ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မီရှဲအိုဘားမားရဲ့ စာအုပ်အသစ်
သူ့ရဲ့အသွင်အပြင်နဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာမကောင်းမြင်တဲ့စိတ်၊ စိုးရွံ့စိတ်တွေကို ကျော်လွှားဖို့အတွက် တော်တော်ကြိုးစားရုန်းကန်ရတယ်လို့ မီရှဲအိုဘားမားက ဝန်ခံပြောကြားပါတယ်။ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်လေးစားစိတ်ရှိလာအောင် လေ့လာသင်ယူသင့်တယ်လို့လည်း သူကဆိုပါတယ်။
သူပုံကိုသူမကြိုက်တဲ့စိတ်ဟာ တချိန်လုံးဖြစ်ပေါ်နေတယ်လို့ မီရှဲအိုဘားမားက သူရေးတဲ့စာအုပ် အသစ်ထဲမှာ ဖွင့်ဟဝန်ခံထားပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းလမ်းကို သူတွေ့ထားတယ်လို့ BBC Breakfast အစီအစဉ်ကို သူကပြောကြားပါတယ်။
“ကျွန်မကြိုးစားနေဆဲဖြစ်ပါတယ်။ မနက်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်စိတ်ပေါ်ပေါက်လာအောင် ကြိုးစားရတာဟာ စိန်ခေါ်မှုတရပ် ဖြစ်နေဆဲပါ။ စာအုပ်ထဲမှာရေးထားသလိုပါပဲ။ နေ့စဉ်နေ့တိုင်းမှာ ကျွန်မဟာ အပြုသဘောဆောင်တဲ့ နှုတ်ခွန်းဆက်စကားနဲ့ ကိုယ့်ကိုယ်ကိုယ် နှုတ်ဆက်ပါတယ်။
ကျွန်မတို့အများအပြား အထူးသဖြင့် အမျိုးသမီးတွေဟာ ကိုယ့်ပုံရိပ်ကိုယ်ကြည့်ပြီး လက်မခံနိုင်တာဟာ သိပ်ဆိုးပါတယ်။ ကိုယ်ပုံရိပ်ကိုယ်ဆုတ်ဖြဲပစ်ပြီး ဘာတွေမှားနေသလဲလို့ စဉ်းစားမိတတ်ပါတယ်” လို့သူက ဆိုပါတယ်။
ဒါဟာ စိတ်မသက်မသာဖြစ်ရတာတွေ၊ စိတ်မချမ်းမမြေ့ဖြစ်ရတာရဲ့ အဓိကအကြောင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချစ်ရမလဲဆိုတာကိုမှ မသိရင် သူများကို ဘယ်လိုလုပ်ချစ်နိုင်တော့မှာလဲ။ ဒါ့ကြောင့် နေ့စဉ်နေ့တိုင်းမှာ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ကြိုးစားပါတယ်။
မီရှဲအိုဘားမားဟာ အသက် ၅၈ နှစ်ရှိပါပြီ။ အိုဘားမားသမ္မတဖြစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၇ သူ့ခင်ပွန်းနဲ့အတူ အိမ်ဖြူတော်မှာ နေထိုင်ခဲ့ပါတယ်။
သူ့စာအုပ်ဖြစ်တဲ့ ကျွန်မတို့သယ်ဆောင်ခဲ့တဲ့အလင်းရောင် The Light We Carry အတွက် ဘီဘီစီသတင်းထောက် နာဂါမန်ချက်တီက “ရှင်ဟာအစွမ်းသတ္တိရှိတဲ့အမျိုးသမီးတယောက်ပါပဲ။ ရှင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့အမျိုးသမီးလို့ အများကမြင်ကြပါတယ်။ ရှင်ဟာ တော်တယ်။ ထက်မြက်တယ်။ ရှင်တောင် အဲသလို ခံစားရရင် ကျန်တဲ့အမျိုးသမီးတွေ ဘယ်လိုဖြစ်မလဲ” လို့မေးမြန်းခဲ့ပါတယ်။
