အစ္စရေးကို အီရန်က ဘယ်မစ်ဇိုင်းတွေ ပစ်ခဲ့သလဲ

မတ် မာဖီ

BBC News

အီရန်က အစ္စရေးကို ရာနဲ့ချီတဲ့ မစ်ဇိုင်းပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်၊ တချို့မစ်ဇိုင်း တွေက အနည်းဆုံးတော့ အစ္စရေးပိုက်နက် နယ်မြေထဲကို ကျရောက်ခဲ့မှာပါ။ အီရန်တို့ အစ္စရေးကို ဒီမစ်ဇိုင်းတိုက်ခိုက်မှု လုပ်ဆောင်တာက ဒီနှစ်အတွင်း ဒုတိယအကြိမ်ပါ။

ပထမအကြိမ်တုန်းက ဧပြီလမှာ ဖြစ်ခဲ့ပြီး အီရန်က အဲဒီတုန်းက ရာနဲ့ချီတဲ့ မစ်ဇိုင်းတွေ၊ ဒရုန်းတွေကို အစ္စရေးဆီကို ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။

အခုတိုက်ခိုက်မှုက ပြီးဆုံးသွားပုံရပြီး အီရန်ဘက်က "အခုလောလောဆယ်မှာ" ထပ်ပြီး ခြိမ်းခြောက်မှုတွေ မလုပ်နိုင်သေးဘူးလို့ အစ္စရေး စစ်အရာရှိတွေက ပြောပေမယ့် ဘယ်လောက်အထိ အစ္စရေးမှာ ထိခိုက်ပျက်စီးသွားသလဲ ဆိုတာက ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒီတိုက်ခိုက်မှုနဲ့ကြောင့် "နောက်ဆက်တွဲ တုံ့ပြန်မှုတွေ" ပြန်ခံရစေမယ်လို့ သတိပေးလိုက်ပါတယ်။

အီရန်မစ်ဇိုင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သိထားသမျှက အခုလိုပါ။

အီရန် တိုက်ခိုက်မှု အတိုင်းအတာက ဘယ်လောက်ရှိလဲ

အစ္စရေးကို အီရန်က မစ်ဇိုင်းအစင်းပေါင်း ၁၈၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။ ဆိုတော့ ဧပြီလတုန်းက မစ်ဇိုင်းတိုက်ခိုက်မှုထက် အခုက ပိုပြင်းထန်ပါတယ်။ အဲဒီတုန်းကတော့ အီရန်က ပဲ့ထိန်းဒုံး ပေါင်း ၁၁၀ နဲ့ ခရုဇ် မစ်ဇိုင်း အလုံး ၃၀ နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေး ရုပ်မြင်သံကြားက ပြသတဲ့ ဗီဒီယိုတွေအရ တချို့ မစ်ဇိုင်းတွေဟာ အင်္ဂါနေ့ ည ဒေသ စံတော်ချိန် ၇ နာရီ ၄၅ မိနစ် မတိုင်လေးခင်အချိန်မှာ တယ်လ်အဗီးမြို့ပေါ် မှာ ဖြတ်သန်းပျံနေတာကို တွေ့ရပါတယ်။

မစ်ဇိုင်းအများစုကို အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်တွေက ဖျက်ချပစ် လိုက်နိုင်တယ်လို့ အစ္စရေး လုံခြုံရေးအရာရှိတယောက်က ပြောပါတယ်။ ဒါပေမဲ့ မစ်ဇိုင်းတချို့က စစ်တပ် အခြေစိုက်စခန်းနေရာတချို့ကို ထိသလို၊ စားသောက်ဆိုင်တွေ၊ စာသင်ကျောင်းတွေကိုလည်း ထိခဲ့တယ်လို့ ဂျေရုဆလင်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်တယောက်က ဆိုပါတယ်။

အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (Islamic Revolutionary Guard Corps - IRGC) ကတော့ သူတို့ ပစ်မှတ်ထားခဲ့တဲ့ နေရာတွေထဲက ၉၀ % ကို ထိခဲ့ တယ် လို့ ပြောပြီး အသံထက်မြန်တဲ့ မစ်ဇိုင်းတွေကို ပထမဆုံးအကြိမ် အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ အစ္စရေး စစ်ရေးအခြေစိုက်စခန်းနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ်လို့ IRGC က ပြောပါတယ်။

အီရန်ရဲ့ မစ်ဇိုင်းတိုက်ခိုက်မှုအတွင်း လူ တယောက် သေဆုံးခဲ့ရတယ်လို့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာရှိတဲ့ ဂျယ်ရီကိုမြို့က ပါလက်စတိုင်း ပြည်သူ့ကာကွယ်ရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။

မြို့အုပ်ချုပ်ရေးမှူး ဟူစိန် ဟမ်မာယယ်နဲ့ မေးမြန်းထားတဲ့ အေအက်ဖ်ပီရဲ့ သတင်းအရ ကျလာတဲ့ ရော့ကက် အပျက်အဆီး အပိုင်းအစတွေ ထိပြီး အဲဒီလူ သေဆုံး ခဲ့ရတာလို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် အပြင်းအထန်ဒဏ်ရာရတာတွေ ရှိတယ်ဆိုတာမျိုး အစ္စရေး အရာရှိတွေက မပြောပေမယ့် လူ ၂ ယောက် ဗုံးစတွေထိပြီး ဒဏ်ရာအနည်းအပါး ရခဲ့ တယ်လို့ အစ္စရေး ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဘာကြောင့် အီရန်က အစ္စရေးကို တိုက်ခိုက်တာလဲ

သူတို့ရဲ့ ထိပ်တန်း တပ်မှူးတွေနဲ့ အီရန်က ထောက်ခံပေးထားတဲ့ ဒေသတွင်း စစ်သွေးကြွအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို အစ္စရေးက သတ်ဖြတ်ခဲ့တဲ့အတွက် လက်တုံ့ပြန်တိုက်ခိုက်တာလို့ အစ္စလာမ်မစ် တော်လှန်ရေး ကာကွယ်ရေး အစောင့်တပ် (IRGC)က ပြောပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့က လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ ဟစ်ဇ်ဘိုလာ အကြီးအကဲ ဟာဆန် နက်ဆရဲလာနဲ့ IRGC တပ်မှူး အာဘက်စ် နေဖိုရောဆန်ကို အစ္စရေးက သတ်ဖြတ်ခဲ့တယ်လို့လည်း သူတို့က ဆိုပါတယ်။

ဇူလိုင်လအတွင်းက တီဟီရန်မှာ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ သတ်ဖြတ်ခံခဲ့ရမှုကိုလည်း သူတို့က ထည့်သွင်းပြောထားပါတယ်။ ဟာနီယာ သတ်ဖြတ်ခံမှုနဲ့ ပတ်သက်လို့ အစ္စရေးက ဝန်ခံတာမျိုး မရှိခဲ့ပေမယ့် ဒါဟာ သူတို့လက်ချက်ပဲလို့ ယုံကြည်သူတွေက အများအပြားပါ။

ဒီ မစ်ဇိုင်းတိုက်ခိုက်မှုကို လုပ်ဖို့အတွက် နိုင်ငံရဲ့ အကြီးအမြတ်ခေါင်းဆောင် အယာ တိုလာ အလီ ခါမေနီ ကိုယ်တိုင်က အမိန့်ပေးခဲ့တာလို့ အီရန် ထိပ်တန်း အရာရှိ တယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အီရန်က အစ္စရေးနိုင်ငံထူထောင်ခွင့်ကို အသိအမှတ်မပြုပါဘူး။ အစ္စရေး ပျက်သုဉ်းရေး အတွက် သူက ရည်မျှော်ထားပါတယ်။ အစ္စရေးကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ဆန့်ကျင်ရေးအဖွဲ့တွေကို အီရန်က ထောက်ပံ့ပေးထားခဲ့တာ နှစ်ပေါင်းအတော်ကြာ ပါပြီ။

