ယူကရိန်းကို တင့်ကားပစ် အားပျော့ယူရေနီယံကျည်တွေ အမေရိကန်ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းကို စစ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးမယ့် ဒေါ်လာ သန်းတစ်ထောင်ကျော် အကူအညီတွေထဲမှာ တင့်ကားပစ် အားပျော့ ယူရေနီယံကျည်တွေလည်း ပါဝင်တယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုက ပြောလာပါတယ်။
တင့်ကားသံချပ်ကာကို ဖောက်နိုင်လောက်အောင်မာတဲ့ဒီကျည်တွေကို အမေရိကန်ရဲ့ Abrams တင့်ကားတွေမှာ တပ်ဆင်အသုံးပြုမယ့်ဒီအရွေ့ကို ရုရှားဘက်က ရှုတ်ချ ပြောဆိုပါတယ်။
ဒီကျည်တွေဟာ ရေဒီယိုသတ္တိကြွဘေးထွက်ပစ္စည်းတွေကို ဖယ်ရှားထားတဲ့ အင်အားပျော့ ယူရေနီယံနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။
ယူကရိန်းရဲ့စျေးလမ်းတစ်ခုကို ရုရှားက ဒုံးကျည်နဲ့ပစ်ခတ်လို့ လူပေါင်း ၁၇ ဦးသေဆုံးခဲ့တယ်လို့ဆိုပြီး ရုရှားကို ယူကရိန်းက စွပ်စွဲမှုအပြီးမှာပဲ အမေရိကန်ဘက်က အခုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
မော်စကိုမြို့ အနီးက ရိုစတော့အွန်ဗွန်မြို့မှာ ယူကရိန်းက ပြုလုပ်တယ်လို့ ယူဆရတဲ့ဒရုန်းတိုက်ခိုက်မှုတွေ ညလုံးပေါက် ဖြစ်ပွားထားပါတယ်။
ရိုစတော့မြို့လယ်က ပေါက်ကွဲမှုတစ်ခုကို ရိုက်ကူးထားတယ်လို့ ယူဆရတဲ့ဗီဒီယိုတစ်ခုထွက်ပေါ်လာပြီး မြို့တော်ဝန်ကလည်း မြို့လယ်မှာ လူတစ်ဦးမစိုးရိမ်ရဒဏ်ရာရကာ ကားအတော်များများ ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
မြို့ကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှု ၂ ခုရှိခဲ့ပြီး အဲဒီဒရုန်း ၂ စင်းစလုံးကို ပစ်ခတ်ခဲ့တယ်လို့ သူကပြောပါတယ်။
မော်စကိုမြို့တော်ဝန် ဆာဂေး ဆာဘီယာနင်ကတော့ ရာ့မန်စကွယ်ယာမြို့ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဒရုန်းတစ်စင်းကိုလည်း ပစ်ချခဲ့ပြီး ပျက်စီးမှု မရှိဘူးလို့ပြောပါတယ်။
ရုရှားဘက်က အခုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူကရိန်းမြို့တော် ကိယက်ဗ်ဆီကို အမေရိကန်ထိပ်တန်းသံတမန်၊ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ခရီးစဥ်အပြီးမှာ အမေရိကန်က ပေးမယ့်လုံခြုံရေးအကူအညီသစ်ကြေညာချက်ထွက် ပေါ်လာတာဖြစ်ပြီး ရုရှားကတော့ ဒီခရီးစဥ်ကို ဒေါသနဲ့တုံ့ပြန်ပါတယ်။
တင့်ကားပစ် ၁၂၀ မမ ဒီကျည်တွေဟာ ယူကရိန်းကို အမေရိကန်က ပေးမယ့် ဒေါ်လာ ၁၇၅ သန်းတန် စစ်ရေးကိရိယာတွေထဲ ပါဝင်ပြီး အခုနှစ်နှောင်းပိုင်းမှာ ယူကရိန်းကို ပို့မယ် M1 Abrams တင့်ကားတွေအတွက်ဖြစ်ပါတယ်။
ကျည်တွေကို အင်အားပျော့ ယူရေနီယံနဲ့ပြုလုပ်တာဖြစ်ပြီး အဲဒီအားပျော့ ယူရေနီယံဟာ နျူကလီးယားလောင်စာ ဒါမှမဟုတ် လက်နက်အတွက် အသုံးပြုတဲ့ သဘာဝယူရေနီယံကို သန့်စင်ချိန်ထွက်ပေါ်လာတဲ့ စွန့်ပစ်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။
ဒီအင်အားပျော့ ယူရေနီယံဟာ နျူကလီးယားဓာတ်ပြုမှု မဖြစ်သလို သဘာဝယူရေနီယံထက်လည်း ရေဒီယိုဓာတ်ကြွမှုနည်းတယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီက ယူဆထားပါတယ်။
အင်အားပျော့ ယူရေနီယံကို တင့်ကားတွေရဲ့ သံချပ်ကိုယ်ထည်ကို ခိုင်ခံ့ဖို့ အသုံးပြုသလို တိုက်ပွဲသုံးတင့်ကားသံချပ်ကို ဖောက်နိုင်စွမ်းနဲ့ သိပ်သည်းဆ အလွန်ထူထပ်တာကြောင့် လက်နက်အဖြစ် အသုံးပြုကြတဲ့အထိလည်း မျက်စိကျကြပါတယ်။
