သံကြိုးချည် 'နှိပ်စက်ခံ' နေရတဲ့ ကျောင်းသားတွေ နိုင်ဂျီးရီးယား အစ္စလာမ္မစ်ကျောင်းက ပြန်လွတ်လာ

ဗီဒီယို ပုံစာ, ညှဉ်းပန်းခံရသူတွေကို "လူမဆန်အောင် နှိမ့်ချ ဆက်ဆံခံရ" တယ်လို့ ရဲက ဆို

နိုင်ဂျီးရီးယား မြောက်ပိုင်းက အစ္စလာမ္မစ် ဘော်ဒါကျောင်းတကျောင်းမှာ သံကြိုးချည်ပြီး အဖမ်းခံထားရသူ ၆၇ ယောက်ကို ရဲက ပြန်လွှတ်ပေးလိုက်ပြီလို့ အာဏာပိုင်တွေက ဆိုပါတယ်။

အသက် ၇ နှစ်ကနေ ၄ဝ ကြား ကျောင်းသားတွေကို နှိပ်စက် ညှဉ်းပန်းတာတွေ ရှိခဲ့ကြောင်းလည်း သူတို့က ရဲကို ပြောပါတယ်။

အရင်လကပဲ အနားက ကာဒူနာပြည်နယ်မှာ ဒီလို ဘော်ဒါကျောင်းတကျောင်းမှာ ဖမ်းထားတဲ့ ယောက်ျားလေး ၃ဝဝ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

အာလ်မာဂျရီလို့ သိကြတဲ့ ဒီလို အစ္စလာမ္မစ် ဘော်ဒါကျောင်းတွေကို မွတ်ဆလင်များတဲ့ နိုင်ဂျီးရီးယား မြောက်ပိုင်းမှာ အများအပြား တွေ့ရပါတယ်။

ဒီကျောင်းမှာ ယောက်ျားလေးနဲ့ အမျိုးသားတွေကို သံကြိုးချည်ထားပြီး "လူမဆန်အောင် နှိမ့်ချ ဆက်ဆံခံရ" တယ်လို့ တနင်္လာနေ့က ရဲထုတ်ပြန်ချက်မှာ ပါပါတယ်။ တချို့ကို မတော်မတရား ပြုကျင့်တာတွေလည်း ရှိခဲ့ပါတယ်။

"ရိုက်တာ၊ ဆဲရေး ပြောဆို အနိုင်ကျင့်တာနဲ့ အပြစ်ပေးတာတွေကို ဒီမှာ အမြဲလုပ်တယ်၊ ကျွန်တော်တို့ကို စာသင်ပေးနေတယ်ဆိုပြီး ဇာတ်လမ်းဆင်ထားတာ၊ ဘုရားစူးရစေရဲ့ ၊ စာသင်တာ မဟုတ်ပါဘူး" လို့ လာဝါး အာမက် ဆိုတဲ့ ကျောင်းသားက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

နိုင်ဂျီးရီးယား သမ္မတ မိုဟာမက်ဒူ ဘူဟာရီရဲ့ ဇာတိ ဒေါင်ရားက ကျောင်းပိုင်ရှင်ရော ဆရာနှစ်ယောက်ပါ အခု ဖမ်းထားလိုက်ပါပြီ။

Men and boys are pictured after being rescued by police in Sabon Garin, in Daura local government area of Katsina state, Nigeria October 14, 2019

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကျောင်းသားလေးတွေကို မိသားစုတွေဆီ ပြန်ပို့နိုင်အောင် ကြိုးစားနေတယ်

ဒီမှာ ကျောင်းသား ၃ဝဝ ကျော် ကျောင်းအပ်ထားပေမယ့် အများစုက ရဲတွေ မလာခင် ထွက်ပြေးကြတယ်လို့လည်း အဲဒီက ဘီဘီစီသတင်းထောက် အစ်ဟပ် ခါလစ်က ပြောပါတယ်။

ဖမ်းထားတဲ့သူတွေက ဆူပူအော်ဟစ်နေကြပြီး တချို့ဆိုရင် အပြင်ရောက်တဲ့အထိ သံကြိုးတွေ တန်းလန်းပါလာကြတယ်လို့လည်း ကတ်ဆီနာ ပြည်နယ်က ရဲပြောခွင့်ရပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

ကိုရမ်ကျမ်းစာ သင်တဲ့ ကျောင်းအဖြစ် ဆယ်စုနှစ်တွေနဲ့ချီ ရပ်တည်လာတဲ့ ဒီကျောင်းဟာ ကျောင်းသားဆိုးတွေကို ထိန်းကျောင်း ပြုပြင်တဲ့ နေရာလည်း ဖြစ်ပါတယ်။

People with chained legs are pictured after being rescued by police in Sabon Garin, in Daura local government area of Katsina state, Nigeria October 14

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နှစ်တွေနဲ့ချီပြီး နှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေ

ပြန်လည်ထူထောင်ရေး စခန်းတွေ မရှိ

နိုင်ဂျီးရီးယား မြောက်ပိုင်းက အစ္စလာမ္မစ် ဘာသာရေးကျောင်းတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ အများကြီး ထွက်ခဲ့ပြီး လမ်းပေါ်မှာ ကျောင်းသားတွေ တောင်းစားရတာတွေလည်း ရှိခဲ့ပါတယ်။

ဆိုးသွမ်းလူငယ်တွေကို ပြန်လည်ထူထောင်ရေး လုပ်ပေးမယ့် စခန်းတွေ မရှိတဲ့အတွက် ဒီလို အစ္စလာမ္မစ်ကျောင်းတွေကို မိဘတွေက ပို့နေရတာပါ။ ဒါကြောင့် ဒီကျောင်းတွေမှာ ကျောင်းသားဆိုးတွေကို လိမ္မာအောင်ဆိုပြီး ရိုက်နှက် နှိပ်စက် တာတွေ ရှိလာတယ်လို့လည်း ဘီဘီစီသတင်းထောက်က ပြောပါတယ်။

ဗီဒီယို ပုံစာ, ကျိန်စာတိုက်ပြီး လူကုန်ကူးခံရသူများ

ဒီလိုကျောင်းတွေက နှိပ်စက်တဲ့ ကိစ္စတွေကိုလည်း သမ္မတ ဘူဟာရီက ပြစ်တင်ရှုတ်ချခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ကာဒူနာမှာ ဒီလိုကျောင်းတကျောင်းက ကျောင်းသားတွေ လွတ်လာပြီးနောက် "နှစ်ပေါင်းများစွာကြာအောင် လျစ်လျူရှုထားတဲ့ ဒီလို ညှဉ်းပန်းမှုတွေကို ရပ်ကြဖို့နဲ့ ဖော်ထုတ်ကြဖို့ " အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းကြဖို့ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ရိုးရာ အကြီးအကဲတွေကို သမ္မတက ပန်ကြားခဲ့ဖူးပါတယ်။