ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တပ်ရဲ့ သီးခြားလွတ်ငြိမ်းခွင့်ရ ဒေါက်တာအေးမောင်နဲ့ ရွေးကောက်ပွဲစိန်ခေါ်ချက်တွေ
ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို သူ ကျခံဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုလိုက်တာကြောင့် ၂၀၂၅ စစ်တပ်ရဲ့ ရွေးကောက်ပွဲထဲ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသွားပါပြီ။
ဒါက နယ်မြေအများစုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးဘောင်ရှိနေသေးတယ်ဆိုတာကို စစ်တပ်က ပြချင်တာကြောင့်ဆိုတဲ့သုံးသပ်ချက်တွေရှိပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့အမိန့်နဲ့ ဒီလို လူတစ်ဦးအတွက် အမိန့်ထုတ်ပြန်ပေးတာဟာ အလွန်ရှားပါးတဲ့ဖြစ်စဥ် ဖြစ်ပါတယ်။
၁၇ မြို့နယ်ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ အေအေ ထိန်းချုပ်မြို့နယ် ၁၄ မြို့နယ်ရှိနေပေမဲ့ စစ်တပ်က မြို့နယ် ၇ ခုကို ရွေးကောက်ပွဲလုပ်မယ်လို့ စက်တင်ဘာ ဒုတိယပတ်မှာ ကြေညာလိုက်ပါတယ်။
စစ်ရေးပဋိပက္ခနဲ့ ဖြတ်လေးဖြတ်ပြဿနာတွေရှိနေတဲ့ ရခိုင်မဲဆန္ဒနယ်တွေက ဒေါက်တာအေးမောင် နဲ့ သူ့ပါတီအတွက် ဘယ်လိုစိန်ခေါ်ချက်တွေရှိနေလဲ။
လုံခြုံရေး စိုးရိမ်ချက်
ဒေါက်တာအေးမောင် ဟာ အမျိုးသားလွှတ်တော်အတွက် FPTP (နိုင်သူအကုန်ယူစနစ်)နဲ့ စစ်တွေမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ပြည်ထောင်စုတစ်ခုလုံးနဲ့ပတ်သက်တဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို သွားမှဖြစ်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့ အမျိုးသားလွှတ်တော်ကို ပြိုင်ဖို့ ရွေးချယ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
''နှစ် ၈၀ လောက်ကြုံနေရတဲ့ ပြည်တွင်းစစ်သံသရာကနေ ရုန်းထွက်ဖို့၊ တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအပေးအယူမျှဖို့ လိုတာကြောင့်ပါ '' လို့ ဒေါက်တာအေးမောင်ကပြောပါတယ်။
နိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဍိပက္ခချုပ်ငြိမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို လွှတ်တော်နိုင်ငံရေးကပဲ အဆုံးသတ်ပေးနိုင်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
"တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးရပိုင်ခွင့်တွေ အခြေခံဥပဒေပေါ်မှာ ပြဋ္ဌာန်းနိုင်အောင် ကြိုးစားဖို့ လိုတယ်။ ရခိုင်ဒေသ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာအားလုံးသည် ပြည်ထောင်စုရဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တာနဲ့အမျှ ငြိမ်းသွားမယ်"
တဖက်မှာလည်း ရခိုင်ရဲ့ လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်းဟာ ကြားခံလူပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းလို့ရနိုင်တဲ့အခြေအနေ မရှိတော့ဘူးလို့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုနေပါတယ်။
ဒါပေမဲ့ ရခိုင်ရဲ့စစ်ရေးအခြေအနေနဲ့ ဖြတ်လေးဖြတ်(လမ်း၊ရိက္ခာ၊ဆက်သွယ်ရေး၊ပိတ်ဆို့မှု)တွေကြောင့်အပါအဝင် လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။
ဒါကြောင့် လွှတ်တော် ၃ ရပ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၆၄ ဦး ပြင်ဆင်ထားပေမယ့် အကျပ်အတည်းနဲ့ စိုးရိမ်စိတ်တွေ ကြုံနေရတယ်လို့ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။
"ကိုယ်စားလှယ်လောင်းတွေကို ရအောင်တော့ ရှာကြံထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ အမည်စာရင်းထည့်သွင်းပြီးခါမှ မိသားစုတွေရဲ့ စိုးရိမ်ချက်ကြောင့် နောက်ဆုတ်သွားကြတဲ့သူတွေရှိတယ်'' လို့ ဒေါက်တာအေးမောင် က ရှင်းပြပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ နောက်ပိုင်းမှာ စစ်တပ်နဲ့ ပိုမိုရင်းနှီးနဲ့ ဆက်ဆံရေး တည်ဆောက်လိုက်ပြီဆိုတဲ့ဝေဖန်ချက်တွေရှိပါတယ်။
ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရင်း စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ်လွှတ်တော်မှာ မာန်အောင်မြို့နယ်က ဝင်ရောက်အရွေးချယ်ခံရာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ အမ်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက ရခိုင်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် အထိမ်းအမှတ် ရသေ့တောင်မြို့ဟောပြောပွဲမှာ ပြောကြားချက်တွေနဲ့ပတ်သက်လို့ ဖမ်းဆီးခံခဲ့ရပါတယ်။
