ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘန်ကောက်ပစ်ခတ်မှု - ခွင့်လွှတ်ပေးဖို့ တောင်းခံတဲ့ သေနတ်သမားရဲ့ မိဘတွေ
ဘန်ကောက်ပစ်ခတ်မှု က သေနတ်ပစ်ခတ်သူ လူငယ်ရဲ့ ဖခင် က မြန်မာနိုင်ငံသား မမိုးမြင့်အတွက် စျာပနအခမ်းအနားလုပ်ဖို့ ပြင်ထားတဲ့ ဘုန်းကြီးကျောင်းမှာ သောကြာနေ့က တက်ရောက်ဂါရဝပြုခဲ့ပါတယ်။
မမိုးမြင့်ရဲ့ ရုပ်အလောင်း ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ နထွန်ဘူရီ က ဘုန်းကြီးကျောင်းတစ်ခုမှာ ထားရှိထားတာဖြစ်ပါတယ်။
ပစ်ခတ်သူလူငယ်ရဲ့ ဖခင်က မမိုးမြင့် ရဲ့ အလုပ်ရှင် နဲ့ မိသားစု ကို တောင်းပန်စကားဆိုခဲ့ပြီး သားဖြစ်သူရဲ့ လုပ်ရပ်အပေါ် တုန်လှုပ်ချောက်ချား နေခဲ့တာကြောင့် တောင်းပန်မှုတွေနောက်ကျခဲ့ရကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
သူတို့အနေနဲ့ အခု ဖြစ်ရပ်ကနေ ရလာမယ့် အကျိုးအပြစ်တွေကို ကျေကျေနပ်နပ် လက်ခံပါမယ်လို့ ပြောခဲ့ကြောင်း ထိုင်းမီဒီယာတွေက ရေးပါတယ်။
မမိုးမြင့် ရဲ့ စျာပန ကိုတော့ အောက်တိုဘာ ၈ ရက် မှာ ဘန်ကောက်မြို့ က ဝတ်ဖာဆက် ဘုန်းကြီး ကျောင်းမှာပြုလုပ်မှာ ဖြစ်ပြီး မွန်ပြည်နယ် မှာ သထုံမြို့နယ် မှာ နေထိုင်တဲ့မိခင်ဖြစ်သူ က သမီးဖြစ်သူ ဘန်ကောက်ပစ်ခတ်မှုမှာ ကြွေလွင့်ခဲ့ရတဲ့ မမိုးမြင့် ရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်နှုတ်ဆက်ဖို့ ရှိနေတယ်လို့ နီးစပ်သူတချို့က ပြောပါတယ်။
မမိုးမြင့် ရဲ့ အလုပ်ရှင်ကတော့ မိဘအပေါ်သိတတ်ပြီး ရိုးသားကြိုးစားတဲ့ သူ့ရဲ့ ဝန်ထမ်း အခုလို သေဆုံးရတဲ့အပေါ် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ပြောထားပြီး သူ့ ဝန်ထမ်းရဲ့ မိခင်ဖြစ်သူကို မမိုးမြင့်ရှိစဥ်က ထောက်ပံ့သလို လစဥ် ဘတ်တစ်သောင်း ( ကျပ် ၁၀ သိန်းခန့် ) ကိုယ်စားထောက်ပံ့သွားမယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်သူကိုလည်း ဥပဒေ နဲ့ အညီအရေးယူဖို့တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံသားတစ်ဦး အပါအဝင် လူ ၂ ဦး သေဆုံးခဲ့တဲ့ ဘန်ကောက်ပစ်ခတ်မှု ကို ကျူးလွန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် လူငယ်သေနတ်သမားရဲ့ မိဘတွေက ခွင့်လွှတ်ပေးဖို့ တောင်းခံစာလည်းထွက်ပေါ်လာပါတယ်။
လူငယ် ရဲ့ ဖခင်ဖြစ်သူ က ထိုင်းမီဒီယာတွေကို ပေးပို့တဲ့ စာထဲမှာ သူတို့မိသားစုအနေနဲ့ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အာဏာပိုင်တွေနဲ့ အတူ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