အစ္စရေးကလည်း သူတို့ကို အီရန်က ခြိမ်းခြောက်လာနိုင်တယ်လို့ ယုံကြည်ထားပြီး တီဟီရန်အစိုးရ ကို ဆန့်ကျင်တဲ့ လျှို့ဝှက် စစ်ဆင်ရေးတွေကို ဆောင်ရွက်လာတာ နှစ်ပေါင်း အတော် ကြာ လာပါပြီ။

သံအမိုးခုံး စနစ် (Iron Dome) က မစ်ဇိုင်းတွေကို တားဆီးနိုင်လား

အစ္စရေးမှာ အဆင့်မြင့်တဲ့ လေကြောင်းကာကွယ်ရေး စနစ်ရှိပြီး လူသိအများဆုံးက သံအမိုးခုံး စနစ် (Iron Dome)ပါ။ ဒီစနစ်က ဟားမတ်စ်နဲ့ ဟစ်ဇ်ဘိုလာတို့က ပစ်လေ့ ရှိတဲ့ တာတိုပစ် ရော့ကက်တွေကို ကြားဖြတ်ပစ်ချနိုင်ဖို့ ရည်ရွယ် တည်ဆောက် ထားတာပါ။

ဧပြီလတုန်းကလို အီရန်ရဲ့ တိုက်ခိုက်မှုတွေထဲက တချို့ကိုလည်း အစ္စရေးက ဒီစနစ်နဲ့ အသုံးပြု ကာကွယ်ခဲ့ပေမယ့် အင်္ဂါနေ့က မစ်ဇိုင်းအများအပြားနဲ့ တိုက်ခိုက်မှုမှာတော့ ကျန်တဲ့ "အလွှာလိုက်" လေကြောင်းကာကွယ်ရေး စနစ်တွေကိုလည်း အသုံးချခဲ့ရပုံ ရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲထုတ်လုပ်ထားတဲ့ ဒေးဗစ်ရဲ့ လောက်လွှဲ (David’s Sling) လေကြောင်းကာကွယ်ရေး စနစ်က တာလတ်နဲ့ တာဝေးပစ် ရော့ကက်တွေ၊ ပဲ့ထိန်း မစ်ဇိုင်းနဲ့ ခရုဇ် မစ်ဇိုင်းတွေကို ကြားဖြတ်ပစ်ချ နိုင်ပါတယ်။ ကမ္ဘာမြေရဲ့ လေထုလွှာအမြင့်ကို ကျော်ပြီး ပျံနိုင်တဲ့ တာဝေးပစ် ပဲ့ထိန်း မစ်ဇိုင်းတွေဆိုရင်တော့ အစ္စရေးက မြား ၂ (Arrow 2) ၊ မြား ၃ (Arrow 2) ကာကွယ်ရေး စနစ်တွေကို သုံးမှာပါ။

အစ္စရေးရဲ့ မဟာမိတ်တွေက ဘယ်လို တုံ့ပြန်ကြလဲ

ဒီမစ်ဇိုင်းတိုက်ခိုက်မှု အပြီးမှာ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒန်က ဒီတိုက်ခိုက်မှု "ရှုံးနိမ့်သွားပြီ၊ ထိရောက်မှုလည်းမရှိဘူး" လို့ ဆိုကာ အမေရိကန်တို့က အစ္စရေးကို ဆက်ထောက်ခံသွားမယ်လို့ ထပ်ပြီးအာမခံ လိုက်ပါတယ်။

ဒေသတွင်းမှာရှိတဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကိုလည်း "အစ္စရေးရဲ့ ခုခံကာကွယ်မှုကို အကူ အညီပေး" ပြီး အီရန် မစ်ဇိုင်းတွေကို ပစ်ချကြဖို့အတွက်လည်း သူက အမိန့်ပေးခဲ့ ပါတယ်။

