ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး ဟစ်ဇ်ဘိုလာ စစ်ပွဲ - လက်ဘနွန်ထဲ အစ္စရေးက ဝေဟင် မြေပြင် ထိုးစစ်တွေ ဆက်လက်လုပ်ဆောင်
လက်ဘနွန်တောင်ပိုင်း ဘင့် ဂျဘီးလ် Bint Jbeil မြို့မှာ၊ ဟစ်ဇ်ဘိုလာ အဖွဲ့ ရဲ့ အမိန့်ပေး စခန်းအဖြစ် အသုံးပြုနေတဲ့ အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်း ဗလီတစ်လုံးကို ဗုံးကြဲခဲ့တယ် ဆိုပြီး အစ္စရေး စစ်တပ်က ပြောပါတယ်။ အဲဒီ ဗလီရဲ့ အနီးမှာ ဆေးရုံ ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါဟာ ဘင့်ဂျဘီးလ် မှာ ရှိတဲ့ ဆာလာ ဂန်ဒေါ Salah Ghandour ဆေးရုံ ရဲ့ ပရိဝဏ်ထဲ အစ္စရေးက လေကြောင်း တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ မြေပြင် သတင်းတွေ ထွက်ပေါ် လာပြီးတဲ့နောက်၊ အစ္စရေး စစ်တပ်ဘက်က လည်း အတည်ပြု ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဆေရုံဘက်က တာဝန်ရှိသူတွေရဲ့ အဆိုအရ သူတို့ရဲ့ ဝန်ထမ်း ၉ ယောက် ဒဏ်ရာရခဲ့ပြီး၊ အများစုကတော့ အစ္စရေးရဲ့ ထွက်ခွာမိန့် ထွက်လာကတည်းက ရှောင်တိမ်း သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“လက်ဘနွန်ပြည်သူတွေကတော့ အခုလို ကြုံရပေါင်း များနေပါပြီ။ လူတွေဟာ နေရေးထိုင်ရေးက အစ ဒုက္ခရောက် နေကြရပါတယ်။ လမ်းတွေပေါ်မှာ အိပ်နေရပါတယ်။ တခြားတိုင်းပြည်ကသူတွေ ဝိုင်းကူပြီး အဖြေရှာမှ ဖြစ်မယ် ထင်တယ်။ လက်ဘနွန် အနေနဲ့ကတော့ ဘာမှ မတတ်နိုင်ပါဘူး” ဆိုပြီး ဘေရွတ် မြို့ခံ တစ်ယောက်က ပြောပါတယ်။
ပိုပြီး မြောက်ပိုင်းကျတဲ့ ထရီပိုလီမြို့မှာတော့၊ မြို့အနီးက ဘက်ဒါဝီ ဒုက္ခသည် စခန်းထဲက လူနေတိုက်ခန်းတစ်ခုကို ပစ်မှတ်ထားပြီး အစ္စရေးက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ပါလက်စတိုင်း မီဒီယာ တချို့ရဲ့ အဆိုအရ အဲဒီမှာ ရှိနေတဲ့ ဟားမတ်စ်အဖွဲ့ တပ်မှူး တစ်ယောက် သေဆုံးသွားပါတယ်။
အယ်လ်-ကဆာမ် Al-Qassam ဆိုတဲ့ ဟားမတ်စ်အောက်က လက်နက်ကိုင် တပ်ဖွဲ့ ခွဲ တစ်ခုရဲ့ တပ်မှူး ဆာအိဒ် အတ္တလာဟ် Saeed Atallah ဖြစ်တယ်လို့ ဟားမတ်စ်ဘက်က အတည်ပြုပါတယ်။ အဲဒီသူရဲ့ မိသားစုဝင် ၃ ယောက်ပါ သေဆုံး သွားတယ်လို့ ဆိုပါတယ်။
“ဘက်ဒါဝီ စခန်းထဲက သူတွေဟာ ဇီယွန်ဝါဒီ ရန်သူတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ အတူ ဒီကနေ့ နိုးထခဲ့ကြရပါတယ်။ တပ်မှူးနေတဲ့ အခန်းကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်။ အာဇာနည်တို့ အချည်းအနှီးမဲ့ သေဆုံးခဲ့ကြတာ မဟုတ်ဘူး”
“သူတို့ဟာ မီးရှူးတန်ဆောင်တွေ သဖွယ် ကျွန်ုပ်တို့ကို လမ်းပြလိမ့်မယ်။ သူတို့ရဲ့ လမ်းစဉ်ကို ကျွန်ုပ်တို့ ဖဝါးခြေထပ် လိုက်ပါမယ်” ဆိုပြီး အခင်းဖြစ်ရာမှာ ရှိနေတဲ့ ဘက်ဒါဝီ ပါလက်စတိုင်း အဖွဲ့ခွဲရဲ့ ပြောရေးဆိုခွင့်ရှိသူ အာတစ်ဖ် ခါလီလ် Atef Khalil ဆိုသူကပြောပါတယ်။
တောင်ဘက် နယ်စပ် ဒေသမှာတော့ ဟစ်ဇ်ဘိုလာ တွေဟာ အစ္စရေး စစ်တပ်နဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင် တိုက်ခိုက်နေပြီး၊ အစ္စရေးတပ်တွေ လက်ဘနွန် တောင်ပိုင်း အာဒါယက်ရှ် ရှိရာ ရောက်မလာနိုင်အောင် ခုခံ ကာကွယ်နေတာ ဖြစ်တယ်လို့ ဟစ်ဇ်ဘိုလာ ဘက်က ပြောပါတယ်။