အာရှမှာ ကမ္ဘာလှည့်ခရီးသည် နဲ့ လည်ပတ်စျေးဝယ်သူတွေ လည်ပတ်မှု အများဆုံး ဈေးဝယ်စင်တာတွေထဲက တစ်ခုဖြစ်တဲ့ ဆီယမ်ပါရာဂွန် ရှော့ပင်းစင်တာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က သေနတ်ပတ်ခတ်မှုဖြစ်ခဲ့ပြီး ကျူးလွန်သူ အသက် ၁၄ နှစ်အရွယ် လူငယ်ကို ပုဒ်မ ၅ ခု နဲ့ တရားစွဲဆိုထားပါတယ်။
ဒါပေမဲ့ လက်ရှိအချိန် အထိ သူ့ရဲ့ စိတ်ကျန်းမာရေး အပါအဝင် တခြားစစ်ဆေးမှုတွေလုပ်နေပြီး သူဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
လူငယ်ရဲ့ မိဘတွေရေးသားထားတဲ့ စာထဲမှာ သူတို့ရဲ့ သားဟာ အခုအခါမှာ လူငယ်ထိန်းသိမ်းရေးစခန်းကို ရောက်နေပါပြီလို့ "လေးနက်တဲ့ နောင်တရမှု" လို့ သုံးနှုန်းထားတဲ့စာထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သေဆုံးသူတွေ၊ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ဒဏ်ရာရသူတွေကို အလေးအနက် တောင်းပန်ပါတယ် လို့ ရေးသားဖော်ပြထားပါတယ်။
အများပြည်သူတွေ၊ ခရီးသွားတွေ၊ စီးပွားရေးလုပ်ငန်းတွေ နဲ့ ဆိုင်ပိုင်ရှင်တွေ၊ အခင်းဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်သူတွေ သာမက အနီးနားက ဘေးလွတ်ရာကို ကြောက်လန့်တကြားပြေးလွှား ထွက်ပြေးခဲ့ရတဲ့ သူတွေအားလုံးကိုလည်း တောင်းပန်ပါတယ်လို့ ပြောထားပါတယ်။
ထိုင်း၊ တရုတ်၊ မြန်မာ ၊ လာအို နိုင်ငံသားတွေ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ရဲတွေ၊ အစိုးရအရာရှိတွေနဲ့ ဒီဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့သူအားလုံးနဲ့ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေ အားလုံးအတွက် လေးနက်စွာ တောင်းပန်တယ်လို့ လည်း ဖော်ပြထားပါတယ်။
'' ဒီဖြစ်ရပ်ကြောင့် ကျွန်တော်တို့ တုန်လှုပ်ဝမ်းနည်းရသလို ဒီအတွက် အကောင်းဆုံးတာဝန်ယူသွားပါမယ် '' လို့ လူငယ်ရဲ့ ဖခင်ဖြစ်သူက ပြောထားပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ မိဘတွေကလည်း ထိန်းသိမ်းရေးစခန်းရောက်နေတဲ့ သူ့တို့ကလေးငယ်ကို အာမခံနဲ့ ထုတ်တာမျိုးရော တောင်းဆိုတာမျိုးပါ မရှိပါဘူး။
ကျူးလွန်သူလူငယ်ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ခံစားခဲ့ရသူ လို့ ရိုက်တာသတင်းမှာ ပြောထားပြီးလက်ရှိမှာတော့ သေနတ်ရောင်းချခဲ့သူ ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်က ဖမ်းဆီးထားပါတယ်။
သေနတ်ရောင်းချသူတွေဟာ ကျည်ဗလာနဲ့ပစ်ရတဲ့ သေနတ်ကို ပြုပြင်ပြီး ကျည်အစစ်ထည့်ပစ်လို့ရတဲ့ သေနတ်အဖြစ် ရောင်းချနေတာ ဖြစ်ပါတယ်။