ကြောင်း ကမ္ဘာတလွှား နိုင်ငံရေး ဆူပူမှုတွေကို လေ့လာတဲ့ Acled အဖွဲ့က ဆိုပါတယ်။

နိုင်ဂျီးရီးယား အလယ်ပိုင်းမှာ မွတ်ဆလင် မွေးမြူရေးသမားတွေနဲ့ ခရစ်ယာန် လယ်သမားအုပ်စုတွေကြား ရေနဲ့ စားကျက်မြေရဖို့ မကြာခဏ တိုက်ခိုက်မှု တွေ ရှိပါတယ်။

အပြန်အလှန် သတ်ဖြတ် တိုက်ခိုက်မှုတွေကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး ရက်စက်မှုတွေက နှစ်ဘက်လုံးအပေါ် ကျူးလွန်ခဲ့ကြပေမယ့် ခရစ်ယာန်တွေကို ပိုပြီး ပစ်မှတ်ထားခံရတယ်ဆိုတဲ့ သက်သေ မရှိကြောင်း အဲဒီ လူ့အခွင့်အရေး အုပ်စုက ပြောပါတယ်။

သူ့သက်တမ်းအတွင်း အမေရိကန် စစ်မခင်းခဲ့ဘူးဆိုတဲ့ အချက်ကို ထရမ့်က မကြာခဏ ကျေနပ်အားရနဲ့ ပြောကြားလေ့ရှိပြီး သူ့ကိုယ်သူ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ သမ္မတအဖြစ် ပုံဖော်လေ့ရှိပါတယ်။

ဒါပေမဲ့လည်း မကျေနပ်တဲ့ အသံတွေက ပြည်တွင်းမှာ ပိုထွက်လာပြီး နိုင်ဂျီးရီးယား အခြေအနေကို အာရုံစိုက်လာတဲ့ လက်ယာအုပ်စုတွေဘက်က ပိုပြောလာကြပါတယ်။

အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် တင်းမာနေတဲ့ နိုင်ဂျီးရီးယား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အပြန်အလှန် သတ်ဖြတ်မှုတွေကြောင့် တင်းမာနေတဲ့ နိုင်ဂျီးရီးယား