သူ့ကို နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ပုဒ်မတွေနဲ့ စစ်တွေခရိုင်တရားရုံးကနေ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့တာပါ။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဒေါက်တာအေးမောင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒေါက်တာအေးမောင်ဟာ လွတ်ငြိမ်းကြောင့် လွတ်မြောက်ခဲ့ပေမဲ့ ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေရှိနေပါတယ်။ အဲဒီကျန်ရှိ ပြစ်ဒဏ်တွေရှိနေတဲ့အတွက် ဒေါက်တာအေးမောင်ဟာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်မရှိသလို ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ကျခံဖို့ကျန်ရှိနေတဲ့ပြစ်ဒဏ်တွေကို လက်ရှိမှာ မြန်မာစစ်ခေါင်းဆောင်က ခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ)ရဲ့အမိန့်နဲ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာကြောင့် ဒီဥပဒေနဲ့ ငြိစွန်းမှုလည်း ပယ်ဖျက်သွားတာဖြစ်ပါတယ်။
ရခိုင်အရေးလေ့လာသုံးသပ်သူတချို့ကလည်း ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါက်တာအေးမောင် အရွေးချယ်ခံနိုင်ရေးအတွက် စစ်ကော်မရှင်က ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို ပယ်ဖျက်ပေးလိုက်တာလို့ ဝေဖန်ကြပါတယ်။
ဒါအပြင် ရွေးကောက်ပွဲကော်မရှင်ကတော့ လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်းတင်သွင်းရမယ့်ရက်ကို စက်တင်ဘာ ၁၇ ရက် နောက်ဆုံးရက်သတ်မှတ်ထားတာကို စက်တင်ဘာ ၂၂ ရက်အထိ ၅ ရက် ထပ်တိုးသတ်မှတ်ပေးထားပါတယ်။
တစ်ဖက်မှာလည်း ရခိုင်မှာ ပါတီမဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်ဖို့ရာမှာလည်း ရခိုင်ပြည်နယ်ရဲ့ မြေပြင်အခြေအနေတွေအရ မဖြစ်နိုင်ဘူးလို့ လက်ရှိရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေတဲ့ ရခိုင်နိုင်ငံရေးအကဲခတ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မြေပြင်မှာ "တစ်မြို့နဲ့ တစ်မြို့ ကူးသန်းသွားလာဖို့ မလွယ်ဘူး။ မြို့ထဲကနေ မြို့ပြင်ကိုတောင် ထွက်လို့ မရတဲ့အနေအထားပါ " လို့ ရခိုင်နိုင်ငံရေးအကဲခတ်က သူမြင်နေရတဲ့အခြေအနေကိုပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာပါ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့ မဖြစ်နိုင်တဲ့အခြေအနေလို့ သူက ထောက်ပြပါတယ်။
ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေကို မဲဆွယ်စည်းရုံးတဲ့ကာလကနေ မဲပေးတဲ့ကာလအထိ လုံခြုံရေးအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေလုပ်ပေးရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ်လမှာ ပြောခဲ့ပါတယ်။
သြဂုတ်လ ၁၈ ရက် ကစပြီး စစ်ကော်မရှင်ရဲ့ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေကို လာမယ့် ရွေးကောက်ပွဲအတွက် ပါတီ စည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့် ပြုထားပါတယ်။
တကယ်တမ်းတော့ စစ်တပ်ရဲ့ ၂၀၂၅ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင်းမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မှာလည်း အကန့်အသတ်တွေရှိခဲ့ပါတယ်။
ရခိုင်မှာ အင်အားအကောင်းဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ဟာ စစ်ကောင်စီလက်ထက် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်သစ်လျှောက်ထားရာမှာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ပိုင်ခွင့်မရဘဲ ပယ်ချခံထားရပါတယ်။
အေအေ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပမယ်
ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေအပါအဝင် ရွေးကောက်ပွဲကျင်းပဖို့ မရှိတဲ့လွှတ်တော် ၃ ရပ်ရဲ့ မဲဆန္ဒနယ် ၁၂၁ နယ်ကို စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်(UEC)က စက်တင်ဘာလလယ်မှာ ထပ်မံကြေညာလိုက်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ မရှိတဲ့မဲဆန္ဒနယ်တွေထဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်၊အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၉ နယ် နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅၆ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၂၁ ခု ပါဝင်ပါတယ်။