ဒါ့အပြင် အစ္စရေးရဲ့ မြောက်ပိုင်း ဟိုင်ဖာမြို့နားက ရာမတ် Ramat လေတပ်စခန်းကိုလည်း ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟဇ်ဘိုလာဘက်က ပြောပါတယ်။
အစ္စရေး စစ်တပ်ဘက်ကလည်း လက်ဘနွန်တောင်ပိုင်းမှာ မြေပြင် စစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်နေကြောင်း အတည်ပြုပါတယ်။ သူတို့ အဆိုအရ အကြမ်းဖက်တို့ရဲ့ မြေပေါ် မြေအောက် အခြေခံ အဆောက်အအုံတွေကို ဝင်ရောက် စီးနင်းခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ဟစ်ဇ်ဘိုလာတို့ရဲ့ လက်နက်တွေ အစုလိုက်အပုံလိုက် သိုလှောင်ထားတဲ့ နေရာတချို့ကို ဖျက်စီးနိုင်ခဲ့သလို၊ အစ္စရေးနယ်စပ်မှာ တူးထားတဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေကိုလည်း ဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘေရွတ်မြို့တော် ဆင်ခြေဖုန်း အရပ်တွေမှာ အစ္စရေးက လေကြောင်း တိုက်ခိုက်နေတဲ့ ကြားကပဲ၊ ဘေရွတ် လေဆိပ်မှာတော့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ နိုင်ငံတချို့က စစ်လေယာဉ်တွေ သုံးပြီး လက်ဘနွန်ကနေ ကယ်ထုတ် ပေးနေပါတယ်။ ဗြိတိန်ဆိုရင် ကယ်ထုတ်ခဲ့တဲ့ လေယာဉ် ခရီးစဉ် ၃ ခု ရှိပြီ ဖြစ်ပါတယ်။ မနက်ဖြန် တနင်္ဂနွေနေ့မှာလည်း နောက်တချီ ထပ်မံပြုလုပ်သွားဖို့ ရှိနေပါတယ်။
အဲဒီလို ကယ်ထုတ်နေတဲ့ အထဲ တောင်ကိုရီးယား လေတပ်လည်း ပါဝင်ပြီး၊ သူတို့နိုင်ငံသား ၉၇ ယောက်ကို ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက တစ်ယောက် ဖြစ်တဲ့ ကင်မ် ဆို- ကယောင်း ဆိုသူက တောင်ကိုရီးယားကို ပြန်ရောက်ရောက် ခြင်းမှာပဲ ပြောတာက ….
“ဘေရွတ်မှာ ရှိနေတုန်း ညတိုင်းလို ပေါက်ကွဲသံတွေကြား နေခဲ့ရပြီး၊ အိမ်တစ်ခုလုံးလည်း တုန်ခါ နေခဲ့ပါတယ်။ ဘယ်လိုမှ အိပ်မပျော်နိုင်ခဲ့ပဲ ခက်ခဲတဲ့ နာရီတွေကို ကျော်ဖြတ်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။
နယ်သလန် အစိုးရဆိုရင်လည်း စစ်လေယာဉ်ပျံလွှတ်ပြီး သူ့တို့ နိုင်ငံသားတွေကို ကယ်ထုတ်ခဲ့တာမှာ၊ ကယ်ဆယ်ရေး လေယာဉ် အိုင်ဒ်ဟိုဗင် လေတပ်စခန်းကို လူ အယောက် ၁၅၀ ဝန်းကျင်ကို တင်ဆောင်ရင်း ပြန်ရောက်လာပြီ ဖြစ်ပါတယ်။ ဒတ်ချ်တွေ အပြင် ဘယ်လ်ဂျီယံ၊ ဖင်လန်၊ အိုင်ယာလန်က သူတချို့ကိုပါ ကယ်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။
ပြန်ရောက်လာသူတွေထဲက တာညာ ဘာ့ရော့ဒ် ဆိုတဲ့ အမျိုးသမီးတစ်ဦးက အခုလို ဆိုပါတယ်။
“ကျွန်မ ဝမ်းလည်းဝမ်းသာသလို တချိန်တည်းမှာလည်း ဝမ်းနည်းမိတယ်။ ဘာဖြစ်လို့လည်းဆို ဒီလောက် နေ့စဉ်နဲ့အမျှ လေကြောင်း တိုက်ခိုက်ခံနေရတဲ့ အဖြစ်ဆိုးကြီးထဲ ကျွန်မ ချစ်ရခင်ရသူတွေ အများအပြားကို ချန်ထားရစ်ခဲ့ရလို့ပါပဲ။ အဲဒီမှာ နေ့စဉ် အပြစ်မဲ့သူတွေ သေဆုံးနေရပါတယ်” ဆိုပြီး ပြောသွားပါတယ်။
ကုလသမဂ္ဂ အဖွဲ့ရဲ့ အဆိုအရ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ကနေ အိမ်နီးချင်း ဆီးရီးယားထဲကို ထွက်ပြေးကြသူတွေ နှစ်သိန်း ကျော်သွားပြီ ဖြစ်ပါတယ်။
လက်ဘနွန်ကနေ ဆီးရီးယားထဲ ခြေလျင် ထွက်ပြေးနေကြရတဲ့ လူတန်းရှည်ကြီး တွေကို မြင်နေရပြီး၊ နှစ်သိန်းကျော် ဆိုတဲ့ အရေအတွက်ဟာ လက်ဘနွန် နိုင်ငံသားတွေရော၊ လက်ဘနွန်ထဲ ရောက်နေတဲ့ ဆီးရီးယားတွေပါ ပါဝင်တယ်လို့ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောပါတယ်။