ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုးပျံတက္ကစီ စီးကြမလား - အယ်လ်အေအိုလံပစ် ၂၀၂၈ မှာ မိုးပျံတက္ကစီတွေ သုံးနိုင်ဖို့ ရည်မှန်းထား
၂၀၂၈ အိုလံပစ်ပွဲတွေ လာကြည့်သူတွေ အနေနဲ့ အင်မတန် ကားကျပ်တယ်လို့ နာမည်ဆိုး ရှိတဲ့ အယ်လ်အေမြို့ကြီးရဲ့ လမ်းတွေကို ကျော်လွှားနိုင်မယ့် နည်း ရှိနေပါတယ်။
အဲ့ဒါကတော့ မိုးပျံတက္ကစီပါ။ နွေရာသီ အိုလံပစ် ပွဲစီစဥ်သူတွေ ရည်မှန်းထားသလို တကယ်တမ်း အကောင်အထည် ပေါ်လာခဲ့ပြီ ဆိုရင် အိုလံပစ် ပရိသတ်တွေဟာ အယ်လ်အေရဲ့ ကောင်းကင်ယံ မိုးပျံတက္ကစီတွေ စီးနိုင်မှာ ဖြစ်ပါတယ်။
လော့စ်အိန်ဂျယ်လိစ်ဟာ ၁၉၃၂ နဲ့ ၁၉၈၄ တို့မှာလည်း နွေရာသီ အိုလံပစ်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၂၈ ဟာ တတိယအကြိမ် ဖြစ်မှာပါ။
ဒီ တတိယ အကြိမ် ပွဲဖြစ်မြောက်ရေးကို ကြီးကြပ်ရတဲ့ ကော်မတီကို အတိုကောက် LA28 လို့ ခေါ်ပါတယ်။ LA28 က ကြေညာချက်တစ်ခု ထုတ်ပါတယ်။ အာချာ အေဗီရေးရှင်း Archer Aviation ဆိုတဲ့ ကုမ္ပဥဏီနဲ့ ပေါင်းပြီး အိုလံပစ်နဲ့ ပါရာလံပစ် အားကစားပွဲတော် ရက်တွေမှာ လေယာဉ် တက္ကစီပြေးဆွဲပေးမယ့် အကြောင်း ဖြစ်ပါတယ်။
အဲဒီ ကုမ္ပဏီဟာ eVTOL လို့ အတိုကောက်ခေါ်တဲ့ ဒေါင်လိုက် ဆင်းနိုင် တက်နိုင်တဲ့ လျှပ်စစ် ယာဉ်ပျံတွေကို အထူးပြု တီထွင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဟိုဇေးမြို့မှာ ရုံးချုပ်ရှိပါတယ်။
ကုမ္ပဏီဘက်ကလည်း LA အိုလံပစ်မှာ သူတို့ ကုမ္ပဏီက တက္ကစီယာဉ်ပျံတွေ အုပ်လိုက် ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။ ပွဲကြည့် ပရိသတ်တွေကို အားကစားပွဲ ရှိတဲ့ နေရာတွေဆီ ဝေဟင်ကနေ အကြို အပို့ လုပ်ပေးမှာ ဖြစ်ပါတယ်။
ကောင်းကင်ပေါ်မှာ တက္ကစီပျံတွေ ရှိလာဖို့ ဆိုတဲ့ အိပ်မက် ရှိခဲ့တာ ကြာပါပြီ။ ပဲရစ်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ တုန်းက လုပ်ခဲ့တဲ့ အိုလံပစ်မှာ ကောင်းကင်တက္ကစီတွေကို ပွဲဦးထွက် အသုံးပြုကြဖို့ စီစဉ် ခဲ့ကြပါသေးတယ်။
ဒါပေမယ့် ဥရောပရဲ့ လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး အေဂျင်စီ အဖွဲ့ဆီက ခွင့်ပြုချက်ကို အချိန်မီ မရခဲ့နိုင်ပါဘူး။ လက်ရှိ အချိန်မှာလည်း အာချာ အေဗီရေးရှင်းဟာ အမေရိကန် ဗဟိုအစိုးရ လေကြောင်း စီမံခန့်ခွဲရေး အဖွဲ့ FAA ရဲ့ ခွင့်ပြုချက် မရသေးပါဘူး။ ဆိုလိုတာက သူတို့ရဲ့ လျှပ်စစ်ယာဉ်ပျံတွေကို စီးပွားဖြစ် အသုံးပြုခွင့် မရှိသေးပါဘူး။
ဒါပေမယ့် ဒီနှစ်ထဲမှာပဲ ခွင့်ပြုချက် ရလာဖို့ မျှော်လင့်ထားတယ်လို့ ကုမ္ပဏီကို ထူထောင်သူလည်းဖြစ်၊ လက်ရှိ စီအီးအို အဖြစ်လည်း ဦးဆောင်နေသူက ပြောပါတယ်။ ရလာပြီ ဆိုရင်တော့ အယ်လ်အေမြို့ကြီးရဲ့ ကောင်းကင်ယံမှာ အိုလံပစ် အချိန်ကျရင် မိုးပျံတက္ကစီတွေ ဥဒဟို ပျံဝဲနေတာကို တွေ့လာရမှာ ဖြစ်ပါတယ်။
ပျံသန်းချိန် ၁၀ မိနစ်ကနေ မိနစ် ၂၀ ထိ ကြာမယ့် ခရီးစဉ်တွေကို ဒီ မိုးပျံ တက္ကစီတွေက လိုက်လံ ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ အိုလံပစ်ပွဲတွေ ကျင်းပတဲ့ နေရာကလည်း တစ်နေရာတည်းမှာ စုနေတာ မဟုတ်ပါဘူး။ အယ်လ်အေ မြို့ကြီးရဲ့ နေရာအနှံ့ ရှိနေမှာ ဖြစ်ပါတယ်။