“ကျွန်မပြောချင်တာလည်း အဲဒါပါပဲ။ ကျွန်မတို့အားလုံးမှာ နှစ်ပေါင်းများစွာစိတ်ထဲစွဲနေတဲ့ အဆိုးမြင်စိတ်တွေရှိနေတတ်ပါတယ်။ အထူးဖြင့် လူဖြူမဟုတ်တဲ့ အမျိုးသမီးတွေမှာပါ။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ ရောင်ပြန်ဟပ်ထင်ရှားမလာတာကို တွေ့နေရပါတယ်။”
ကျွန်မတို့ရဲ့အခြေအနေဟာ ပိုကောင်းလာပါပြီ။ အခြေအနေဟာပိုတိုးတက်လာပါပြီ။ ဆရီနာဝီလျံနဲ့ ဗီးနပ်ဝီလျံတို့ အောင်မြင်လာတဲ့အချိန်မတိုင်မီ အမျိုးသမီးဘတ်စကတ်ဘောအသင်းချုပ် WNBA ထူထောင်တဲ့အချိန်မတိုင်မီကတည်းက အရပ်ရှည်တဲ့လူမည်းအမျိုးသမီးတွေရဲ့ အခြေအနေဟာ တိုးတက်ကောင်းမွန်လာနေပါပြီ။
စိုးရွံ့စိတ်ကိုရင်ဆိုင်ပုံ
လူ့သဘာဝအလျောက်ပေါ်ပေါက်လာတတ်တဲ့ စိုးရွံ့စိတ်ကို ကိုင်တွယ်ဖြေရှင်းပုံဟာ အရေးပါကြောင်းလည်း သူကပြောပါတယ်။
“လူတယောက်ဟာ ကြောက်ရွံ့စိတ်ကို ထိန်းချုပ်နိုင်သွားရင် ကြောက်ရွံ့စိတ်နဲ့ယဉ်ပါးသွားပါလိမ့်မယ်။ တကယ်အန္တရာယ်ပေးနိုင်တဲ့ကိစ္စတွေကို ကြောက်ရွံ့ပါ။ ဒါပေမဲ့ ကြောက်ရွံ့စိတ်ကို ကျော်လွှားပြီး ရှေ့ဆက်နိုင်ဖို့အတွက် တံခါးဖွင့်ထားဖို့လိုပါတယ်။ ကြောက်ရွံ့စိတ်ဖြစ်ပေါ်ခြင်းရဲ့ တခြားတဖက်မှာ စွမ်းအားကြီးမားတဲ့ တကယ့်အင်အားရှိပါတယ်။ ဒီနေ့မှာ ကျွန်မဒီလိုဖြစ်လာတာဟာ ကြောက်စိတ်ကိုငုံ့ခံပြီးနေသာသလို မနေခဲ့လို့၊ ကျွန်မကို တွန့်ဆုတ်စေမဲ့ အရာတွေကို ရင်ဆိုင်ခဲ့လို့ပါပဲ။” လို့သူကဆိုပါတယ်။
အိုဘားမားက သမ္မတနေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ချင်တယ်လို့ ပြောတဲ့အချိန်ဟာ သူ့ဘဝမှာ အစိုးရိမ်အပူပန်ဆုံးပါလို့ ဆိုပါတယ်။
“ကျွန်မရဲ့စိုးရွံ့မှုရာဇဝင်ကိုပြောင်းလဲစေခဲ့တဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်ပါပဲ” လို့သူကရေးသားခဲ့ပါတယ်။ အိုဘားမားရဲ့ သမ္မတပြိုင်ပွဲကို အားပေးထောက်ခံမှုပေးခဲ့ရတာဟာ ယုံကြည်စိတ်ကို တဆင့်တိုးမြင့်တက်စေခဲ့တဲ့အတွက် လုံးဝထိုက်တန်တဲ့ဆောင်ရွက်ချက်ပါပဲလို့ ဘီဘီစီကို သူက ပြောခဲ့ပါတယ်။
“ကျွန်မဟာ လူမည်းပေါင်းများစွာရဲ့အမွေကိုဆက်ခံကြီးပြင်းခဲ့ရတာပါ။ အထူးသဖြင့် အမေရိကန်လူမည်း အဘိုးအဘွားတွေရဲ့ အမွေကို ဆက်ခံကြီးပြင်းခဲ့ရတာပါ။”
သူ့ရဲ့အဘိုးအဘွားတွေဟာ ဘဝမှာ သူတို့နဲ့မတူတဲ့လူတွေကို ကြောက်ရွံခဲ့ကြရပါတယ်။
လူမည်းတွေစိုးရိမ်ထိတ်လန့်ရတဲ့ခေတ်မှာ သူတို့ကြီးပြင်းခဲ့ကြရပါတယ်။ လူမည်းတယောက်ဟာ ပတ်ဝန်းကျင်မကောင်းတဲ့နေရာကိုရောက်သွားရင်၊ မသင့်တော်တဲ့အချိန်မှာရှိနေခဲ့ရင်၊ မသင့်တော်တဲ့ နေရာမှာရောက်နေခဲ့ရင် ၊ မကြည့်သင့်တဲ့အကြည့်မျိုးနဲ့ကြည့်လိုက်မိရင် အသက်တောင်ဆုံးရှုံးသွားမှာ ကြောက်ရွံ့ရတဲ့ ခေတ်လို့ မီရှဲအိုဘားမားကဆိုပါတယ်။