ဒီကျည်အမျိုးအစားတွေဟာ သံချပ်ကို ဖောက်ထွန်းနိုင်စွမ်းပိုမြင့်ပြီး ထိပြီးတဲ့နောက် ပေါက်ကွဲတာကြောင့် တိုက်ဆောင့်အားလည်းရှိပါတယ်။
ယူရိန်းမှာရှိတဲ့ Challenger 2 တင့်ကားတွေအတွက် အင်အားပျော့ ယူရေနီယံကျည်တွေကို ပို့မယ်လို့ ဗြိတိန်က ပြီးခဲ့တဲ့မတ်လတုန်းက ပြောခဲ့တုန်းကလည်း ရုရှားဘက်က ဒေါသနဲ့တုံ့ပြန်ခဲ့ဖူးပါတယ်။
ဒီကျည်တွေမှာ ''နျူကလီးယားအစိတ်အပိုင်း''ပါဝင်နေတယ်လို့ သမ္မတ ပူတင်က ပုံဖော်ပြောတုန်းကတော့ ဗြိတိသျှကာကွယ်ရးဝန်ကြီးက တင့်ကားပေါက် ဒီကျည်တွေကို အသုံးပြုနေတာ ဆယ်စုနှစ်နဲ့ချီနေပြီဖြစ်ပြီး မော်စကိုဘက်က သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်နေတာလို့ စွပ်စွဲပြောဆိုပါတယ်။
ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုလေ့လာရေးဆိုင်ရာ ကုလသမဂ္ဂသိပ္ပံကော်မတီကတော့ အင်အားပျော့ယူရေနီယံနဲ့ထိတွေ့လို့ အဆိပ်အတောက်သင့်မှု ဖြစ်ပွားတယ်ဆိုတာကို မတွေ့ရဘူးလို့ပြောပေမဲ့ ကုလသမဂ္ဂအနုမြူစွမ်းအင်အေဂျင်စီ IAEA ကတော့ အင်အားပျော့ ယူရေနီယံသုံးကျည် အပျက်အစီးတွေကို ကိုင်တွယ်မိတဲ့သူတွေဟာ ဓာတ်ရောင်ခြည်သင့်နိုင်တဲ့အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။
အမေရိကန်ရဲ့ အခုဆုံးဖြတ်ချက်ဟာ အင်အားပျော့ယူရေနီယံသုံးထားတဲ့ ဘယ်လိုခဲယမ်းမီးကျောက်ကိုမှ ယူကရိန်းကို ပို့မှာမဟုတ်ဘူးဆိုတဲ့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ မတ်လတုန်းက ပြောဆိုချက်နဲ့ ဖီလာဆန့်ကျင်နေပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးကတော့ ယူကရိန်းကို အခုကျည်တွေပို့မယ်ဆိုတာဟာ ဒီကျည်တွေကသာ Abrams တင့်ကားတွေနဲ့အကိုက်ဆုံးဆိုပြီး စဥ်းစားမိတာကြောင့် ဆုံးဖြတ်လိုက်တာလို့ဆိုပြီး ပေါ်လက်တီကို သတင်းစာမျက်နှာကို ပြောထားပါတယ်။
အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ခါဘီကတော့ ဒီကျည်တွေဟာ ''အဆန်းတကျယ်မဟုတ်တဲ့လက်နက်ခဲယမ်း''လို့ ရည်ညွှန်းပါတယ်။
အမေရိကန်ဟာ တင့်ကားဖျက်စနစ်၊ ဗျူဟာမြောက်လေကြောင်းပျံသန်းစနစ်နဲ့ Himars ဒုံးကျည်တွေမှာအသုံးပြုမယ့် ခဲယမ်းမီးကျောက်တွေကို အကူအညီပေးမှာဖြစ်ပါတယ်။
‘‘ဒီအထောက်အပံ့အသစ်ဟာ အရှိန်မပြတ်စေဘဲ နောက်ထပ်အရှိန်အဟုန်မြင့်အောင် ဖန်တီးနိုင်မှာဖြစ်တယ်’’လို့ မစ္စတာ ဘလင်ကန်က ပြောပါတယ်။
ဝါရှင်တန်မြို့မှာရှိတဲ့ ရုရှားသံရုံးကတော့ အခုဆုံးဖြတ်ချက်ဟာ '' လူသားမဆန်တဲ့ညွှန်းပြချက်တစ်ခု'' ဖြစ်ပြီး အမေရိကန်ဟာ ‘’တန်ပြန်ထိုးစစ်လို့ ယူကရိန်းဘက်က ပြောနေတဲ့ ထိုးစစ်မှာ ယူကရိန်းစစ်တပ်ရဲ့ကျဆုံးနေမှုကို လက်မခံနိုင်ဘဲဖြစ်နေတာ’’ လို့ ပြောပါတယ်။
ဇွန်လကတည်းက စတင်တဲ့ တန်ပြန်ထိုးစစ်မှာ ယူကရိန်းဟာ နယ်မြေထိန်းချုပ်မှုအနည်းငယ်သာလုပ်ထားနိုင်ပေမဲ့ ယူရိန်းဗိုလ်ချုပ်တွေကတော့ တောင်ပိုင်းက ရုရှားရဲ့ရှေ့တန်းခံစစ်လိုင်းကို ထိုးထောက်နိုင်ပြီလို့ ပြောထားပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကတော့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဒွန်ညက်ဒေသက ခေါ်စတီယန်ထိနီဖခါမြို့မှာ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားလို့ ကလေးတစ်ဦးအပါအဝင်လူပေါင်း ၁၇ ဦးသေဆုံးခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ဒီတိုက်ခိုက်မှုဟာ မော်စကို လက်ချက်လို့ အပစ်ဖို့ပေမဲ့ ရုရှားဘက်ကတော့ မှတ်ချက်တစုံတရာ မပေးသေးပါဘူး။