အခုထိတော့ မိုးပျံတက္ကစီငှားရင် ဘယ်လောက် ကျသင့်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် အူဘာ Uber ကနေ အကောင်းစား ကားတွေ ငှားစီးရင် ကုန်မယ့် ငွေနဲ့ သိပ်ပြီး မကွာအောင် စျေးကို ထိန်းထားမယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဘက်ကရော၊ ကုမ္ပဏီဘက်ကပါ ပြောကြပါတယ်။
အူဘာကို ငှားသလိုပဲ ကိုယ့်ဖုန်းပေါ်က အက်ပ်ကနေ အလွယ်တကူ မိုးပျံ တက္ကစီကို ခေါ်ယူနိုင်မယ်လို့ ဆိုပါတယ်။ မိုးပျံ တက္ကစီတစ်စင်း ပေါ်မှာ ခရီးသည် ၄ ယောက် အထိ လိုက်ပါနိုင်ပါတယ်။ ဒီ လျှပ်စစ် ယာဉ်ပျံတွေဟာ ရဟတ်ယာဉ်တွေလိုပဲ ဒေါင်လိုက် တက်လိုက် ဆင်းလိုက် အလုပ်လုပ်မှာ ဖြစ်ပါတယ်။
eVTOL မိုးပျံ လျှပ်စစ် ယာဉ်တွေကို တီထွက်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတချို့တွေထဲက တစ်ခု ဖြစ်တဲ့ အာချာ ကုမ္ပဏီရဲ့ နောက်မှာ ဘိုရင်းနဲ့ ယူနိုက်တက် အဲလိုင်းတို့လို ကုမ္ပဏီကြီးတွေ ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။
အယ်လ်အေ အိုလံပစ်ကျရင် သုံးမယ့် မော်ဒယ်ကို အာချာက Midnight ယာဉ်ပျံ ဆိုပြီး နာမည်ပေးထားပါတယ်။ အင်ဂျင် ၁၂ လုံးတပ်ထားပြီး ဒလက်တွေ ပါဝင်ပါတယ်။ အသံမကျယ်သလို၊ မီးခိုး စွန့်ထုတ်မှုလည်း သာမန် ရဟတ်ယာဉ်တွေနဲ့ ယှဉ်ရင် အင်မတန် နည်းတယ်လို့ အာချာ ကုမ္ပဏီက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံက မြို့ကြီးတိုင်းလိုလိုမှာ မော်တော်ကား ယာဉ်ကျော ပိတ်ဆို့တဲ့ ပြဿနာ ကြီးကြီးမားမား ရှိနေပါတယ်။ ဒ့ါကြောင့် မိုးပျံ လျှပ်စစ် ယာဉ်တွေကို အနာဂတ်မှာ တွင်တွင်ကျယ်ကျယ် သုံးလာနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ အတော်လေး အချိန်ကုန် သက်သာစေမယ် ဆိုရင် လူအများ သုံးစွဲလာကြမယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမယ့်လည်း တကယ်တမ်း အထမြောက်လာအောင် မိုးပျံယာဉ် ကုမ္ပဏီတွေဘက်က ကျော်လွှားရမယ့် စိန်ခေါ်မှုတွေလည်း အတော်လေး ရှိနေပါတယ်။
လျှပ်စစ် ယာဉ်ပျံတွေ ဖြစ်တဲ့ အတွက် အဓိက ပြဿနာတွေထဲ ဘက်ထရီရဲ့ အတိုင်းအတာ အလေးချိန် ပမာဏနဲ့ စွမ်းဆောင်ရည်တို့ ဟာ ဘေးကင်းလုံခြုံရေး ဆိုင်ရာ စိစစ်ကြတဲ့ အာဏာပိုင်တို့ ဘက်က ခွင့်ပြုပေးနိုင်တဲ့ အတိုင်းအတာ အဆင့်အတန်းမျိုးထိ ရောက်လာဖို့ ဖြစ်ပါတယ်။
အခုအချိန်ထိတော့ FAA လို့ ခေါ်တဲ့ အမေရိကန် ဗဟို အစိုးရ လေကြောင်း ဘေးကင်းလုံခြုံရေး အဖွဲ့ရဲ့ ခွင့်ပြုမိန့် ရထားတဲ့ ယာဉ်ပျံ ရယ်လို့ မရှိသေးပါဘူး။
ယူကေ နိုင်ငံကို ကြည့်ရင်လည်း အနာဂတ် လေကြောင်း ပျံသန်းမှု ဆိုင်ရာ လုပ်ငန်းစဉ် ဆိုပြီး မနှစ် ၂၀၂၄ ကပဲ ယူကေ အစိုးရ ကြေညာထားပါတယ်။ အဲဒီထဲမှာလည်း မိုးပျံ တက္ကစီတွေ ပြေးဆွဲနိုင်ရေး ပါဝင်ပါတယ်။ ယူကေမှာ ၂၀၂၆ အမှီ မိုးပျံ တက္ကစီတွေ စတင် ပျံတက်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။