ဒါ့ကြောင့် သူ့အဘိုးအဘွားတွေရဲ့ အသိုင်းအဝိုင်း သူ့အဘိုးအဘွားတွေရဲ့ ကမ္ဘာဟာ ကျဥ်းသထက်ကျဉ်းပြီး သေးသထက်သေးငယ်လာပါတယ်။ သူတို့ဟာ ဘယ်သူ့ကိုမှ မယုံကြည်နိုင်ဘဲ ဖြစ်လာတယ်။ သူတို့ဟာလူစိမ်းတွေနဲ့ အဆက်အသွယ်ဖြတ်လာလိုက်တာ သူတို့ဆရာဝန်ကိုတောင် မသိတဲ့အထိဖြစ်လာပါတယ်။ အဲဒါကြောင့် သူ့ဘိုးဘွားထဲက တယောက်ဟာ အဆုပ်ကင်ဆာဖြစ်နေတာကိုတောင် မသိလိုက်တဲ့ ဘဝရောက်သွားခဲ့ပါတယ်။
“ဒါဟာ ပုံစံသေထဲမှာ ပိတ်မိခဲ့တဲ့ အကောင်းဆုံးနမူနာတခုလို့ ကျွန်မသတ်မှတ်ခဲ့ပါတယ်။ ကျွန်မတို့နဲ့ မတူတဲ့လူတွေကို တွေ့ဆုံရမှာ နားလည်ရမှာကို ကြောက်ရွံ့ခဲ့ကြတာပါ။”
သူတို့ရဲ့ကမ္ဘာလောကဟာ ကျဉ်းမြောင်းသွားပြီး သတင်းမှားတွေ၊ သီအိုရီမှားတွေကို ယုံလွယ်သူတွေဖြစ်လာကြပါတယ်။
ကျွန်မတို့နဲ့ မတူတဲ့သူတွေကို ကြောက်ရွံ့လာပါတယ်။ ဒါဟာကောင်းမွန်တဲ့ပတ်ဝန်းကျင် အနေအထားမဟုတ်ပါဘူး။
အမှားလုပ်ခဲ့မိကြသလား
သူတို့ဟာ ဒီကမ္ဘာကြီးပေါ်မှာ ဘာမှ အရေးမပါတဲ့လူတွေပါလို့ခံစားနေရတဲ့လူတွေဟာ တနေ့တခြား ပိုပိုများလာနေတယ်လို့ သူကဆိုပါတယ်။ သမ္မတအိုဘားမားလက်ထက်ကနေ သမ္မတဒေါ်နယ်ထရမ့် လက်ထက်ကူးပြောင်းချိန်မှာလည်း သူ့အနေနဲ့ထိခိုက်နာကျဉ်ခဲ့ရပါတယ်။ သူတို့လုပ်ခဲ့တာ မှန်ကန်ရဲ့လား။ သူတို့အမှားများလုပ်ခဲ့မိသလားလို့ပြန်စဉ်းစားခဲ့ရတယ်လို့ သူကဆိုပါတယ်။ သူတို့ဟာအမှားလုပ်ခဲ့မိတာတော့ မဖြစ်တန်ရာဘူး။ သူတို့ဟာ ကောင်းသင့်သလောက်ကောင်းအောင် မလုပ်နိုင်ခဲ့တာသာဖြစ်ကောင်းဖြစ်မယ်လို့ သူကဆိုပါတယ်။
“ရှစ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ အားလုံးကိုပြုပြင်ပြောင်းလဲဖို့ဟာ မဖြစ်နိုင်ပါဘူး။ အပြောင်းအလဲဆိုတာ အဲသလို လုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး။ ဒါပေမဲ့ကျွန်မတို့ဟာ သဲပေါ်မှာ အရာထင်အောင် လုပ်ခဲ့ပြီ။ ရာဇဝင်ဘီးကိုနည်းနည်းရှေ့တိုးအောင်လှိမ့်ပေးခဲ့ပြီ။ ဒါပေမဲ့ ရာဇဝင်ဘီးဆိုတာကလည်း အထက်ကိုမှန်မှန်မြင့်တက်နေတဲ့အရာ မဟုတ်ပြန်ပါဘူး။ အတက်ရှိသလို အကျလည်းရှိပြီး ရပ်တန့်နေတဲ့ကာလတွေလည်း ရှိပါတယ်။ ဒါဟာ ပြောင်းလဲမှုဖြစ်စဉ်ရဲ့ သဘာဝပါပဲ။”
“ဒီနေ့ကျွန်မတို့လုပ်ခဲ့တာဟာ နောက်မျိုးဆက်ကို ခွန်အားပေးခဲ့တာပါပဲ။”
မီရှဲအိုဘားမားဇနီးမောင်နှံဟာ အခုအခါ အိုဘားမားဖောင်ဒေးရှင်းကို ဦးဆောင်နေပါတယ်။ သူတို့ဖောင်ဒေးရှင်းရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာကြီးပြောင်းလဲလာအောင် လူတွေအချင်းချင်း ချိတ်ဆက်ပေးဖို့၊ စိတ်ခွန်အား၊ ရုပ်ခွန်အားပြည့်ဖြိုးလာအောင် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။