အစ္စရေးကို ဦးတည်နေတဲ့ အီရန် မစ်ဇိုင်းတွေကို ဖျက်ချဖို့ အမေရိကန် ရေတပ်ရဲ့ ဖျက်သင်္ဘောတွေကနေ ကြားဖြတ်တိုက်ခိုက်မှု တဒါဇင်လောက် လုပ်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်က ကြားဖြတ် ဖျက်ချမှု "အများအပြား" လုပ်ခဲ့တယ်လို့ အတည်ပြုပြောပြီး ဒါက "အီရန်ရဲ့ ကျူးကျော်တဲ့ အလွန်အကျွံ လုပ်ရပ်"လို့ ဆိုပြီး ရှုတ်ချခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တော်ပေါ်မှာ ကြားဖြတ်ဖျက်ချတာတွေကို ရိုက်ထားတဲ့ ဗီဒီယို တွေကို ဘီဘီစီ စိစစ်ခဲ့ပါတယ်။ ဧပြီလတုန်းက အီရန်တိုက်ခိုက်မှုမှာလည်း ဂျော်ဒန် က မစ်ဇိုင်း တချို့ကို ကြားဖြတ် ပစ်ချခဲ့ဖူးပါတယ်။

ယူကေက တိုက်လေယာဉ်တွေကလည်း ဧပြီလတုန်းကလိုပဲ အင်္ဂါနေ့က အစ္စရေးကို ကူညီခဲ့ကြောင်း ဘီဘီစီက နားလည်ထားပါတယ်။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဂျွန် ဟီလီက အင်္ဂါနေ့ညမှာ ဗြိတိန် တပ်ဖွဲ့တွေက “ထပ်ပြီး စစ်ရှိန်မြင့်လာမှာကို ကာကွယ်တဲ့အနေနဲ့ ကိုယ်လုပ်ပေးရမယ့်ဟာကို လုပ်ပေးခဲ့တယ်” လို့ ပြောပြီး ဘာမှ အသေးစိတ်မပြောပါဘူး။

ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတန်မာက ဗြိတိန်ဟာ အစ္စရေးနဲ့ အတူရပ်တည်ပြီး အစ္စရေး နိုင်ငံရဲ့ "ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်" ကို အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

ပြင်သစ်နဲ့ ဂျပန်တို့ကလည်း အီရန်ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ပါဝင်ပတ်သက်တဲ့ သူတွေအနေနဲ့ နောက်ထပ် အရှိန်မြှင့်မှာတွေကို ရှောင်ရှားကြဖို့ တောင်းဆိုလိုက် ပါတယ်။

နောက် ဘာတွေ ဆက်ဖြစ်လာမလဲ

အီရန်ဟာ "အမှားကြီး" တခုကို လုပ်ခဲ့ပြီ၊ အဲဒီအတွင် "ပြန်လည်ပေးဆပ်" ရတော့ မယ်လို့ နာတန်ညာဟုက ဆိုပါတယ်။

"ကျွန်တော်တို့မှာ အစီအစဉ်တွေရှိတယ်၊ ကျွန်တော်တို့ လုပ်မယ်လို့ ဆုံးဖြတ်တဲ့ အချိန်ကျရင် ကျွန်တော်တို့ လုပ်မှာပါ" လို့ အစ္စရေး စစ်တပ် ပြောခွင့်ရသူ ဒန်နီယယ် ဟက်ဂါရီက ပြောပါတယ်။

အစ္စရေးက ပြန်တုံ့ပြန်ရင် "ပိုပြင်းတဲ့ ပိုပျက်စီးစေမယ့်" လုပ်ဆောင်မှုတွေကို သူတို့ ဘက်က ပြန်လုပ်မယ်လို့ အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC)က ဆိုပါတယ်။

ဒီကာလမှာပဲ ဘေရွတ်မြို့တောင်ပိုင်းက မြို့ခံတွေကို ထွက်သွားကြဖို့ အစ္စရေးက သတိပေးပြီးတဲ့နောက် အင်္ဂါနေ့ညမှာ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။