UEC ရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၀ မြို့နယ်မှာ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၀ နယ်၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၀ နယ်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၀ နယ် မဲဆန္ဒနယ် စုစုပေါင်း ၃၀ တို့မှာ ရွေးကောက်ပွဲ မလုပ်ဘူးလို့ သိရပါတယ်။
အဲဒီ ၁၀ မြို့နယ်ကတော့ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့နယ်တို့ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက မြို့နယ်ပေါင်း ၁၇ မြို့နယ်ထဲက ၇ မြို့နယ်မှာပဲ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပြီး အဲဒီမြို့နယ်တွေက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်း စတဲ့မြို့နယ်တွေဖြစ်ပါတယ်။
ရခိုင်မှာ ရွေးကောက်ပွဲကျင်းပမယ့် ၇ မြို့နယ်ထဲမှာ ဒေါက်တာအေးမောင် ဝင်ပြိုင်မယ့် စစ်တွေအပါအဝင် မာန်အောင်နဲ့ ကျောက်ဖြူစတဲ့ ၃ မြို့နယ်ကိုပဲ မြန်မာစစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်း အပါအဝင် ကျန်တဲ့မြို့နယ်တွေကို အေအေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ ဒေါက်တာအေးမောင် လက်ရှိဦးဆောင်နေတဲ့ ရခိုင့်ဦးဆောင်ပါတီဟာ ရခိုင်ပြည်နယ်ထဲက အမျိုးသားလွှတ်တော် ၆ နေရာ၊ ပြည်သူ့လွှတ်တော် ၁၁ နေရာနဲ့ ပြည်နယ်လွှတ်တော် နေရာ ၂၀ မှာ ဝင်ပြိုင်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ နေရာ၊ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ နေရာ စုစုပေါင်း ၃ နေရာ အနိုင်ရခဲ့ပါတယ်။
အာရက္ခတပ်တော်(အေအေ)ကတော့ သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ခွင့် မပြုဘူးလို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ဩဂုတ်လသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။
"ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထုထောက်ခံမှုမရှိတဲ့ ရွေးကောက်ပွဲဟာ ပြည်သူအတွက် အကျိုးမဖြစ်နိုင်သလို ပြည်သူတွေအတွက် ရှုပ်ထွေးမှုကိုသာ ပိုဖြစ်စေဖို့လို့ မြင်ပါတယ်" လို့ ဦးခိုင်သုခက ပြောခဲ့တာပါ။
ဒေါက်တာအေးမောင်ဟာ စစ်တွေမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တာကြောင့် အနိုင်ရခဲ့မယ်ဆိုရင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒါမှမဟုတ် ဒုတိယသမ္မတရာထူးတွေအထိ ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။
ဒေါက်တာအေးမောင်က ထိပ်ပိုင်းရာထူးတစ်ခုကိုရလာတဲ့အခါ လက်ရှိ ရခိုင်နိုင်ငံရေး အခင်းအကျင်းနဲ့ သဟဇာတဖြစ်လာနိုင်တဲ့အခြေအနေ မရှိနိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်။
''တိုင်းရင်းသားအကုန်လုံးကို ဖိတ်ခေါ်ပါတယ်။ ဖက်ဒရယ်ကို လိုလားပါတယ်တို့၊ နောက်ပြီးတော့ တခြားလူမျိုးတွေကိုလည်း အခွင့်အရေးပေးပါတယ် ဆိုတဲ့ကိစ္စတွေကို လုပ်ဖို့အတွက် ရုပ်သေးရုပ်တွေလိုတယ်လေ။ ထူးပြီးတော့ အံဩနေစရာမရှိဘူး'' လို့ အမည်မသုံးလိုတဲ့ ရခိုင်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပါတယ်။
အလားတူ စစ်တပ်အာဏာသိမ်းထားတဲ့အချိန် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လက်နက်ကိုင်တွန်းလှန်နေတဲ့အချိန်မှာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ စစ်တပ်ကျင်းပတဲ့ရွေးကောက်ပွဲရဲ့အမျိုးသားလွှတ်တော်ထဲဝင်ဖို့ ကြိုးစားတာမျိုး မဖြစ်သင့်ဘူးလို့ စာရေးဆရာ ဝေဟင်အောင်က မှတ်ချက်ပြုပါတယ်။
စာရေးဆရာ ဝေဟင်အောင်ဟာ ဒေါက်တာအေးမောင်နဲ့အတူ ၂၀၁၈ ခုနှစ်က စာပေဟောပြောပွဲမှာ ပါဝင်ခဲ့သလို တူညီတဲ့နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲက အေအေထိန်းချုပ်နယ်မြေတွေမှာ စစ်ရှောင်အရေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။
"စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပါဝင်လိုက်တာက နိုင်ငံရေးအပြင် သမိုင်းမှာပါ မှားယွင်းတဲ့ဘက်မှာ ရပ်တည်လိုက်တာ" လို့ စာရေးဆရာဝေဟင်အောင်က ဒေါက်တာအေးမောင် ရွေးကောက်ပွဲဝင်တာနဲ့ ပတ်သက်လို့ ဝေဖန်ပါတယ်။